close
Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းသုံးနှစ်ကျော်အတွင်း စစ်ကောင်စီ အရပ်သားနေအိမ်တစ်သိန်းကျော် မီးရှို့ဖျက်ဆီး

အာဏာသိမ်းကာလ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပျက်စီးမှု တစ်သိန်းကျော်လာကြောင်း Data for Myanmar အဖွဲ့က ထုတ်ပြန်သည်။

၂၀၂၄ ဧပြီ ၃ ရက်က ထီးလင်းမြို့နယ်ရှိ ရေမျက်နီရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်။ ဓါတ်ပုံ-ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

ဇေအောင်/People’s Spring

အာဏာသိမ်းကာလ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပျက်စီးမှု တစ်သိန်းကျော်လာကြောင်း Data for Myanmar အဖွဲ့က ထုတ်ပြန်သည်။

၂၀၂၄ ဇူလိုင်လကုန်အထိ စစ်အာဏာသိမ်း သုံးနှစ်ကျော် ကာလအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံ အဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပေါင်း တစ်သိန်းကျော် ၁၀၁,၄၆၃ ပျက်စီးဆုံးရှုံးခဲ့ကြောင်း Data for Myanmar အဖွဲ့က ယနေ့(စက်တင်ဘာ ၁၀ ရက်)တွင် ထုတ်ပြန်သည်။

၎င်းတို့အနက် စစ်ကိုင်းတိုင်းမှာ နေအိမ် ပေါင်း ၇၃,၁၁၄ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး တစ်နိုင်ငံလုံး မီးရှို့ဖျက်ဆီးခံရသည့်အရေအတွက်၏ ၇၂ ရာခိုင်နှုန်းကျော်ရှိကြောင်း၊ မကွေး၊ မန္တလေး၊ ရခိုင်နှင့် ချင်းပြည်နယ်တွင်လည်း နေအိမ်ပေါင်း ၂၃,၁၁၃ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း Data for Myanmar အဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

၂၀၂၄ အတွင်း မီးရှို့ဖျက်ဆီးမှုများကြောင့် နေအိမ်ပေါင်း ၂၁,၀၀၀ ကျော် ဆုံးရှုံးခဲ့ရကြောင်း၊ ဇူလိုင်တစ်လတည်း စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ကရင်နီပြည်၊ ပဲခူးတိုင်း(အနောက်ခြမ်း)၊ တနင်္သာရီတိုင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်တောင် ပိုင်းတို့တွင် နေအိမ်ပေါင်း ၁,၁၇၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း Data for Myanmar အဖွဲ့က ထပ်မံအသိပေးသည်။

ဇူလိုင်ဒုတိယပတ်အတွင်း မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ လက်ဝဲမြင်းနီကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှိူ့ဖျက်ဆီးခဲ့မှုတွင် နေအိမ်တစ်ရာကျော် မီးလောင်ပြာကျခဲ့သည့်အပြင် သက်ကြီးရွယ်အိုနှင့် ကျန်းမာရေးမကောင်းသူများအပါအဝင် ၆ ဦးထက်မနည်း မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးမကောင်းတဲ့သူတွေ၊ အိပ်ရာထဲလဲနေတဲ့သူတွေ မီးထဲပါသွားတာ။ ပြည်သူတွေကလည်း ခါတိုင်းလိုပဲဝင်ပြီးပြန်ထွက်သွားမယ်ထင်ပြီး ဒီတိုင်းထားခဲ့တာ။ အခုမီးရှို့တော့ကျပါသွားတာ။”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့နယ် အရှေ့ခြမ်းရှိ ဇရပ်ကြီးကျေးရွာကို စစ်ကောင်စီတပ်က ဇူလိုင် ၁၅ မှ ၁၇ ရက်အထိ ၃ ရက်ဆက် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၃၀ ကျော် ပြာကျခဲ့ကြောင်း ဒေသခံများက ပြောသည်။

၂၀၂၄ ပထမနှစ်ဝက်တွင် ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ၊ မေလတို့တွင် အများဆုံး မီးရှိူ့ခဲ့ပြီး နေအိမ်ပေါင်း ၁၇,၆၄၇ လုံး ဆုံးရှုံးခဲ့ကာ စစ်ကိုင်း၊ မန္တလေး၊ ရခိုင်၊ မကွေးတို့တွင် အများဆုံး မီးရှို့ခံခဲ့ရကြောင်း Data for Myanmar အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၄ ဧပြီနှင့် မေလအတွင်း ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် တိုက်ပွဲများပြင်းထန်ခဲ့၍ အရပ်သားနေအိမ်ပေါင်း ထောင်ချီ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

လက်နက်ကိုင်ခုခံစစ်အားကောင်းသည့်နယ်မြေ၊ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့်မြို့ရွာဒေသများ၊ တော်လှန်ရေးအင်အားစုများကိုထောက်ခံသည့် ကျေးရွာများအား မီးရှို့ဖျက်ဆီးသည့်အပြင် လက်နက်ကြီး၊ လေကြောင်းနှင့် စစ်သင်္ဘောများ၏ ပစ်ခတ်မှုကြောင့်လည်း နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း Data for Myanmarက သုံးသပ်သ​ည်။

သြဂုတ်နှင့် ယခု စက်တင်ဘာလအတွင်း၌လည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။

စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ၂၀၂၁က နေအိမ်ပေါင်း ၂,၁၁၁လုံး၊ ၂၀၂၂ ခုနှစ်တွင် ၄၆,၈၅၆ လုံး၊ ၂၀၂၃ ခုနှစ်တွင် ၃၁,၄၈၄ လုံး၊ ၂၀၂၄ ခုနှစ် ဇူလိုင်အထိ ၂၁,၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း Data for Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။

သို့သော် အင်တာနက်နှင့် ဖုန်းလိုင်းအခက်အခဲများကြောင့် အချက်အလက်ကောက်ယူနိုင်ခြင်းမရှိ၍ မြေပြင်တွင် ယခုထက်ပိုများနိုင်သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းမြောက် လားရှိုးမြို့နယ်နမ့်ပေါင်ရွာအနီး နမ္မ ကျောက်မီးသွေးတွင်းကို စစ်ကောင်စီက ယမန်နေ့ တွင် လေကြောင်း တိုက်ခိုက်ခဲ့ရာ အဆောက်အဦး အချို့ ပျက်စီးခဲ့သော်လည်း ပြည်သူ ထိခိုက်မှုမရှိကြောင်းကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်သည်။

သတင်း

မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှု သိသိသာသာတိုးလာကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်က ထုတ်ပြန်သည်။

သတင်း

အဓမ္မစုဆောင်းခံရ၍ အစောင့်စစ်သားနှစ်ဦးသတ်ပြီး KNUတပ်မဟာ(၄)ထံ ခိုလှုံလာသူ လူငယ် ၂၇ဦးအနက် ၂၂ဦးက လက်နက်ကိုင်တိုက်ပွဲပြန်ဝင်မည်

သတင်း

ထိုင်းတွင်အလုပ်လုပ်စဉ်ဖမ်းဆီးခံရပြီးစစ်ကောင်စီထံအတင်းအကြပ်ပြန်ပို့ခံရစဉ်စစ်မှုထမ်းခိုင်းခြင်းဖြစ်

Facebook