close
Connect with us

Hi, what are you looking for?

သတင်း

စစ်ပွဲရပ်ရန် တရုတ်၏ ဖိအား​ပေးမှု ပြည်တွင်းစစ် ပိုမိုကြီးထွားလာရန်ဖန်တီး​ပေးရာ​ရောက်​ကြောင်း စစ်​ရေး​နိုင်ငံ​ရေးအကဲခတ်များသုံးသပ်

တရုတ်နိုင်ငံသည် မြန်မာပြည် စစ်ပွဲများရပ်တန့်ရေးအတွက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ(EROs)အား ဖိအားပေးနေမှုများမှာ တရားမျှတမှု မရှိသည့်အပြင် ပြည်တွင်းစစ် ပိုမိုကြီးထွားလာစရာအကြောင်းအချက်များကို ဖန်တီးပေးရာရောက်ကြောင်း နိုင်ငံရေး၊ စစ်ရေးအကဲခတ်များက သုံးသပ်ကြသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Lin Jian ။ ဓါတ်ပုံ-China Embassy

အီယိုရီ/People’s Spring

တရုတ်နိုင်ငံသည် မြန်မာပြည် စစ်ပွဲများရပ်တန့်ရေးအတွက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ(EROs)အား ဖိအားပေးနေမှုများမှာ တရားမျှတမှု မရှိသည့်အပြင် ပြည်တွင်းစစ် ပိုမိုကြီးထွားလာစရာအကြောင်းအချက်များကို ဖန်တီးပေးရာရောက်ကြောင်း နိုင်ငံရေး၊ စစ်ရေးအကဲခတ်များက သုံးသပ်ကြသည်။

သြဂုတ် ၂၉ ရက်စွဲဖြင့် တရုတ်နိုင်ငံ ရွှေလီမြို့လုံခြုံရေးကော်မတီက တအာင်းတပ်မတော်(TNLA)အား စစ်ပွဲများရပ်တန့်ရန် ဖိအားပေးခြိမ်းခြောက်စာတစ်စောင် ပေးပို့ခဲ့ရာ စာနှင့်ပတ်သက်၍ TNLA က လက်ခံရရှိကြောင်း ယမန်နေ့(သြဂုတ် ၃၀ရက်)တွင် အတည်ပြုခဲ့သည်။

Public Service Announcement

Public Service Announcement

ယနေ့(သြဂုတ် ၃၁ရက်)တွင်လည်း ရန်ကုန်မြို့ရှိ တရုတ်သံရုံးက TNLA ထံပေးပို့သည့်စာနှင့်ပတ်သက်၍ ငြင်းဆိုခြင်းမပြုဘဲ မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေ အရှိန်လျော့ကျလာစေရန် မြှင့်တင်ဖော်ဆောင်သွားမည်ဟု ထုတ်ပြန်သည်။

“တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏အခြေအနေနှင့် မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခလှုပ်ရှားမှုအခြေအနေကို များစွာဂရုပြုပြီး ဆွေးနွေးရန်နဲ့ အပစ်အခတ်ရပ်စဲရန် လုပ်ငန်းအမြဲလုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံရဲ့ အကြီးဆုံးအိမ်နီးချင်းနိုင်ငံအနေနဲ့ တရုတ်က မြန်မာနိုင်ငံ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေးအတွက် အမြဲတစေ စိတ်ရင်းအမှန်ဖြင့် မျှော်လင့်ပြီး တက်တက်ကြွကြွ ကူညီဆောင်ရွက်ပေးနေပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်မှုလုပ်ငန်းစဉ်အတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေ အရှိန်လျော့ကျလာစေရန် မြှင့်တင်ဖော်ဆောင်သွားမှာဖြစ်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Lin Jian က ပြောသည်။

တရုတ်သည် ပြည်တွင်းစစ်ရပ်စဲရေးအတွက် နည်းလမ်းပေါင်းစုံသုံးကာ ဖိအားပေးဆောင်ရွက်နေပြီး ယ​ခု ရွှေလီမှ ခြိမ်းခြောက်စာသည် သံတမန်မဆန်သော အသုံးအနှုံးများဖြင့် လွန်စွာ ရိုင်းစိုင်းပြင်းထန်ကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူ ဦးသန်းစိုးနိုင်က မှတ်ချက်ပြုသည်။

တအာင်းတိုင်းရင်းသားများနှင့်ပြည်မရှိ ဗမာတိုင်းရင်းသားအများစု၏ အားကိုးထောက်ခံမှုရရှိထားသော TNLA ထံ မြို့နယ်အဆင့်သာရှိသော ရွှေလီမြို့လုံခြုံရေးကော်မတီက ပေးပို့သော ခြိမ်းခြောက်စာတွင် ‘တရုတ်ဘက်က ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမိုလုပ်ဆောင်မည်ဖြစ်ပြီး ဖြစ်ပေါ်သည့် အကျိုးဆက်များအားလုံးကို သင်တို့ကိုယ်တိုင် တာဝန်ယူရမည်’ ဟု ဖော်ပြသည်။

တရုတ်သည် TNLA ကိုသာမက အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များကိုလည်း လူကိုယ်တိုင်ခေါ်ယူ၍ ဖြစ်စေ၊ စာဖြင့်ဖြစ်စေ ဖိအားပေးနေသည်ဟု ကြားသိရကြောင်း စစ်ရေးလေ့လာသူအချို့က ပြောသည်။ TNLA ကမူ တရုတ်ဘက်မှ ပေးပို့သောစာနှင့်ပတ်သက်၍ ဗဟိုကော်မတီအတွင်း ဆွေးနွေးနေပြီး မည်သို့မျှ အကြောင်းမပြန်သေးကြောင်း သြဂုတ် ၃၀ ရက်တွင် လူထု​နွေဦးသို့ ပြောသည်။

တရုတ်သည် အာဏာသိမ်းစစ်ကောင်စီကို ဖိအားပေးတောင်းဆိုခြင်းမတွေ့ရဘဲ လက်တွေ့တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတဝန်းအကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင် နေကာ ၎င်း၏ စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ မြေပြင်စစ်ကြောင်းများက ပြည်သူလူထုကို သတ်ဖြတ်ခြင်း၊ ဓားစာခံအဖြစ် ဖမ်းဆီးခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းစသည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေခြင်းဖြစ်သည်။

“အဲဒီမင်းအောာင်လှိုင်ရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး တရုတ်အနေနဲ့ တားဆီးကန့်သတ်မှု မပြုဘဲ တဖက်သတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ PDF တွေကို တောင်းဆိုလာတာက တရားမမျှတဘူး။ အဲဒီတားဆီးမှုနဲ့ ဖိအားပေးမှုတွေက ပြည်တွင်းစစ်ရပ်စဲသွားအောင် မလုပ်နိုင်တဲ့အပြင် ပိုမိုပြီးတော့ ကြီးထွားလာစရာ အကြောင်းအချက်တွေကို ဖန်တီးပေးရာရောက်တယ်လို့ မြင်ပါတယ်” ဟု နိုင်ငံရေး၊ စစ်ရေးအကဲခတ် ဦးသန်းစိုးနိုင်က ပြောသည်။

တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောကလည်း တရုတ်က မည်သည့်အတွက်ကြောင့် တော်လှန်ရေးဘက်ကို ယခုကဲ့သို့ ဖိအားပေးသည်ကို နားမလည်ကြောင်း ပြောသည်။

“ကျွန်မတို့ တိုက်ချင်လို့ တိုက်နေရတာမဟုတ်ဘူးလေ။ စစ်ကောင်စီက မလျှော့လို့ တိုက်နေရကြရတဲ့ ကိစ္စပဲ” ဟုဒေါက်တာလှကျော်ဇောက ​ပြေ သည်။

ထို့အပြင် စစ်ကောင်စီသည် ယခုအချိန်အထိ ၎င်းတို့ အောင်နိုင်သေးသည်ဟု တွက်ဆနေပြီး အလျှော့ပေးရန် စိတ်ကူးမရှိကြောင်း နှင့် ၎င်းတို့ မလျှော့မချင်း တော်လှန်ရေးအဖွဲ့များက ဆက်လက်တိုက်ခိုက်ရမည်ဖြစ်ကြောင်း ဒေါက်တာလှကျော်ဇောက မှတ်ချက်ပြုသည်။

“ဗမာ့တော်လှန်ရေးအပေါ်မှာ အသက်ရောက်နိုင်ဆုံး အင်အားက ကိုယ့်ပြည်သူ၊ ကိုယ့်အင်အားပဲဗျ။ တရုတ်က ဝင်ပြောပြော ၊ မပြောပြော ကျွန်မတို့က ကျွန်မတို့လမ်း ကျွန်မတို့ လျှောက်တော့မှာပဲ။ အဲဒီတော့ ဘေးက ဘယ်လောက်အင်အားရှိမယ်၊ မရှိမယ် ထည့်သိပ်တွက်စရာမလိုပါဘူး။ တကယ်လို့ အင်အားရှိလည်း secondary ပေါ့။ ဒုတိယအကြောင်းအရာပဲ။ အဓိက အကြောင်းအရာက ကျွန်မတို့ ပြည်တွင်းမှာပဲ ရှိပါတယ်။ ကျွန်မတို့ ပြည်သူလူထုရဲ့ အင်အားအပေါ်မှာပဲ မူတည်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

တရုတ်ရပ်တည်ချက်သည် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို သဘောမကျသည့်တိုင် စစ်တပ်ပြိုကွဲသွားမည်ကို မဖြစ်စေချင်သလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်လက်ထိန်းသိမ်းကာ ယင်းဖွဲ့စည်းပုံနှင့်အညီ ရွေးကောက်ပွဲများ ကျင်းပစေချင်သည်ကို ထင်ရှားစွာတွေ့ရကြောင်း နိုင်ငံရေးအကဲခတ်များက ရှုမြင်သည်။ သို့သော် တရုတ်၏ အဆိုပါလိုလားချက်ဆန္ဒများမှ မြန်မာပြည်သူ

လူထု၏ လိုလားချက်ဆန္ဒနှင့် လုံးဝကိုက်ညီမှုမရှိသည့်အပြင် လုံးဝမဖြစ်နိုင်သည့် အနေအထားဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်များက ပြောသည်။

“တိုင်းရင်းသားအားလုံးနဲ့ PDF တွေက နေပြည်တော်ကို သိမ်းပိုက်ဖို့ လက်တကမ်းအလိုရောက်နေချိန်မှာ စစ်ပွဲရပ်ဖို့ ပြောတာဟာ တရားမျှတမှုမရှိတဲ့အပြင် တဖက်သတ်ကျတဲ့ ဖိအားပေးမှုဖြစ်တဲ့အတွက် ကျွန်တော်တို့ ပြည်သူလူထုနဲ့ နွေဦးတော်

လှန်ရေးအင်အားစုတွေက လက်ခံမှာမဟုတ်ပါဘူး။ သူ့မူလအစီအစဥ်အတိုင်း စစ်ကို ဆက်တိုက်သွားမယ့်အနေအထားရှိမယ်လို့ ကျွန်တော်သုံးသပ်ပါတယ်” ဟု ဦးသန်းစိုးနိုင်က ပြောသည်။

ထိုအပြင် ​ရွှေလီကပို့​သောစာတွင် TNLAသည် တိုက်ပွဲများကိုချက်ချင်းရပ်တန့်ကာ မြန်မာမြောက်ပိုင်းနှင့် တရုတ်-မြန်မာ နယ်စပ်ဒေသများတွင် အေးချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းရန် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု မျှော်လင့်ကြောင်း ​ဖော်ပြထားသည်။ တရုတ်နယ်စပ်ဒေသ၊ နယ်စပ် အရပ်သူ အရပ်သားများနှင့် မြန်မာပြည်တွင်းရှိ တရုတ် ပြည်သား၊ လုပ်ငန်းများနှင့် သက်ဆိုင်သောလုံခြုံမှုများကို အာမခံပေးရန် တရုတ်ပြည်နယ်စပ် ဒေသအေးချမ်းတည်ငြိမ်ရေးနှင့် တရုတ်နိုင်ငံသား အသက်၊ ပစ္စည်းဥစ္စာ လုံခြုံရေးကို ထိခိုက်စေပြီး အန္တရာယ်ရှိ စစ်ရေး အပြုအမူကို ပပျောက်အောင်ဆောင်ရွက်ရမည်ဟု TNLA ထံသို့တရုတ်နိုင်ငံဘက်ကပေးပို့သည့် စာ၌ ဖော်ပြထားသည်။

သို့​သော် ယခုအခါ TNLA နှင့် ​တော်လှန်​ရေးအဖွဲ့များက ရှမ်းမြောက်ရှိ မြို့များကို တစ်ခုပြီးတစ်ခု သိမ်းပိုက်လျက်ရှိရာ စစ်ဆင်ရေး ၁၀ လခန့်အကြာတွင် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) အခြေစိုက်ရာ လားရှိုးမြို့ အပါအဝင် ရှမ်းမြောက်ဒေသ တစ်ခုလုံးနီးပါးကို သိမ်းပိုက်ထားပြီဖြစ်သည်။ မြန်မာ-တရုတ်နယ်စပ်တွင် တိုက်ပွဲများမရှိ​တော့ဘဲ TNLAက ပြင်ဦးလွင် မြို့၏ အဓိက ခံစစ်စခန်းလည်းဖြစ်​သော ​နောင်ချို နှင့်ပြင်ဦးလွင်ကြား ​တောင်ခမ်းရှိအ​မြောက်တပ်များကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်​နေသည်။ထို​ကြောင့်တိုက်ပွဲများမှာ နယ်စပ်တွင် မဖြစ်​​တော့ဘဲ ပြင်ဦးလွင် ၊မန္တ​လေးတိုင်းဘက်သို့ ဦးတည်တိုက်ခိုက်လာချိန်တွင်မှ တရုတ်ဘက်က စစ်ပွဲများကိုချက်ချင်းရပ်တန့်ရန် ပြင်းထန်သည့် ခြိမ်းခြောက်စာ ပေးပို့လာခြင်းလည်းဖြစ်သည်။

တဘက်တွင် စစ်​ကောင်စီကမူ သြဂုတ် ၃၀ ညတွင်လားရှိုးမြို့ကို ဗုံးကြဲခဲ့ပြီး ထိုသို့​လေ​ကြောင်းတိုက်ခိုက်မှုပြုလုပ်​သောစစ်​ကောင်စီကို နယ်စပ်​ဒေသတည်ငြိမ်​စေလိုသည်​ပြော​နေ​သော တရုတ်ကဖိအား​ပေးခြင်းရှိ ၊မရှိကိုမူမသိရ​ပေ။

ဒေါက်တာလှကျော်ဇောကလည်း ၁၉၆၂ ခုနှစ်မှစတင်ခဲ့သော စစ်အာဏာရှင်စနစ်တိုက်ပွဲတွင် ယခုကာလလောက် မျှော်လင့်ချက်အလားအလာ ကောင်းသည်မရှိခဲ့ဖူးဘဲ တော်လှန်ရေးအဖွဲ့များအားလုံး တက်ညီလက်ညီ၊ ဟန်ချက်ညီစွာ စိတ်သဘောထားကြီးကြီးဖြင့် ဆက်လက် တိုက်ပွဲဝင်ရမည်ဟု တိုက်တွန်းသည်။

စစ်ကောင်စီမရှိမှ၊ စစ်အာဏာရှင်မရှိမှ မြန်မာပြည် ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်မည်ဖြစ်၍ ယခုတော်လှန်ရေးတိုက်ပွဲကို ဆက်တိုက်ရန်လိုကြောင်း ၎င်းက ဆက်လက်တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေလီမြို့အမျိုးသားလုံခြုံရေးကော်မတီအနေဖြင့် တအာင်းတပ်မတော်(TNLA)ထံ စာပေးပို့မှုကို ပြန်လည်ရုတ်သိမ်းရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ယနေ့(သြဂုတ် ၃၁ရက်) ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီက လေကြောင်းမှ လက်နက်ခဲယမ်း ၈၅ထုပ်ကြဲချဖြည့်တင်းဟု TNLAအသိပေး