ဟန်နွေ/People’s Spring
ရှမ်းမြောက် လားရှိုးမြို့နယ်နမ့်ပေါင်ရွာအနီး နမ္မ ကျောက်မီးသွေးတွင်းကို စစ်ကောင်စီက ယမန်နေ့ တွင် လေကြောင်း တိုက်ခိုက်ခဲ့ရာ အဆောက်အဦး အချို့ ပျက်စီးခဲ့သော်လည်း ပြည်သူ ထိခိုက်မှုမရှိကြောင်းကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်သည်။
စက်တင်ဘာ၈ရက်နှင့် ၉ရက်တွင်လားရှိုးမြို့အားလေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် စက်တင်ဘာ ၁၀ရက်တွင် ထပ်မံ၍ ကျောက်မီးသွေးတွင်းကို တိုက်ခိုက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။နမ္မကျောက်မီးသွေးတွင်းတိုက်ခိုက်ခံရမှုသည် MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီက ၃ရက်ဆက်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။
“စစ်ကောင်စီဘက်မှ စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများကိုလူသားချင်းစာနာမှုမရှိစွာဖြင့်ရက်ရက်စက်စက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေမှုများကြောင့် ပျက်စီးဆုံးရှုံးမှုများပြားခဲ့ရသည့်အပြင် အသက် အိုးအိမ် စည်းစိမ်များထိခိုက်ဆုံးရှုံးနေခြင်းကြောင့် ပြည်သူအများ ထိတ်လန့်တုန်လှုပ်နေကြကြောင်း မြေပြင်သတင်းများအရသိရှိရပါတယ်” ဟု လားရှိုးမြို့ ပြန်လည်ထူထောင်ရေး Facebook စာမျက်နှာက ဖော်ပြသည်။
အာဏာသိမ်းတပ်သည် လားရှိုးမြို့၌ စစ်နယ်မြေမဟုတ်သော ဒေသများတွင် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်ခဲ့ပြီး အရပ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိကာ အိမ်ခြေအမြောက်အမြား ပျက်စီးခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။
အာဏာသိမ်းတပ်ဖွဲ့၏ လူမဆန်စွာ ခွဲခြားဆက်ဆံသော ဗုံးကျဲတိုက်ခိုက်မှု သည် စစ်ပြီးခေတ် ပြည်သူများ၏ စားဝတ်နေရေး ပြန်လည် တည်ဆောက်ရေး ကို အဟန့်အတား ဖြစ်စေခဲ့ပြီး ပြည်သူများကို ထိတ်လန့်မှု ဖြစ်စေခဲ့သည်ဟု MNDAAက ဆိုသည်။
ကျောက်မီးသွေးတွင်း လေကြောင်း တိုက်ခိုက်ခံရအပြီး တာဝန်ရှိသူများအခင်းဖြစ်ရာသို့သွားရောက်ကာ ဒေသခံများကို နှစ်သိမ့်ပေးခဲ့ကြောင်း၊ပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကိုလည်း ရှာတွေ့ခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။
စစ်ကောင်စီသည် လားရှိုးအပြင် တအာင်း၊ ရက္ခိုင်၊ ချင်း၊ ကရင်နီ၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ မန္တလေး၊ ကရင် စသည့် ဒေသအသီးသီးတွင် လေကြောင်း တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့၍ ကလေးငယ်၊ အမျိုးသမီး အပါအဝင် အရပ်သားများစွာ သေဆုံးထိခိုက်ခဲ့ရသည်။