ရဲခေါင်/People’s Spring
မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီဗုံးကြဲ၍ ကလေးငယ်၆ ဦးအပါအဝင်ပြည်သူ ၈ ဦးထက်မနည်းသေဆုံးပြီးဒဏ်ရာရသူများစွာရှိကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG ဦးဆောင်သူ ဦဗညားက လူထုနွေဦးသို့ပြောသည်။
လွိုင်ကော်မြို့တွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်တိုက်ခိုက်ခံရပြီးနောက်တစ်ရက်(စက်တင်ဘာ ၅ ရက်)တွင် အရပ်သားများရှိရာ နေရာ သုံးခုကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းလည်းဖြစ်သည်။
KnHRG ၏စာရင်းအရ ယမန်နေ့ည(စက်တင်ဘာ ၅ ရက်) ည ၉ နာရီကျော်တွင် မိုးဗြဲမြို့အနောက်ဘက်ရှိ လအိကျေးရွာရှိ ဘန်ကောက်စစ်ရှာင်စခန်းလေယာဉ်ကြဲခံရပြီး အသက်က ၁၀ နှစ်ခန့် အမျိုးသားနှစ်ဦး၊ အမျိုး သမီး နှစ်ဦး ၊ အသက် ၁၃ နှစ်ဝန်းကျင် အမျိုးသမီး သုံးဦး နှင့် အသက် ၅၀ ဝန်းကျင် အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။
“အရမ်းကိုဝမ်းနည်းဒေါသထွက်တယ်ဗျာ။ တိုက်ပွဲတကြိမ်တခါမျှမရှိတဲ့ ဒေသတစ်ခုကို ခုလိုဗုံးကြဲတာက စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရဇဝတ်မှုပါပဲ။ ကျူးလွန်သူကို မရရတဲ့နည်းနဲ့ အပြစ်ပေးအရေးယူနိုင်အောင် ကြိုးပမ်းသွားမှာဖြစ်ပါတယ်”ဟု ဦးဗညားက ပြောသည်။
စက်တင်ဘာ ၅ ရက် ညအချိန်တွင်အကြမ်းဖက်စစ်ကောင်စီ လေတပ်မှ အရပ်သားများစွာနေထိုင်သော “ဘန်ကောက်”
စစ်ဘေးရှောင်နေရာကို တိုက်လေယာဥ်ဖြင့် ဗုံးကြဲ ၂လုံး တိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်နှင့် အမျိုးသမီးအပါအဝင် လူ ၈ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာသူများကြောင်း သိရပါတယ်။
စက်တင်ဘာ ၅ ရက်ည ၉နာရီ ၉ မိနစ် အချိန်တွင်စစ်ကောင်စီလေတပ်မှတိုက်လေယာဥ်ဖြင့်ဗုံး၂ လုံးလာကြဲခြင်းဖြစ်ပြီး ၁လုံးမှာ စစ်ဘေးရှောင်အစွန်နေရာတွင် ကျရောက်ကာ ကျန် ၁ လုံးက စစ်ဘေးရှောင်မိသားစု ၁ စုနေအိမ်ပေါ် တည့်တည့် ကျရောက်ပေါက်ကွဲခြင်းဖြစ်ပါသည်။ သေဆုံးသူ ၆ ဦးမှာကျောင်းတက်နေဆဲ ကလေးသူငယ် ကျား၂ဦး၊ မ ၄ဦး(၃ တန်းမှ ၁၁ တန်းအထိ) ဖြစ်ပြီး အသက် ၄၀ အထက်အမျိုးသမီး၂ ဦးပါဝင်ကာ ယခုလက်ရှိ ၁ ဦးပျောက်ဆုံးနေဆဲ သိရကြောင်း PKPF ကလည်းထုတ်ပြန်အသိပေးသည်။
ထိုအပြငိနေအိမ် ၂၀ လုံးအထက် ပျက်စီးကြောင်းလည်းသိရပါသည်။
ဘန်ကောက်စစ်ဘေးရှောင်စခန်းကို သည် စစ်ဘေးရှောင်နေအိမ် ၁၆၇ လုံး၊ လူဦးရေ ၆၆၆ ဦး နေထိုင်သောနေရာဖြစ်သလို ကျောင်းသားဦးရေ ၆၉၈ ဦး ရှိသော စစ်ဘေးရှောင် စခန်းတခုဖြစ်သည်။ ယခုအကြိမ်နှင့် ဆိုပါက ၇ ကြိမ်မြောက် ဗုံးကြဲခံရခြင်းဖြစ်ပြီး ယခင်အကြိမ်များတွင်လူ ထိခိုက်သေဆုံးမှုမရှိခဲ့ဘဲ ၊ယခုအကြိမ်တွင် အဆိုးဝါးဆုံးဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၅ ရက် နံနက်ပိုင်းကလည်း လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်ကြားရှိ နန်းမယ်ခုံ မြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးလေးကြိမ်ကြဲခဲ့သည်။ထိုဖြစ်စဥ်တွင်လည်း အရပ်သားအချို့ ထိခိုက်သေဆုံးမှုရှိပြီး ကရင်နီလူ့အခွင့်အရေးအဖွဲ့အစည်းများက စာရင်းကောက်ယူနေဆဲဟု သိရသည်။
စစ်ကောင်စီ၏ တရားမဲ့ကျူးလွန်နေသည့် တိုက်ခိုက်မှုများကြောင့် ကရင်နီဒေသအတွင်း ပြည်သူများအနေဖြင့် လေကြောင်းသတိပြုရန် ကရင်နီစစ်ဘေးရှောင်ကူညီသူများက တိုက်တွန်းထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ် အတွင်း ယခုနှစ်သြဂုတ်လကုန်အထိ ပြည်သူ ၅၁၅ ဦး ကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစုက ထုတ်ပြန်ထား သည်။