ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုတ်စီကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။
ယနေ့(စက်တင်ဘာ၂၆ရက်) နေ့လယ် ၁၂ နာရီခွဲခန့်က ရေဦးမြို့ပေါ်မှလာသော အင်အား ၁၂၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် မုတ်စီကျေးရွာကို ဝင်ရောက် မီးရှို့ ဖျက်ဆီးနေ၍ မုတ်စီရွာအပြင် အနီးဝန်းကျင်ရှိကျေးရွာများပါ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
“ခုတော့ စခတွေပြန်ထွက်သွားပါပြီ။ မီးရှို့ဖျက်ဆီးပြီးတော့။ အိမ်ခြေအရေအတွက်ကတော့ စုံစမ်းဆဲပါ။တိုက်ပွဲလည်းမရှိပါဘူး။ တမင်သက်သက်မီးဝင်ရှို့တာပါ။”ဟု အဖြူရောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရေဦးမြို့ပေါ်မှ စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် သြဂုတ် ၃၀ ရက်ကလည်း မုတ်စီကျေးရွာကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။
မုတ်စီရွာသည် အိမ်ခြေ ၃၇၀ နီးပါးရှိပြီး ရေဦး-ဒီပဲယင်းလမ်းပေါ်တွင်တည်ရှိကာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က မကြာခဏ မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာတစ်ရွာဖြစ်သည်။
စစ်ကောင်စီအာဏာသိမ်းကာလအတွင်း ၂၀၂၄ ဇူလိုင်လကုန်အထိ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နိုင်ငံတဝှမ်း အိမ်ခြေပေါင်း ၁၀၁,၄၆၃ လုံး ပျက်စီးခဲ့ရပြီး စစ်ကိုင်းတိုင်းမှာ ၇၃,၁၁၄ လုံး ပျက်စီးခဲ့ကာ တစ်နိုင်ငံလုံး၏ ၇၂ ရာခိုင်နှုန်းကျော်ရှိခဲ့သည်။