close
Connect with us

Hi, what are you looking for?

သတင်း

ရိုဟင်ဂျာများအပါအဝင်မြန်မာဒုက္ခသည် ၁၄၂ဦး အာသံပြည်နယ်အကျဥ်းထောင်၌ အစာငတ်ခံဆန္ဒပြနေ

အိန္ဒိယနိုင်ငံ အာသံပြည်နယ် အကျဥ်းထောင်အတွင်းရှိ မြန်မာဒုက္ခသည် ၁၄၂ဦးသည် ယမန်နေ့(စက်တင်ဘာ ၉ရက်)မှစတင်ကာ အစာငတ်ခံဆန္ဒပြနေကြောင်း India For Myanmar မှ​သိရသည်။

အာသံပြည်နယ်ရှိ အကျဥ်း​ထောင်တစ်ခု။ ဓါတ်ပုံ-The Hills Times

အီယိုရီ/People’s Spring

အိန္ဒိယနိုင်ငံ အာသံပြည်နယ် အကျဥ်းထောင်အတွင်းရှိ မြန်မာဒုက္ခသည် ၁၄၂ဦးသည် ယမန်နေ့(စက်တင်ဘာ ၉ရက်)မှစတင်ကာ အစာငတ်ခံဆန္ဒပြနေကြောင်း India For Myanmar မှ​သိရသည်။

ရိုဟင်ဂျာ၁၁၀ဦးနှင့်ချင်း ၃၂ဦး စုစုပေါင်း ၁၄၂ဦးမှာ အကျဥ်းထောင်အတွင်းမှ UNHCR(ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ)ကာကွယ်မှုအောက်သို့ ပြောင်းရွှေ့ပေးရန် တောင်းဆိုဆန္ဒပြနေခြင်းဖြစ်သည်ဟု India For Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်က ပြောသည်။

“သူတို့တွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးနဲ့ပတ်သက်လို့ ကျွန်တော်တို့ အလွန်အမင်းစိတ်ပူရပါတယ်။ အိန္ဒိယရှိ မြန်မာဒုက္ခသည်တွေက ကုလသမဂ္ဂကာကွယ်မှု အရေးတကြီးလိုအပ်ပါတယ်” ဟု ဆလိုင်းဒိုခါရ်က ဆိုသည်။

Public Service Announcement

Public Service Announcement

၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်နှင့် အာသံပြည်နယ်တို့၌ မြန်မာစစ်ဘေးရှောင်ဒုက္ခသည်များစွာ ပုံစံမျိုးစုံဖြင့် ဖမ်းဆီးထိန်းသိမ်းခံရကာ အဆိုပါပြည်နယ်နှစ်ခု အကျဥ်းထောင်များအတွင်း မြန်မာစစ်ဘေးဒုက္ခသည် အမျိုးသား ၁၄၆ဦးနှင့် အမျိုးသမီး ၁၀၄ဦး စုစုပေါင်း ၂၅၀ဦးကို India For Myanmar က စာရင်းပြုစုထားသည်။

အဆိုပါ ၂၅၀ဦးထဲမှ ၇၇ဦးကို အိန္ဒိယအစိုးရက စစ်ကောင်စီထံ ပြီးခဲ့သည့် မေလနှင့် ဇွန်လတို့တွင် နှစ်သုတ်ခွဲ လွှဲပြောင်းပေးအပ်ခဲ့သည်။

သို့သော် စစ်အာဏာသိမ်းမှုမဖြစ်မီ ၂၀၁၇ ရိုဟင်ဂျာပဋိပက္ခနောက်ပိုင်း ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာဒုက္ခသည် ထောင်နှင့်ချီကာ အိန္ဒိယနိုင်ငံ၌ ဖမ်းဆီးထိန်းသိမ်းခံရဖွယ်ရှိနေကြောင်း ဆလိုင်းဒိုခါရ်က ရှင်းပြသည်။

“အိန္ဒိယနိုင်ငံမှာ ရိုဟင်ဂျာအဖမ်းခံရသူတွေက ထောင်ထဲမှာ ရှစ်နှစ်မက တချို့ဆို ဆယ်နှစ်မက နေတဲ့သူလည်းရှိတယ်။ သူတို့ရဲ့အချက်အလက်ကတော့ ကျွန်တော်တို့ ရနိုင်ဖို့ အရမ်းခက်တယ်။ ဘာလို့လဲဆိုတော့ ရိုဟင်ဂျာကအသိုင်းအဝိုင်းကလည်း ကျွန်တော်တို့ကို အကူအညီတောင်းတာလည်း မရှိသလို ကျွန်တော်တို့ဘက်ကလည်း ချိတ်ဆက်ရမယ့်သူ မသိဘူးပေါ့နော်” ဟု ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းက မဏိပူရ်အကျဥ်းထောင်ရှိ မြန်မာအမျိုးသား ၅၂ ဦးမှာ တင်းကြပ်သော ထောင်စည်းကမ်းများကို ရင်ဆိုင်နေရသည့်အပြင် လွတ်ရက်နှင့် လွတ်နိုင်မည့် နည်းလမ်းလည်း အတိအကျမသိရှိသဖြင့် အစာငတ်ခံဆန္ဒပြတောင်းဆိုမှု ပြုလုပ်ခဲ့ကြသည်။ သို့သော် ထောင်အာဏာပိုင်များက အစာငတ်ခံဆန္ဒပြမှုကို ညှိနှိုင်းလိုက်လျောခြင်းမရှိခဲ့ပေ။

ဆက်စပ်သတင်းများ

သတင်း

နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်အကျဉ်းထောင်မှာ ဖြစ်ပွားခဲ့တဲ့ ထောင်တွင်း မုဒိမ်းမှုကိုအရေးမယူဘဲ ထောင်အာဏာပိုင်တွေက သတင်းဖုံးထားတဲ့လုပ်ရပ်ကို နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ကန့်ကွက်ဆန္ဒပြလိုက်ကြပါတယ်။

သတင်း

ထောင်တွင်းအစာငတ်ခံ ဆန္ဒပြမှု သုံးရက်မြောက်နေ့အထိ အိန္ဒိယထောင်အာဏာပိုင်များ လာရောက်ညှိနှိုင်းခြင်းမရှိသေး

သတင်း

ရိုဟင်ဂျာပြည်သူများ ၎င်းတို့ နေရပ်မှ စွန့်ခွာထွက်ပြေးခဲ့ရသည်မှာ ခုနစ်နှစ်ပြည့်ပြီဖြစ်

Facebook