close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဓားစာခံ ၆ ယောက် သေဆုံးမှုကို အစ္စရေးနိုင်ငံအနှံ့ လူပေါင်း သိန်းနဲ့ချီ ဆန္ဒပြ

ဟားမားစ်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေထဲက ၆ ဦး သေဆုံးသွားတယ် ဆိုတာကို အတည်ပြု ကြေညာခဲ့တဲ့နောက် စစ်ပွဲနဲ့ ပတ်သက်ပြီး အစိုးရရဲ့ စီမံခန့်ခွဲမှုကို မကျေမနပ် ဆန္ဒပြမှုတွေ အစ္စရေးမှာ ပေါ်ပေါက်လာပါတယ်။

စက်တင်ဘာ ၁ ရက်နေ့က ဂျေရုဆလင်၊ တဲလ်အဗစ်ဗ်နဲ့ တခြား အစ္စရေး မြို့ကြီးတွေမှာ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု ဦးဆောင်တဲ့ အစိုးရရဲ့ ညံ့ဖျင်းမှုတွေကို စုစုပေါင်း လူ ၅ သိန်းလောက်က ချီတက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ပြည်တွင်းမီဒီယာတွေကတော့ အဲဒီနေ့ဟာ အစ္စရေးအတွက် ဆန္ဒပြမှုတွေနဲ့ ရုန်းကန်ရတဲ့ နေ့စွဲတစ်ခုအဖြစ် ရည်ညွှန်း ဖော်ပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက ဟားမားစ်တွေနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု တစ်ခုကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့၊ ဟားမားစ်တွေရဲ့ လက်ထဲမှာ အဖမ်းခံထားရဆဲ နောက်ထပ် ဓားစာခံ ၁၀၀ ကျော် လွတ်မြောက်ရေးကို ဦးစားပေး လုပ်ဆောင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ အစ္စရေး အာဏာပိုင်တွေကတော့ အဲဒီထဲက သုံးပုံတစ်ပုံလောက်ဟာ သေဆုံးနှင့်ပြီး ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Public Service Announcement

Public Service Announcement

ဂျေရုဆလင်မှာတော့ ဆန္ဒပြသူတွေက လမ်းတွေကို ပိတ်ခဲ့ပြီး ဝန်ကြီးချုပ် အိမ်တော်ရှေ့မှာပါ စုဝေးခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ သေဆုံးသွားတဲ့ ဓားစာခံ ၆ ဦးပုံ ပိုစတာတွေကိုပါ ကိုင်ဆောင်လာတာ တွေ့ရပါတယ်။ တချိုု့နေရာတွေမှာတော့ လမ်းပိတ်ထားတဲ့ ဆန္ဒပြသူတွေကို အစ္စရေး ရဲတွေက မီးသတ်ပိုက်တွေနဲ့ ထိုးပြီး လူစုခွဲဖို့ ကြိုးစားခဲ့ရပါတယ်။

အလုပ်သမား သမဂ္ဂတွေကလည်း စက်တင်ဘာ ၂ ရက် တစ်နေ့တာအတွက် အလုပ်သမားတွေ အားလုံး အထွေထွေ သပိတ်ကြီး ဆင်နွှဲကြဖို့ တိုက်တွန်း တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အစ္စရေး စစ်တပ်က ဂါဇာတောင်ပိုင်း၊ ရာဖာဟ်မြို့ထဲမှာ အစ္စရေး ဓားစာခံ ၆ ယောက်ရဲ့ အလောင်းတွေကို ရှာတွေ့ခဲ့ကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။ အစ္စရေးနဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)တို့ ညှိနှိုင်းပြီး ဂါဇာမှာ ပိုလီယို ကာကွယ်ဆေး တိုက်ကျွေးမှု အစီအစဉ်တွေ အစပြုလာချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် အဲဒီသတင်းဆိုးကို ကြားခဲ့ရတာပါ။

ရုပ်အလောင်း ၆ ခုစလုံးကို အစ္စရေးဆီ ပြန်လည် သယ်ယူခဲ့ပြီး ဖြစ်တယ်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ နောက်တန်း သေနာပတိ ဒန်နီရယ်လ် ဟာဂါရီက ပြောပါတယ်။ သေမှုသေခင်း စစ်ချက်တွေအရ သူတို့ ၆ ဦးစလုံးဟာ လွန်ခဲ့တဲ့ ၄၈ နာရီကနေ ၇၂ နာရီ အတောအတွင်း ဟားမားစ် အကြမ်းဖက်သမားတွေရဲ့ အနီးကပ်တေ့ပြီး ပစ်သတ်တာ ခံခဲ့ရတာ ဖြစ်တယ်လို့ ဖော်ထုတ်နိုင်ခဲ့ကြောင်း အစ္စရေး ကျန်းမာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။

နေတန်ညာဟုဟာ ဟားမားစ်တွေကို အပြီးသတ် ချေမှုန်းဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ခေါင်းမာမာနဲ့ ဆက်လက် ပြောဆိုနေပေမယ့် တစ်ဖက်မှာလည်း ၁၁ လ နီးပါး ကြာမြင့်လာတဲ့ စစ်ပွဲကို အပစ်အခတ် ရပ်ဆိုင်းနိုင်ဖို့ သူ့အပေါ် ဘက်ပေါင်းစုံက ဖိအားပေးမှုတွေ တိုးလာနေပါတယ်။ နေတန်ညာဟုကတော့ ဓားစာခံတွေကို ရက်ရက်စက်စက် သတ်ပစ်တဲ့ သူတွေက တကယ်တမ်း ညှိနှိုင်းမှုတွေကို မလိုလားဘူးဆိုတဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

ဟားမားစ် ခေါင်းဆောင်ပိုင်းကတော့ အခုလို ဓားစာခံတွေ သေဆုံးမှုရဲ့ အဓိက အကြောင်းရင်းဟာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းမှုတွေကို အစ္စရေးဖက်က ခေါင်းမာမာနဲ့ ငြင်းဆိုခဲ့တာကြောင့်သာ ဖြစ်တယ်လို့ အပြစ်ဖို့ထားပါတယ်။ အစ္စရေး အကျဉ်းသားတွေ သေဆုံးမှုနဲ့ ပတ်သက်ပြီး နေတန်ညာဟုဟာ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ရလိမ့်မယ်လို့ ဟားမားစ် အရာရှိ တစ်ဦးဖြစ်တဲ့ ဆမ်မီ အဘူ ဇူဟရီက Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အခုအချိန်မှာ အစ္စရေး နိုင်ငံဟာ နေတန်ယာဟုနဲ့ အပစ်ရပ် သဘောတူညီမှုကြား တစ်ခုခုကို သေချာရွေးရမယ့် အချိန် ရောက်လာပြီလို့လည်း သူက ဆိုပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကတော့ အသက် ၂၃ နှစ်အရွယ် အစ္စရေး-အမေရိကန်နွယ်ဖွား ဟက်ရှ် ဂိုးလ်ဘက် ပိုလင် အပါအဝင် ဓားစာခံ ၆ ဦးကို သတ်ဖြတ်ခဲ့တဲ့ စက်ဆုပ်စရာ ရာဇဝတ်မှုအတွက် ဟားမားစ် ခေါင်းဆောင်တွေဟာ သေချာပေါက် ပြန်ပေးဆပ်ရမယ်လို့ ပြောကြားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်ဟာ နောက်ထပ် ဖမ်းဆီးခံထားရဆဲ ဓားစာခံတွေ လွတ်မြောက်ရေးအတွက် အစွမ်းကုန် ဆက်လက် ကြိုးစားသွားမယ်လို့လည်း သူက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့မှာ ဟားမားစ်တွေက နယ်စပ်ဖြတ်ကျော်ပြီး အစ္စရေး ပိုင်နက်ထဲက မြို့ရွာတွေကို စီးနင်းတိုက်ခိုက်ခဲ့တာကို အစ္စရေးက အပြင်းအထန် လက်တုံ့ပြန်ခဲ့တဲ့နောက် ဂါဇာမှာ စစ်ပွဲကြီး စတင်လာခဲ့ပါတယ်။ ဟားမားစ်တွေရဲ့ လက်ချက်ကြောင့် အစ္စရေးမှာ လူပေါင်း ၁၂၀၀ ကျော်သေခဲ့ပြီး ၂၅၀ ကျော် ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံခဲ့ရပါတယ်။ ဂါဇာဖက်မှာတော့ အစ္စရေးရဲ့ ထိုးစစ်အတွင်း လူပေါင်း ၄၀၀၀၀ ကျော် သေဆုံးပြီး ၂.၅ သန်းလောက် နေရပ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရကြောင်း သိရပါတယ်။

ကိုးကား: Reuters⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေး စစ်တပ်နဲ့ လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေကြား လက်နက် အင်အား အလုံးအရင်း အသုံးပြုပြီး အပြန်အလှန် တိုက်ခိုက်နေတဲ့နောက် အရှေ့အလယ်ပိုင်းမှာ နောက်ထပ် စစ်ပွဲကြီးတစ်ခု ပေါ်ပေါက်လာမှာကို အလေးအနက် စိုးရိမ်ရတဲ့ အခြေအနေမျိုး ဖြစ်လာပါတယ်။

နိုင်ငံတကာ

အစ္စရေးနိုင်ငံ မြောက်ပိုင်းကို လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေက ဒုံးကျည် ရာဂဏန်းလောက် ပစ်ခတ်ခဲ့ကြောင်း အစ္စရေးက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာကမ်းမြှောင် ဒေသမှာ အစ္စရေးက စစ်ရှောင် ဒုက္ခသည်တွေ အများအပြား စုဝေးနေထိုင်ရာ ကျောင်းတစ်ကျောင်းကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် လူ ၇၀ ကျော် သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းတွေဖက်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ဟစ်ဇ်ဘိုလာ ပြောက်ကျားအဖွဲ့နဲ့ အီရန်တို့က အစ္စရေးကို လက်တုံ့ပြန် တိုက်ခိုက်လာနိုင်တဲ့ အခြေအနေတွေအတွက် အစ္စရေးနဲ့ မဟာမိတ် အမေရိကန်တို့ ပူးပေါင်းပြီး ကြိုတင် ပြင်ဆင်မှုတွေ အပူတပြင်း လုပ်ဆောင်နေပါတယ်။