close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကအတင်းအကြပ်စစ်မှုထမ်းခိုင်းနေ၍ ဖမ်းမိမြန်မာများပြန်ပို့ရေး ထိုင်းအာဏာပိုင်များ လူ့အခွင့်အရေးအရ သတိထားရန်လိုဟု KNU ပြော

အဓမ္မစုဆောင်းခံရ၍ အစောင့်စစ်သားနှစ်ဦးသတ်ပြီး KNUတပ်မဟာ(၄)ထံ ခိုလှုံလာသူ လူငယ် ၂၇ဦးအနက် ၂၂ဦးက လက်နက်ကိုင်တိုက်ပွဲပြန်ဝင်မည်

ထိုင်းအာဏာပိုင်များက ဖမ်းပြီး စစ်ကောင်စီထံပြန်ပို့ခံရပြီးနောက် KNU တပ်မဟာ(၄)ထံ ခိုလှုံလာသော လူငယ် ၂၇ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - KKL

ဟန်နွေ/People’s Spring

စစ်ကောင်စီက အတင်းအကြပ်စစ်သားစုဆောင်းပြီး စစ်မှုထမ်းခိုင်းနေချိန်ဖြစ်၍ ထိုင်းနိုင်ငံအာဏာပိုင်များအနေဖြင့် ဖမ်းမိမြန်မာလုပ်သားများအား စစ်ကောင်စီထံ ပြန်အပ်နှံသည့် လုပ်ရပ်အပေါ် သတိထားရန်လိုအပ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

ယခု စက်တင်ဘာပထမပတ်တွင် ထိုင်းရဲများကဖမ်းမိသည့် မြန်မာလုပ်သားများကို စစ်ကောင်စီထံ အပ်နှံခဲ့ရာ စုစုပေါင်း ၂၇ဦးကို စစ်ကောင်စီက အတင်းအကြပ် စစ်မှုထမ်းခိုင်းရန် ကြိုးပမ်းခဲ့သည်။ သို့ရာတွင် အဆိုပါ လူငယ် ၂၇ဦးက စစ်ကောင်စီ အစောင့်တပ်ဖွဲ့ဝင် ၂ဦးကို သတ်ဖြတ်ပြီး KNU ထားဝယ်ခရိုင် တပ်မဟာ(၄) ရှိ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တပ်ရင်း(၇) တပ်ခွဲ(၅)ထံသို့ သွားရောက်ခိုလှုံခဲ့သည်။

” ဖြစ်စဉ်က လူ ၂၇ယောက် သူတို့က ထိုင်းကို အလုပ်သွားလုပ်တယ်။ အလုပ်သွားလုပ်တဲ့အချိန်မှာ ထိုင်းရဲတွေကဖမ်းပြီးတော့ မြန်မာပြည်ကို ပြန်ပို့တာပေါ့။ ဒါပေမဲ့ အခြားလည်း ပါတာပေါ့။ ပို့တဲ့နောက်ပိုင်းမှာ စကစလက်ထဲပြန်ရောက်တော့ ဗမာပြည်ထဲ ပြန်ရောက်တော့ ကော့သောင်းမှာလားမသိဘူး သူတို့က လှေ ၇စီးထွက်လာတယ်။ အဲဒီ တိုင်းဗဟို (၁၂)ကို ပို့ဖို့ စစ်သားလုပ်ခိုင်းဖို့နော်။ အဲဒီထွက်လာတဲ့ လှေ၇စီးမှာ လှေတစ်စီးက ၂၉ယောက်ပါတယ်။ သူတို့အဖွဲ့ပေါ့နော်။ ၂၉ယောက်ပါတဲ့ လှေတစ်စီးမှာ စစ်သားက ၂ယောက်လိုက်လာတယ်။ အဲဒီ လှေတစ်စီးက သူတို့က ဒီစကစ ဆီက သေနတ်လုပြီးတော့ စကစ စစ်သားကို ပစ်သတ်လိုက်ပြီးတော့ ထွက်ပြေးသွားတယ် သူတို့က။ ပြီးတော့ ကျနော်တို့ တပ်ရင်း(၇)၊ တပ်ခွဲ(၅)ထဲရောက်လာတာပေါ့နော်”ဟု ပဒိုစောအယ်နားက ပြောပြသည်။

Public Service Announcement

Public Service Announcement

KNDO တပ်ရင်း (၇)၊ တပ်ခွဲ (၅)သို့ ရောက်လာသူ ၂၇ဦးအနက် အများစုက တော်လှန်ရေးတွင် ပါဝင်လိုပြီး အချို့သာ အိမ်ပြန်လိုသည်ဟု ပြောဆိုကြောင်း ၎င်းက ရှင်းပြသည်။

” သူတို့ ၂၂ယောက်က ကျနော်တို့ တော်လှန်ရေး လက်နက်ကိုင်ပြီးတော့ လုပ်ကြတာပေါ့။ ကျန်တဲ့ ၅ယောက်က သူတို့ အိမ်မှာသူတို့ ပြန်စေချင်တယ်”ဟု ပဒိုစောအယ်နားက ပြောသည်။

ထိုင်းနိုင်ငံဘက်က ဖမ်းမိ မြန်မာလုပ်သားများအား ယခုကဲ့သို့ စစ်ကောင်စီလက်အတွင်း အပ်နှံမှုနှင့်ပတ်သက်ပြီး သဘောထားမေးမြန်းရာ ပဒိုစောအယ်နားက ထိုင်းနိုင်ငံအနေဖြင့် တရားမဝင် အလုပ်သမားများအား ဖမ်းသည့် လုပ်ဆောင်မှုသည် ၎င်းတို့ ဥပဒေအတိုင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ သို့သော လူမှုရေးအရ ၊ လူ့အခွင့်အရေး ရှုထောင့်အရ လုပ်ဆောင်သင့်ကြောင်း ပြောပြသည်။

လက်ရှိတွင် ထိုင်းအာဏာပိုင်များသည် စီမံချက်အရ တရားမဝင်လုပ်သားများအား စစ်ဆေးဖမ်းဆီးမှုပြုလုပ်နေရာ မြန်မာလုပ်သားအများအပြားဖမ်းဆီးခံနေရသည်။ ထိုင်း – မြန်မာနယ်စပ်မြို့ဖြစ်သော မဲဆောက်မြို့တွင်လည်း ထိုင်းအာဏာပိုင်များက စစ်ဆေးဖမ်းဆီးမှုများ နေ့စဥ်ပြုလုပ်နေရာ မြန်မာများ ဖမ်းဆီးခံနေရသည်။

“အဲဒီ ထိုင်းကတော့ သူတို့ လုပ်တဲ့အတိုင်းပဲလေ။ တရားမဝင်တဲ့ အလုပ်သမားတွေ ဖမ်းပြီးတော့ အဲဒီ မြန်မာပြည်ကို ပြန်ပို့တာ။ အဲဒါ သူတို့ လုပ်ရတာပဲလေ။ ဥပဒေအတိုင်း သူတို့ လုပ်တာ။ ကျနော်တို့မြန်မာပြည်ဘက်ခြမ်းကပဲလိုတာ။ ဒါပေမဲ့ လူမှုရေးနဲ့ လူ့အခွင့်အရေးကဏ္ဍမှာ ကြည့်မယ်ဆိုရင် သူတို့က သတိထားရမှာပေါ့။ အခုလောလောဆယ်က ဗမာပြည်က စကစတွေက အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတာ”ဟုပဒိုစောအယ်နားက ပြောသည်။

KNU တပ်မဟာ(၄)ထံ ရောက်ရှိခိုလှုံလာသည့် စစ်းသားစုဆောင်းခံရသည့် လူငယ်များသည် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးကို ရှင်းလင်းပြီး အဆိုပါ တပ်ဖွဲ့ဝင် နှစ်ဦး၏ လက်နက် ၂လက်ကိုလည်း ယူဆောင်လာခဲ့သည်။

စစ်ကောင်စီသည် နိုင်ငံတဝန်းတိုက်ပွဲများအတွင်း အထိနာလျက်ရှိရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးထိခိုက်မှု၊ ထွက်ပြေးမှု၊ စစ်သုံ့ပမ်းအဖြစ် ဖမ်းဆီးခံရမှု ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသည်။ ထိုသို့ အင်အားပြုန်းတီးလာမှုနှင့် စစ်ရှုံးနေသည့် စစ်ကောင်စီက လူငယ်၊ လူရွယ်များအား စစ်သားစုဆောင်းရန် ယခုနှစ်ဆန်းတွင် စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ပြီး မြို့ရွာများ၌ လူသစ်စုဆောင်းမှုများ ပုံစံမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။

စစ်ကောင်စီ၏ ထိုသို့ စစ်သားစုဆောင်းမှုကြောင့် ထိုင်းနိုင်ငံအပါအဝင် နိုင်ငံရပ်ခြားသို့ တရားဝင်နည်းလမ်း၊ တရားမဝင်နည်းလမ်းများဖြင့် သွားရောက်သည့် လူငယ်၊ လူရွယ်များစွာရှိခဲ့သည်။ ထို့ပြင် တော်လှန်ရေးဘက်သို့ လာရောက်ပြီး လက်နက်ကိုင်တိုက်ပွဲဝင်မည့် လူငယ်များလည်းရှိရာ လူငယ်ထောင်ချီကို စစ်သင်တန်းပေးပြီးဖြစ်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တောင်းပိုင်းစစ်ဒေသက ဒုစစ်ဒေသမှူး ရဲဘော်စောရှားက ဩဂုတ်အတွင်းက ပြောထားသည်။

” စစ်ကောင်စီရဲ့ အဓမ္မစစ်ကျွန်ပြုမှုကို ဆန့်ကျင်တဲ့လူငယ်တွေဟာ ကျနော်တို့ တောင်ပိုင်း စစ်ဒေသကိုလည်း ထောင်နဲ့ချီပြီး ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အခု ၂၀၂၄ ခုနှစ်အတွင်းမှာ ဆိုရင် တောင်ပိုင်းရဲ့ စစ်ဒေသခွဲ ၃ခုလုံးမှာ အခြေခံစစ်ပညာသင်တန်းများ၊ NCOသင်တန်းများ၊ အထူးတိုက်ခိုက်ရေးနဲ့ ကွန်မန်ဒိုသင်တန်းများ ဆက်တိုက်စီစဉ်ပြီး PDF တပ်မတော် အားကောင်းသထက် အားကောင်းအောင် ဆောင်ရွက်နေပါတယ်”ဟု ရဲဘော် စောရှား၏ ပြောကြားချက်ကို တောင်ပိုင်းစစ်ဒေသက ဩဂုတ် ၂၃ရက်တွင် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီအနေဖြင့် လက်ရှိတွင် လူငယ်များသာမက အသက်ကြီးပိုင်း အမျိုးသားများကိုပါ စစ်မှုထမ်းခိုင်းရန် ကြိုးပမ်းနေပြီး မြို့ရွာများ၊ ခရီးသွား ပြည်သူများကို ဖမ်းဆီးပြီး လူသစ်စုဆောင်းခြင်း၊ ဖမ်းဆီးပြီး ငွေဖြင့်ရွေးခိုင်းခြင်းတို့ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရှိုင်း/People’s Spring ရက္ခိုင့်တပ်တော်(AA)ကမောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အပါအဝင် အကျဉ်းသားများ ထားရှိရာ မောင်တော်မြို့ (၄)မိုင် နယ်ခြားစောင့်တပ်ဖွဲ့ခွဲ(နခခ-၂) ကို စစ်ကောင်စီလေတပ်က လေကြောင်း တိုက်ခိုက်ခဲ့ရာတွင် သေဆုံးထိခိုက်ခဲ့သည့် အကျဉ်းသားများ၏ ရုပ်အလောင်းများ မှတ်တမ်းနှင့် ဒဏ်ရာရ အကျဉ်းသားများအား AAက ဆေးကုသပေးနေသည့် မှတ်တမ်းကို...

သတင်း

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ဆုံးရှုံးနယ်မြေများ ပြန်ယူမည်ဟု ပြောဆိုပြီး လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်ရာတွင် စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခြင်းထက် အရပ်သားပစ်မှတ်များကိုသာ တိုက်ခိုက်နေ၍ ရက်ပိုင်းအတွင်း အရပ်သားအများစု အပါအဝင် လူဦးရေ ၁၀၀ကျော် သေဆုံးခဲ့ရဟု ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားသည်။

သတင်း

ရှမ်းမြောက် လားရှိုးမြို့နယ်နမ့်ပေါင်ရွာအနီး နမ္မ ကျောက်မီးသွေးတွင်းကို စစ်ကောင်စီက ယမန်နေ့ တွင် လေကြောင်း တိုက်ခိုက်ခဲ့ရာ အဆောက်အဦး အချို့ ပျက်စီးခဲ့သော်လည်း ပြည်သူ ထိခိုက်မှုမရှိကြောင်းကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်သည်။

သတင်း

မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှု သိသိသာသာတိုးလာကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်က ထုတ်ပြန်သည်။

Facebook