ရဲခေါင်/People’s Spring
ကရင်နီပြည်နယ်အတွင်းသန်းခေါင်စာရင်းကောက်ယူခြင်း၊ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းခြင်း နှင့် ရွေး ကောက်ပွဲဖြစ်မြောက်ရေးတွင်ပါဝင်သူများကို ပြင်း ပြင်းထန်ထန်အရေးယူမည်ဟု ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို ကထုတ်ပြန်သည်။
ထို့အပြင် လက်နက်စွန့်၍ ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံရန် အကြမ်းဖက်စစ်တပ်၏ ဖိတ်ခေါ်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဒီးမော့ဆိုအနေဖြင့် လုံးဝ လက်မခံကြောင်းလည်းအသိပေးသည်။
“စစ်ကောင်စီအနေနဲ့ သန်းခေါင်စာရင်းက အစပြုပြီး တရားမဝင်ရွေး ကောက်ပွဲ လုပ်မယ်။ပြီးရင် သူတို့ပဲရွေးချယ်မယ့် အစိုးရတစ်ရပ်တင်ပြီး နိုင်ငံတကာကို မျက်နှာပန်းပြမယ်။ဒါတွေကိုတော်လှန်ရေး အဖွဲ့တွေတိုင်းသိသလို လူထုအနေနဲ့လည်း သိကြတယ်။ဒါကြောင့် စစ်ကောင်စီရော သူအလိုအကျအတိုင်းပါ ဆောင်ရွက်မယ့်သူတွေကို ကျွန်တော်တို့အနေနဲ့ ထိရောက်တဲ့အရေးယူမှုတွေလုပ်မယ်ဆိုတာ ကြိုသတိပေးထားတာ ဖြစ်တယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ် (ဒီးမော့ဆို) တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
စစ်ကောင်စီတပ်သည် ၎င်းတို့ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကိုချေဖျက်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပပြီး ၎င်းတို့လက်ကိုင်ထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအားပြန်လည်အသက်သွင်း၍ နိုင်ငံရေးတွင် ဆက် လက်ပါဝင် ချုပ်ကိုင်ရန် ကြိုးပမ်းနေသည်ဟု လည်း ဒီးမော့ဆိုဖော်ပြထားသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ယခုနှစ်သြဂုတ်လကုန်အထိ ကရင်နီပြည်နယ်တစ်ခုထဲ၌ ပင် စစ်တပ်က သတ်ဖြတ်ထားသည့် ပြည်သူ ၅၁၅ ဦးရှိပြီး စစ်ဘေးရှောင်စဥ် သေဆုံးသူ ၁၅၄ ဦး နှင့် မတရားဖမ်းဆီးခံထားရသူ ၁၆၂ ဦးရှိကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF)ကလည်း ထုတ်ပြန်ထားသည်။
ထို့အပြင် တရားမဝင်အာဏာသိမ်းစစ်တပ်၏ ဖိတ်ခေါ်ချက် သည် ပြဿနာကို ပိုမိုဖန်တီးစေမည့် နိုင်ငံရေးအမြတ်ထုတ်မှုတစ်ခုဖြစ်ပြီး ဖိတ်ခေါ်ချက်ကို လက်ခံမည်မဟုတ်ကြောင်း ကရင်နီပြည်ကြားကာလ အုပ် ချုပ်ရေးကောင်စီ IEC ကလည်းစက်တင်ဘာ၂၉ ရက်တွင်ကြေညာခဲ့သည်။
အာဏာသိမ်းစစ်တပ်သည်ပြည်သူများအား အတင်းအဓမ္မ စစ်မှုထမ်းစေခြင်း၊သန်းခေါင်စာရင်း ကောက် ယူရန်အားထုတ်နေခြင်း ၊နိုင်ငံရေးထွက်ပေါက်ရယူရန် ရွေးကောက်ပွဲပြုလုပ်ရန်ကြိုးပမ်းခြင်း၊ဒီမိုကရေစီအင်အားစုများအကြား သွေခွဲရန်ရည်ရွယ်ချက်ဖြင့် အတုအယောင်ငြိမ်းချမ်းရေးကမ်းလှမ်းခြင်းစသည့် အချက်များ ပါဝင်သည့် ထုတ်ပြန်ချက် တစ်ခု ပြု လုပ်ခြင်းဟုဆိုသည်။
အဆိုပါ ထုတ်ပြန်ဖိတ်ခေါ်ချက်သည် လက်ရှိ နိုင်ငံရေး အကြပ်အတည်းအတွက် အဖြေမဟုတ်ဘဲ ပြဿနာကို ပိုမိုဖန်တီးစေမည့် နိုင်ငံရေးအမြတ်ထုတ်မှုတစ်ခု ဖြစ် သည်ဟု IEC က ရှုမြင်သည်။
ထို့ကြောင့် IEC သည် တရားမဝင်အာဏာသိမ်းစစ် တပ်၏ ဖိတ်ခေါ်ချက်ကိုလက်ခံညှိနှိုင်းမည်မဟုတ်ဘဲ စစ်မှန်သော ဖယ်ဒရယ်စနစ်ဖြစ်ပေါ်ရေးကြိုးပမ်းမည် ဖြစ်ကာ ကရင်နီပြည်အတွင်း ၎င်းတို့၏မတရားလုပ် ဆောင်မှုကို တားမြစ်သွားမည်ဟု အသိပေးထားသည်။