ရဲခေါင်/People’s Spring
ရေဘေးလှူသည့် K pay အကောင့်များကို ကမ္ဘာဇ(KBZ )ဘဏ်က ပိတ်သိမ်းရှိနေသလို၊ Kpay Call Center အမည်ဖြင့် လိမ်လည်မှု ရှိလာကြောင်း ရန်ကုန်မြို့နေသူများက လူထုနွေဦးသို့ ပြောသည်။
FNCC Burma Fact Check Community ၏ အချက်အလက်များအရ ယခုရက်ပိုင်းအတွင်း ရေဘေးကူရင်း K pay အကောင့်ပိတ်ခံရသည့် ပြည်သူ ၄၃၂ ဦး အထိရှိနေကာ ထိုအနက် ၉၃ ဦးကို Kpay အကောင့်သာမက Kpay Acc ဖွင့်ထားသည့် Sim Card ကိုပါ ပိတ်ခံလိုက်ရပြီး Banking အထိ အပိတ်ခံရသူ ၃၄ ဦး ရှိကြောင်း ဖော်ပြထားသည်။
“လာရောက်သတင်းပို့တဲ့ ပြည်သူတွေရဲ့ စာရင်းအရသိရတဲ့ အရေအတွက်ပါ။ Call Center ကို ဆက်သွယ်ရင်လည်း အထက်က ပိတ်ခိုင်းလို့ဆိုတဲ့ အကြောင်းပြချက်ရယ်၊ ငွေကြေးခဝါချမှု ဆိုတဲ့ အကြောင်းပြချက်ရယ်နဲ့ ဝေ့လည်ကြောင်ပတ်လုပ်နေပြီးတိတိကျကျ အဖြေ မပေးကြောင်းလဲ သိရပါတယ်”ဟု FNCC တာဝန်ရှိသူက ပြောသည်။
ရေဘေးလှူမှုကြောင့် ပိတ်ခံရသည့် K pay အကောင့် များထဲမှ ငွေ ပမာဏ စုစုပေါင်းသည် မြန်မာကျပ်ငွေ သိန်း ၆,၃၂၀ သိန်း ခုနှစ် သောင်း လေးထောင့် နှစ် ရာ တစ်ဆယ့်လေးကျပ် တိတိရှိကြောင်းလည်း FNCCက ဖော်ပြထားသည်။
“ရမည်းသင်းရေဘေးအတွက် အကောင့်ထဲမှာ သုံးသိန်းရှိတာ။တစ်သိန်းလှူလိုက်တယ်။အဲဒါ နဲ့ ခဏနေကြတော့ အကောင့်ပါပိတ်ခံလိုက်ရတယ်။KBZ ဘဏ်ကို ဆက်သွယ်တော့ သူတို့စစ်ဆေးနေလို့ပါဆိုပြီး ပြောတယ်။အခု ဒီနေ့နဲ့ဆို တစ်ပတ်ကျော်ပြီ။ပြန်မရသေးဘူး”ဟု ဒဂုံမြို့နေပြည်သူတစ်ဦးက ပြောသည်။
ထိုသို့ဖြစ်စဥ် အများအပြားပေါ်ပေါက်နေသော်လည်း ကမ္ဘောဇဘဏ်ကစက်တင်ဘာ ၂၆ ရက်အထိ့မည်သို့မျှ ထုတ်ပြန်ရှင်းလင်းခြင်းမရှိသေးပေ။၎င်းတို့၏ တရားဝင်ဖေစ်ဘွခ်က ဘဏ်ဝန်ဆောင်မှုနှင့် ရေဘေးအလှူများအကြောင်းသာဖော်ပြပြီး ငွေလွှဲရင်းဘဏ်အကောင့်အပိတ်ခံရသူများနှင့်ပတ်သက်၍ တစုံတရာထုတ်ပြန်ခြင်းမရှိသေးပါ။
ထိုအပြင် Kpay Call Centerအမည်ခံကာ KPay အကောင့်များ အပိတ်မခံရရန် Level 3 အဆင့်မြှင့်တင်ရမည်ဆို၍ ဖုန်းဆက်သွယ်၍ လိမ်လည်မှုများ ရှိလာသည်။သို့သော် ထိုသို့လိမ်လည်မှုကို မည်သည့် ပုဂ္ဂိုလ် အဖွဲ့အစည်းက ပြုလုပ်ကြောင်းမသိရပေ။
“Kpay Call Center ကနေပါဆိုပြီး မိတ်ဆက်တယ်။ပြီးတော့ ဗဟိုဘဏ်ရဲ့ လမ်းညွှန်ချက်အရ အကောင့်ကို Level 3 မြှင့်မှရမယ်ဆိုပြီးပြောတယ်။ကုဒ်ချပေးတာ ကို ဝင်ရမယ်ဆိုပြီး ပြောတယ်။ဝင်လိုက်တော့ အကောင့် ထဲမှာ ပိုက်ဆံ တစ်ထောင်ကျော်ပဲရှိတာ အကုန် ပါသွားတယ်”ဟု ကမာရွတ်မြို့နယ်နေသူတစ်ဦးက ပြောသည်။
အလားတူ လိမ်လည်မှု ဖြစ်စဥ်သည် ယခုရက်ပိုင်းအတွင်း မြောက်ဒဂုံ၊မရမ်းကုန်း၊အင်းစိန်မြို့နေ ပြည်သူများထံသို့ ဆက်သွယ်လာမှုရှိခဲ့သည်ဟုလည်း သိရ သည်။
“မနေ့က(စက်တင်ဘာ ၂၅ ရက်)နေ့လည်ပိုင်းလောက်က ဆက်တာ။အကောင့်တွေပိတ်နေတယ်။Level 3 မြှင့်ရမယ်။မြှင့်မယ်ဆို သူတို့ မက်ဆေ့ပို့လိုက်တဲ့ ကုဒ်ထဲဝင်ရမယ်ပေါ့။အဲဒါနဲ့ ကျွန်မ အကောင့်ထဲမှာ ပိုက်ဆံမရှိဘူးပြောလိုက်တယ်”ဟု မြောက်ဒဂုံမြို့ခံတစ်ဦးက ပြောသည်။
အင်းစိန်မြို့နေသူတစ်ဦးကလည်း “ရေ ချိန်ကိုက်လှုပ်ရှားကြတာ။KBZ ဘဏ်က အကောင့်တွေပိတ်နေတဲ့အချိန် လူထုစိုးရိမ်မှုကို အခွင့်ကောင်းယူပြီး လိမ်တာပေါ့။ကျွန်တော့်အထင် လိမ်နေတဲ့အဖွဲ့မှာ KBZ ဘဏ်က လူတွေ ပါတယ်ထင်တယ်။ဘဏ်လုပ်ငန်စဥ်ကိုသိကြတယ်။လိမ်တာလည်း ပိပိရိရိနဲ့။ကျွန်တော်ဆီ ဆက်သွယ်တော့ ဆဲလွှတ်လိုက်တယ်။ဘာမှဆက်မပြောဘဲ ဖုန်းပါချသွားတယ်” ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KBZ Bank က ပိတ်လိုက်သည့် K Pay အကောင့် ၁၃,၀၀၀ ကျော်ရှိပြီး ကန့်သတ်ခံရခြင်း ယာယီပိတ်ခံရသည့် အကောင့်များပါဝင်ပါက ဘဏ် အကောင့်ပေါင်း ၈ သောင်း၀န်းကျင်ရှိကြောင်း FNCC က အသိပေးသည်။
ထိုကြောင့်ရေဘေးဖြစ်လာသောအခါ စစ်ကောင်စီနှင့်နီစပ်သည့် ကမ္ဘောဇဘဏ်က ရေဘေးအတွက် ကျပ် ၁၀ ဘီလီယံ လှူဒါန်းကြောင်းကြေညာမှုအပေါ်. ဘဏ်အကောင့်အပိတ်ခံရသောပြည်သူများက၎င်းတို့ထံမှ ရယူထားသောငွေများဖြင့် မျက်နှာလုပ်၍ လှူနေခြင်းဖြစ်ကြောင်း ရေသားပြောဆိုနေကြသည်။