close
Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်ခရိုင်တွင် KNLA တပ်မဟာ(၄)နှင့် KTLA တိုက်ပွဲဖြစ်နေ

ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင် မြန်မာ – ထိုင်းနယ်စပ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)နှင့် ကော်သူးလေတပ်မတော်(KTLA)တို့ တိုက်ပွဲ ဖြစ်ပွားနေကြောင်း KNU ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

KNLA ရဲဘော်များ။ ဓာတ်ပုံ - CJ

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင် မြန်မာ – ထိုင်းနယ်စပ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)နှင့် ကော်သူးလေတပ်မတော်(KTLA)တို့ တိုက်ပွဲ ဖြစ်ပွားနေကြောင်း KNU ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

KNLA တပ်မဟာ(၄)တပ်ဖွဲ့များကို မကြာခဏ ကြားဖြတ်တိုက်ခိုက်မှု ပြုလုပ်နေသည့် ဗိုလ်အယ်ခွီး ခေါ် ဗိုလ်ကော်လာဖိုးဦးဆောင်သည့် KTLA တပ်ဖွဲ့ကို ဩဂုတ် ၁၉ရက်တွင် စတင် တိုက်ခိုက်ခဲ့ရာ ယနေ့(ဩဂုတ် ၂၇ရက်)အထိဟု ပဒိုစောအယ်နားက ပြောသည်။

Public Service Announcement

Public Service Announcement

“အခု ကျနော်တို့ အဖွဲ့နဲ့ KTLA တပ်ခွဲ(၁)တို့အဖွဲ့က သူတို့စခန်းမှာ သူတို့ကထွက်ပြေးသွားကုန်ခါနီးပြီ။သူတို့ စခန်းက နယ်စပ်မှာ”ဟု ပဒိုစောအယ်နားက ပြောသည်။

ထိုင်း – မြန်မာနယ်စပ် ထီးခီးဒေသ တောင်ဘက်ရှိ ဗိုလ်စလုံးတပ်ဖွဲ့အခြေစိုက်နေသည့် KTLA တပ်စခန်း နှစ်ခုကို KNLAက ဩဂုတ် ၂၁ရက်တွင် သိမ်းပိုက်ခဲ့ဟု သတင်းဌာနအချို့က ဖော်ပြထားသည်။

ယင်းနှင့်ပတ်သက်ပြီး ပဒိုစောအယ်နားထံ မေးမြန်းရာ မှန်ကန်ကြောင်း ပြန်လည်ဖြေကြားသည်။

ဗိုလ်စလုံးနှင့် KTLA တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ

ဗိုလ်စလုံးသည် ယခင်က KNLA တပ်မဟာ(၆) ဒူးပလာယာခရိုင်အတွင်းရှိ ဆင်ဖြူ စစ်ကြောင်း၏ စစ်ကြောင်းမှူးတစ်ဦးဖြစ်ပြီး မကြာမီက တပ်မဟာ(၄)ဘက်သို့ ပြောင်းရွှေလာသူဖြစ်သည်။ ဗိုလ်စလုံးသည် ယခင်က DKBA တပ်မှူးတစ်ဦးဖြစ်ပြီး ၂၀၂၂တွင် ဗိုလ်ချုပ်စောနယ်ဒါးမြလက်အောက်သို့ ဝင်ရောက်ပူးပေါင်းခဲ့သည်။ နောက်ပိုင်းတွင် ဗိုလ်ချုပ်စောနယ်ဒါးမြကို KNDO စစ်ဦးစီးချုပ်ရာထူးမှ ဖယ်ရှားပြီး အဖွဲ့မှ ထုတ်ပယ်ခဲ့ရာ KTLAကို ထူထောင်ခဲ့သည်။ထိုသို့ ထူထောင်ရာတွင်လည်း KTLA လက်အောက်တွင် ဗိုလ်စလုံးက တာဝန်ယူခဲ့ခြင်းဖြစ်သည်။

ဗိုလ်စလုံး တပ်မဟာ(၄)နယ်မြေသို့ ပြောင်းရွှေလာပြီးနောက် ရုပ်သံမှတဆင့် PDFများ လာပူးပေါင်းနိုင်ကြောင်း ဖိတ်ခေါ်ထားသကဲ့သို့ တပ်မဟာ(၄)က PDFများကို လိမ်ညာလှည့်စားနေကြောင်း စွပ်စွဲထားသည်။ ထို့ပြင် KTLAတပ်ကို KNLAက လာရောက်တိုက်ခိုက်နိုင်ကြောင်းလည်း ဗိုလ်စလုံးက ရုပ်သံတွင်ပြောကြားခဲ့သည်။

“ဘယ်အချိန်တိုက်မလဲတော့ မသိဘူး။ကျနောတို့ကလည်း သူတို့ကို မတိုက်ချင်ဘူး။ သူတို့လာတိုက်ပြီဆိုရင် တော့ ကျနော်တို့လည်း တိုက်ရမှာပဲ” ဟု ဗိုလ်စလုံးက ပြောကြားခဲ့သည်။

ထိုသို့ မတိုက်ခိုက်ပါက ပြေးစရာမရှိကြောင်း၊ ထိုင်းဘက်သွားပါက ထိုင်းစစ်တပ်က ဖမ်းဆီးမည်ဖြစ်ကြောင်းလည်း ဗိုလ်စလုံးက ပြောထားသည်။

ဗိုလ်စလုံးနှင့်အတူပူးပေါင်းနေသည့် KTLA ဗိုလ်ကော်လာဖိုးအဖွဲ့သည် ဇူလိုင်အတွင်းက KNLA တပ်မဟာ(၄)အရာရှိများ လိုက်ပါလာသည့် ယာဉ်ကိုတိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင်အချို့ ထိခိုက်ခဲ့သည်။ ယခင်နှစ်များကလည်း ဗိုလ်ကော်လာဖိုး(ခ) ဗိုလ်အယ်ကွီးလ် ဦးဆောင်သည့် ကော်သူးလေတပ်(KTLA)က တိုက်ခိုက်ခဲ့၍ တပ်မဟာ(၄)မှ အရာရှိအချို့ အပါအဝင် သေဆုံးထိခိုက်မှုရှိခဲ့သည်။

” ကော်လာဖိုးအဖွဲ့က KNU တစ်ခုတည်းအနှောက်အယှက်ဖြစ်တာ မကဘူး။ စစ်အာဏာရှင် တော်လှန်ရေးတစ်ခုလုံး အနှောက်အယှက်ဖြစ်နေတယ်။ ရန်သူ အင်အားနည်းတဲ့အချိန်မှာ သူတို့က ရန်သူအတွက် အကူအညီပြန်ဖြစ်နေတယ်။KNLA တပ်ဖွဲ့ ရန်သူနဲ့တိုက်နေတဲ့အချိန် သူတို့ အခွင့်အရေးယူတာ။ မိမိတို့ နယ်မြေဝင်လာပြီး မိမိတို့ အဖွဲ့ကိုခြုံခိုတိုက်ခိုက်နေတယ်”ဟု KNU ဘိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောထာသည်။

KTLA တည်ထောင်သူ ဗိုလ်ချုပ်စောနယ်ဒါးမြသည် ယခင်က KNUလက်အောက်ခံ KNDO တပ်ဖွဲ့၏ စစ်ဦးစီးချုပ်ဖြစ်သော်လည်း ဝေါ်လေဒေသ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ်တစ်ခုနှင့်ပတ်သက်ပြီး KNU၏ စစ်ဆေးမှုကို မခံယူ၍ KNUမှ ထုတ်ပယ်ခံခဲ့ရပြီး နောက်ပိုင်းတွင် KTLAကို ထူထောင်ခဲ့ခြင်းဖြစ်သည်။

တပ်မဟာ(၄)နယ်မြေ ဘိတ်-ထားဝယ်ခရိုင်တွင် အခြားသော KTLA တပ်ဖွဲ့များရှိသော်လည်း ဗိုလ်ကော်လာဖိုး တပ်ဖွဲ့နှင့်သာ ပြဿနာဖြစ် နေသည်ဟု ပဒိုစောအယ်နားက ပြောသည်။

ဗိုလ်ကော်လာဖိုးသည် ယခင်က KNU တပ်မဟာ(၄)မှ တပ်ဖွဲ့ဝင်ဟောင်းဖြစ်သော်လည်း စစ်တပ်အာဏာမသိမ်းမီက စစ်တပ်ထံ နှစ်ကြိမ်လက်နက်ချခဲ့သူဖြစ်ကြောင်း၊ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တဖန်ပြန်လည် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောထားသည်။

KNU/KNLA တပ်မဟာ(၄)အနေဖြင့် ယခုနှစ်တွင် ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများအား မကြာခဏ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် တပ်စခန်းတစ်ခုလုံး လက်နက်ချသည့် ဖြစ်စဉ်ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က ပြည်သူ ၂၅ဦးကို ဓားစာခံဖမ်းဆီးသွား

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေ တွင် ဇူလိုင်လအတွင်းတိုက်ပွဲ ၆၆ကြိမ်ဖြစ်ပွားခဲ့ကြောင်း KNU တပ်မဟာ(၅)ကသတင်းထုတ်ပြန်သည်။

သတင်း

တပ်မဟာ(၄)နယ်မြေ ဘိတ်-ထားဝယ်ခရိုင်တွင် အခြားသော KTLA တပ်ဖွဲ့များရှိသော်လည်း ဗိုလ်ကော်လာဖိုး တပ်ဖွဲ့နှင့်သာ ပြဿနာဖြစ် နေသည်ဟု ပဒိုစောအယ်နားက ပြောသည်။

သတင်း

ဇွန်လ ၁၇ ရက် မနက်တွင် စုကလိစခန်းအား ဝင်ရောက်တိုက်ခိုက်ကာ ဇွန်လ ၂၁ရက်တွင် စခန်းတစ်ခုလုံးအား အပြီးသတ် ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်သည်။