close
Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့ကို စစ်ကောင်စီ နှစ်ရက်ဆက်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသော ရှမ်းမြောက်ရှိ နောင်ချိုမြို့ကို စစ်ကောင်စီက နှစ်ရက်ဆက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်။

နောင်ချိုမြို့အား စစ်ကောင်စီ ယနေ့လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ

ကိုပုဂံ/People’s Spring

တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသော ရှမ်းမြောက်ရှိ နောင်ချိုမြို့ကို စစ်ကောင်စီက နှစ်ရက်ဆက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်။

ယနေ့(စက်တင်ဘာ ၁၄ရက်) နေ့လည် ၁၂နာရီခွဲခန့်တွင် အေရှားဝေါတိုးဂိတ်အနီး ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ရာ နေအိမ်အချို့ ပျက်စီးခဲ့သည်ဟု နောင်ချိုမြို့ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

နောက်ထပ် နှစ်လုံးမှာ သပြေရေရပ်ကွက်အနီးကျရောက်ပြီး တစ်လုံးမှာမူ ပေါက်ကွဲခြင်းမရှိဟု ကြားသိရကြောင်း ဒေသခံက ဆိုသည်။

“ဂျက်ဖိုက်တာနှစ်စီးနဲ့ လာချတာ။ ပထမနှစ်လုံးကတော့ လူထိခိုက်မှုမရှိ။ နောက်နှစ်လုံးကတော့ စုံစမ်းနေတုန်း”ဟု နောင်ချိုဒေသခံက ပြောသည်။

စစ်ကောင်စီသည် ယမန်နေ့ကလည်း နောင်ချိုမြို့ကို လေကြောင်းမှ ဗုံး ၁၃လုံးကြဲတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီသည် စက်တင်ဘာ ၁၃ရက် နေ့လည်ပိုင်းတွင် နောင်ချိုမြို့ရှိ အရပ်သား ပြည်သူလူထုအား ဦးတည်ကာ လေကြောင်းမှ ဗုံး ၁၃လုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ နေ့လည် ၁၂နာရီခွဲမှစ၍ ၁နာရီကြာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း TNLAက အသိပေးသည်။

ယမန်နေ့က တောင်းခမ်းတိုက်ပွဲမှ ရဲဘော်များ ရှေ့တန်းမှပြန်လာရာ ဒေသခံပြည်သူအချို့က ကြိုဆိုကြသည် ဆို​သောရုပ်သံမှတ်တမ်းတစ်ခု လူမှုကွန်ရက်တွင် ပြန့်နှံ့လာပြီးနောက် စစ်ကောင်စီလော်ဘီများက ဗုံးကြဲတိုက်ခိုက်ရန် စတင်လှုံ့ဆော်ပြီး မကြာမီ လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

TNLA၏ ယမန်နေ့ညပိုင်း ထုတ်ပြန်ချက်တွင် တောင်းခမ်း၌ စစ်ကောင်စီ၏ အမတ (၃၅၄) တပ်စခန်းတွင် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု ဖော်ပြထားသည်။

နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်၌ရှိသော တောင်းခမ်းကျေးရွာ၌ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နှင့် ယင်းလက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်သော အမတ(၃၅၄)၊ အမတ (၂၀၆)၊ အမတ(၄၀၆)တို့ တည်ရှိသည်။ မစခ-၉၀၂ သည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) နယ်မြေအတွင်း တစ်ခုတည်းသော အမြောက်တပ်ကွပ်ကဲမှုဌာနချုပ်ဖြစ်ပြီး ၎င်း၏ လက်အောက်တွင် အမြောက်တပ်ရင်း ၁၃ ရင်းရှိသည်။

TNLA က အမတ(၄၀၆)နှင့် အမတ(၂၀၆)တို့ကို သြဂုတ် ၂၈ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်းသြဂုတ် ၂၉ရက်တွင် ထုတ်ပြန်ထားသည်။ ထို့ကြောင့် လက်ကျန်ဖြစ်သော မစခ-၉၀၂နှင့် အမတ(၃၅၄)တပ်ရင်းနှစ်ခု ဆက်လက်သိမ်းပိုက်ရန် ကြိုးပမ်းရာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တိုက်ပွဲအတော်ပြင်းထန်ခဲ့သည်။ အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများ သေဆုံးမှုများပြားခဲ့သည်ဟု လွေးယေဦးက ပြောထားသည်။

ထို့ကြောင့် ယမန်နေ့ည ထုတ်ပြန်ချက်တွင် အမတ(၃၅၄)တပ်ရင်းတွင်သာ တိုက်ပွဲဖြစ်ပွားသည်ဟုဖော်ပြထားပြီး မစခ-၉၀၂နှင့်ပတ်သက်၍ မပါရှိပေ။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်အချို့ကလည်း တောင်းခမ်းရှိ မစခ-၉၀၂အပါအဝင်တပ်ရင်းများအားလုံး ကျသွားပြီဟု ဆက်တိုက်ဖော်ပြနေကြသည်။ ထို့အပြင် စစ်ကောင်စီတပ်များ ပြန်လည်စုဖွဲ့ပြီးထိုးစစ်ဆင်လျက်ရှိရာ တပ်များ ပြန်ရမရ စောင့်ကြည့်ရမည်ဟုလည်း ရေးသားထားသည်။

ထိုသို့ဖော်ပြမှုနှင့် ဒေသခံများက တောင်းခမ်းရွာသိမ်းပိုက်ရပြီဟု ပြောဆိုနေမှုများနှင့်ပတ်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ ယမန်နေ့ ညနေပိုင်းတွင် မေးမြန်းရာ အတည်မပြုနိုင်သေးဟုသာ ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတဝန်း ရေဘေးရင်ဆိုင်နေရချိန် စစ်ကောင်စီတပ်က တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားသည့် နယ်မြေများကို လေကြောင်း တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လျက်ရှိရာ ယနေ့ (စက်တင်ဘာ ၁၄ရက်) နေ့လည်တွင်လည်း နောင်ချိုမြို့ကို ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးဖြင့်လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပြည်သူလူထုနေအိမ်များ မီးရှိုဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ရာတွင် ပူးပေါင်းပါဝင်ခဲ့သူများအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဖမ်းမိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

သတင်း

လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာကို ယမန်နေ့ညက စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သားငါးဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့သည်။

သတင်း

လားရှိုးနှင့် ကျောက်မဲကို ဗုံးကြဲ လေယာဉ်ပတ်နေ

Facebook