ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့တွင် တော်လှန်ရေးရဲဘော် PDF အယောင်ဆောင် ပြည်သူများထံ ခြိမ်းခြောက်ငွေတောင်းနေသူတစ်ဦးအား ဖမ်းဆီးရမိကြောင်း ကန့်ဘလူခရိုင် အမှတ်(၄)တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။
ဇီးကုန်းမြို့၊ နဂါးပေါ်ရပ်ကွက်တွင်နေထိုင်သည့် သန်းထိုက်ဦး(ခ)ငသီးသည် PDF အယောင်ဆောင်ကာ ပြည်သူများအပေါ် ခြိမ်းခြောက်ငွေညှစ်တောင်းခံနေသောကြောင့် ကန့်ဘလူခရိုင် အမှတ်(၄)တပ်ရင်း၊ စစ်ထောက်လှမ်းရေးဌာနက ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း အဆိုပါတပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။
“သူက အရင်က PDFထဲလည်း မ၀င်ဖူးပါဘူး။ ခြိမ်းခြောက်ငွေညှစ်ခံရတဲ့ ပြည်သူအရေအတွက်ကတော့ ငွေညှစ်ခံရသူများရဲ့လုံခြုံရေးအရ ပြောလို့အဆင်မပြေပါခင်ဗျ။ ပြည်သူတချို့ပါ။ လိုအပ်တာတွေကို ဆက်လက်စုံစမ်းစစ်ဆေးပြီး ဥပဒေအတိုင်းဆောင်ရွက်သွားမှာပါ။ပြည်သူတချို့ဆီက လိမ်ယူထားတဲ့ငွေတချို့လည်း ပြန်လည်အပ်နှံတာတွေလုပ်ပြီးပါပြီ။”ဟု ကန့်ဘလူခရိုင် အမှတ်(၄)တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။
ပြည်သူများအနေဖြင့် အလားတူကိစ္စရပ်များပေါ်ပေါက်လာပါက ကန့်ဘလူခရိုင် အမှတ်(၄) တပ်ရင်းထံ တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။
အလားတူ မန္တလေး၊ မုံရွာ၊ နွားထိုးကြီး၊ မြင်းခြံ၊ပုဂံညောင်ဦးဒေသများတွင်လည်း PDF အယောင်ဆောင်၍ ပြည်သူများထံမှ ခြိမ်းခြောက်ငွေတောင်းခံမှုများဖြစ်ပွားနေ၍ ပြည်သူများသတိပြုရန်နှင့် တောင်းခံမှုကြုံရပါက PDFအဖွဲ့များထံ ဆက်သွယ်သတင်းပေးရန် ကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။