close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ်းခြေစောင့် ရေယာဉ်ချင်း တိုက်မိမှု တရုတ်နဲ့ ဖိလစ်ပိုင် အပြန်အလှန် စွပ်စွဲ

ပင်လယ်ပြင်မှာ ကမ်းခြေစောင့်လှေနှစ်စီး တိုက်မိခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဖိလစ်ပိုင်နဲ့ တရုတ်တို့ကြား အပြန်အလှန် စွပ်စွဲ ရှုတ်ချထားကြပါတယ်။

တောင်တရုတ် ပင်လယ်ထဲမှာ ဩဂုတ် ၃၁ ရက်နေ့ ညနေပိုင်းက ဖြစ်ရပ်ဟာ ရည်ရွယ်ချက်ရှိရှိ ရန်လိုတဲ့ လုပ်ဆောင်မှုမျိုးလို့ နှစ်ဖက်စလုံးက ပြစ်တင် ပြောဆိုထားကြပါတယ်။ တောင်တရုတ် ပင်လယ်ထဲက သောင်ခုံကျွန်း တချို့ကို အကြောင်းပြုပြီး တရုတ်နဲ့ ဖိလစ်ပိုင်တို့ကြားမှာ ရေပိုင်နက် အငြင်းပွားမှုတွေ ရှိနေရာက ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း နှစ်ဖက် တင်းမာမှုတွေ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ နောက်ပြီး နှစ်ဖက် ကမ်းခြေစောင့်တပ်တွေ ငြိကြတဲ့ အခုလို ဖြစ်စဉ်မျိုးတွေကိုလည်း ခပ်စိပ်စိပ် ကြုံတွေ့လာခဲ့ပါတယ်။

အခုလို နှစ်ဖက်ရေယာဉ် အချင်းချင်း ဝင်တိုက်မှုဟာ ဖိလစ်ပိုင်နဲ့ တရုတ်တို့ကြား ပိုင်ဆိုင်ခွင့်အတွက် အပြိုင်အဆိုင် တောင်းဆိုထားတဲ့ ဆာဘီနာ ကမ်းဝေးသောင်ခုံ ကျွန်းနားမှာ ဖြစ်ပွားခဲ့တာပါ။ တရုတ်ဟာ နိုင်ငံတကာ ရေကြောင်းသွားလာရေးမှာ အရမ်းအရေးပါသလို သဘာဝ သယံဇာတ ရင်းမြစ်တွေ ပေါကြွယ်ဝတဲ့ တောင်တရုတ်ပင်လယ် ရေပြင် တစ်ခုလုံး နီးပါးကို ပိုင်နက်အဖြစ် သတ်မှတ်ကြောင်း ကြေညာထားတာကြောင့် ဒေသတွင်း နိုင်ငံတွေနဲ့ အငြင်းပွားမှုတွေ ရှိနေပါတယ်။ အဲဒီထဲမှာမှ တရုတ်-ဖိလစ်ပိုင် အားပြိုင်မှုဟာ အသိသာဆုံး၊ အပြင်းထန်ဆုံး ဖြစ်လာခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဩဂုတ် ၃၁ ရက်နေ့ ဖြစ်စဉ်မှာတော့ တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ်အမှတ် ၅၂၀၂ ဟာ ဖိလစ်ပိုင် ရေယာဉ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ရိုက် ဝင်တိုက်ခဲ့တာလို့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ဂျေးတာရီရယ်လာက ပြောပါတယ်။

ဘယ်လို ရန်စမှုမှ မရှိခဲ့ပေမယ့် တရုတ် ကမ်းခြေစောင့် ရေယာဉ်က အခုလို ဝင်တိုက်ခဲ့တာကြောင့် ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ရဲ့ အကြီးဆုံး သင်္ဘောတစ်စီးဖြစ်ပြီး ပေ ၃၂၀ ရှည်တဲ့ Teresa Magbanuaမှာ ထိခိုက်မှုတချို့ ဖြစ်ပေါ်ခဲ့ကြောင်း၊ ဒါပေမဲ့ တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရမှုတော့ မရှိခဲ့ကြောင်း သူက ဆိုပါတယ်။

တစ်ဖက်မှာတော့ တရုတ် ကမ်းခြေစောင့်တပ်ရဲ့ ထုတ်ပြန်ချက်အရ ဖိလစ်ပိုင် ရေယာဉ်ဟာ ဆာဘီနာ သောင်ခုံကျွန်းနားကို တရားမဝင် ချဉ်းကပ် ဝင်ရောက်လာပြီး တရစ်ဝဲဝဲ လုပ်နေရာက ရုတ်တရက် ကျောက်ဆူးဆွဲတင်ပြီး တရုတ် ရေယာဉ် တစ်စီးကို ရည်ရွယ်ချက်ရှိရှိ ဝင်တိုက်ခဲ့တာလို့ စွပ်စွဲ ဖော်ပြထားပါတယ်။

တရုတ် ကမ်းခြေစောင့် ရေယာဉ်ဟာ စည်းမျဉ်းအရ လုပ်သင့်လုပ်ထိုက်တဲ့ အခြေအနေတွေကို ရွေးချယ်ပြီး အခြေအနေကို စနစ်တကျ တုံ့ပြန်ခဲ့တယ်လို့လည်း အဲဒီ ကြေညာချက်မှာ ထည့်သွင်း ထုတ်ပြန်ထားပါတယ်။

ဖိလစ်ပိုင်ရဲ့ မဟာမိတ်ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုကတော့ တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းအခုံ ကိစ္စတွေမှာ ဖိလစ်ပိုင်ဖက်ကနေ အပြည့်အဝ ရပ်တည်ကြောင်း ကြေညာခဲ့ပါတယ်။

အခု သီတင်းပတ်ထဲမှာတော့ တောင်တရုတ်ပင်လယ် တစ်နေရာမှာ ကင်းလှည့် ပျံသန်းနေတဲ့ ဖိလစ်ပိုင် လေယာဉ်ငယ် တစ်စီးကို တရုတ် လေယာဉ်တစ်စီးက အန္တရာယ် ရှိနိုင်လောက်တဲ့ အနေအထားမျိုးထိ ချဉ်းကပ်ပြီး နှောင့်ယှက်ခဲ့သေးတယ်လို့ ဖိလစ်ပိုင် ရေကြောင်းကောင်စီက စွပ်စွဲ ကြေညာထားပါတယ်။

ကိုးကား: CNA⁩

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံသည် မြန်မာပြည် စစ်ပွဲများရပ်တန့်ရေးအတွက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ(EROs)အား ဖိအားပေးနေမှုများမှာ တရားမျှတမှု မရှိသည့်အပြင် ပြည်တွင်းစစ် ပိုမိုကြီးထွားလာစရာအကြောင်းအချက်များကို ဖန်တီးပေးရာရောက်ကြောင်း နိုင်ငံရေး၊ စစ်ရေးအကဲခတ်များက သုံးသပ်ကြသည်။

သတင်း

တရုတ်ခြိမ်းခြောက်စာအပေါ် TNLA ဗဟိုကော်မတီဆွေးနွေးနေပြီး တုံ့ပြန်ခြင်းမရှိသေး