ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရှားလွင်ကျေးရွာလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူ သုံးဦးအထိရှိလာပြီး ယမန်နေ့ညက လေကြောင်းထပ်မံလာရောက်တိုက်ခိုက်ခဲ့၍ ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၂၅ရက် ည ၁၀နာရီခွဲခန့်က ခင်ဦးမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားလမ်းအရှေ့ခြမ်းရှိ ရှားလွင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်သူများအနက် ဒဏ်ရာပြင်းထန်သည့် အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့၍ စုစုပေါင်းသေဆုံးသူ သုံးဦးအထိရှိလာကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြင်းထန်ဒဏ်ရာရသူများလည်းရှိပြီး ခြေလက်အင်္ဂါအစိတ်အပိုင်းများ ပြတ်တောက်သူများလည်းရှိနေကြောင်း သိရသည်။
ထို့အပြင် ယမန်နေ့(စက်တင်ဘာ၂၆ရက်)ည ၆နာရီ ၄၅ မိနစ်နှင့် ၇ နာရီခန့်ကလည်း ရှားလွင် ကျေးရွာအနီးကို လေကြောင်းထပ်မံတိုက်ခိုက်ရာ ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
“နှစ်ခါလာတာ နှစ်ရွာပစ်သွားတယ်။ ရှားလွင်အရင်ပစ်တာ။ ရှားလွင်ပြီးတော့မောင်းကျောက်တောရွာ။ ရှားလွင်ကတော့ ထိခိုက်မှုမရှိဘူး။ မောင်းကျောက်တောကတော့ အမျိုးသားတစ်ယောက်ရယ်၊ အမျိုးသမီးတစ်ယောက်ရယ် ထိခိုက်မှုရှိတယ်။ နွားသုံးကောင်သေတယ်။”ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။
စက်တင်ဘာ ၂၅ရက်တိုက်ခိုက်မှုအတွင်း ရှားလွင်ကျေးရွာရှိ နေအိမ် ၁၀လုံးခန့် ပျက်စီးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသူများ၏ အသေးစိတ် အချက်အလက် များအား လက်တလော မသိရသေးပေ။
ရှားလွင်ကျေးရွာမှာ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၂ အတွင်းက နှစ်ကြိမ်ထက်မနည်း မီးရှို့ဖျက်ဆီးခံရပြီးနောက် ပြည်သူများမှာ ကျေးရွာအတွင်း နေထိုင်ခြင်းမရှိတော့ဘဲ ရွာပြင်တွင်တဲထိုးနေထိုင်နေခြင်းဖြစ်ကြောင်း၊ ယခုအခါ ရွာပြင်အထိ ဗုံးလာကြဲ၍ ပြည်သူများ ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ရှားလွင်ကျေးရွာကို ပြီးခဲ့သည့် သြဂုတ် ၂၁ရက် ကလည်းတစ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။
မြေပြင်၌ စစ်ရေးရှုံးနိမ့်နေသော အာဏာသိမ်းစစ်တပ်သည် စက်တင်ဘာလအတွင်း လေကြောင်းမှ တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး ပြည်သူထိခိုက်သေဆုံးမှုများပြားနေသည်။
ထို့အပြင် စက်တင်ဘာ၂၆ရက်နံနက်ပိုင်းကလည်း ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်များအပါအဝင်စစ်ရှောင်ပြည်သူ ၁၃ ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့သည်။
စက်တင်ဘာ ၂၀ရက်မှ ယနေ့အထိ ခုနစ်ရက်အတွင်း မန္တလေးတိုင်း၊ စဥ့်ကူး၊ မတ္တရာ၊ မြင်းခြံ၊ ငါန်းဇွန်၊ မကွေးတိုင်း၊ ရေစကြို၊ မြိုင်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ သီပေါ၊ လားရှိုး၊ ကချင်ပြည်နယ် ဖားကန့်၊ ရခိုင်ပြညွနယ် သံတွဲ၊ တောင်ကုတ် အစရှိသည့်ဒေသများအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၄၈ဦးထက်မနည်း သေဆုံးပြီး ၈ဝကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
စစ်ကောင်စီသည် ပြည်သူများရေဘေးဒုက္ခရောက်နေချိန်၌ပင် လေကြောင်းတိုက်ခိုက်မှုပိုလုပ်လာ၍ ရန်သူပီသသည့် စစ်ကောင်စီ၏ လုပ်ရပ်ကိုသတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ဦးမန်းဝင်းခိုင်သန်းက သတိပေးထားသည်။