ဟန်နွေ/People’s Spring
လားရှိုးမြို့သိမ်းတိုက်ပွဲကာလအတွင်း ခိုးယူခံခဲ့ရသည့် လားရှိုးဒေသခံများ၏ ကားအစီး ၁၀၀ နီးပါးကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီဖြစ်ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်ခဲ့ပြီး ပိုင်ရှင်များ အနေဖြင့် လာရောက်ယူနိုင်ကြောင်း ဖော်ပြထားသည်။
လားရှိုးမြို့ကို MNDAA ကသိမ်းပိုက်ပြီးနောက် အထူးဒေသ(၁) ရဲတပ်ဖွဲ့မှ အမှုပေါင်းရာနှင့်ချီ လက်ခံခဲ့ရကြောင်း၊ ဒေသခံများထံမှ ခိုးယူခံရသည့် ကားအစီးရေ တစ်ရာနီးပါးကို ပြန်လည်သိမ်းဆည်းခဲ့ပြီး လက်ရှိတွင် ပိုင်ရှင်အား လာရောက်ထုတ်ယူရန် စောင့်ဆိုင်းနေကြောင်း ထုတ်ပြန်သည်။
တချိန်တည်းမှာပင် ရဲတပ်ဖွဲ့ကလည်း ဒေသခံများအား လက်နက်ခဲယမ်းများ ပြန်ပေးအပ်ရန်အတွက် ဆုငွေပေးသည့်စနစ်ဖြင့် ဆောင်ရွက်နေပြီး မှောင်ခိုပစ္စည်းမျိုးစုံကိုတက်ကြွစွာ ပေးအပ်ရန်တိုက်တွန်းထားသည်ဟု ဆိုသည်။
ထို့ပြင် ရာဇ၀တ်မှုမျိုးစုံကို တက်ကြွစွာသတင်းပို့တိုင်ကြားရန်နှင့် လားရှိုးမြို့လူထုလုံခြုံရေးပတ်ဝန်းကျင်ကို ပူးပေါင်းထိန်းသိမ်းရန် ဒေသခံများကိုလည်း တိုက်တွန်းနှိုးဆော်ထားသည်။
စစ်ပွဲအပြီး ပြည်သူများ၏ စားဝတ်နေရေး ပြန်လည်ကောင်းမွန်လာစေရန် ကင်းလှည့်ခြင်းနှင့် တရားဥပဒေစိုးမိုးရေး ကြိုးပမ်းအားထုတ်မှုများ အားကောင်းလာ၍ လားရှိုးမြို့ပြည်သူ့လုံခြုံရေးကို ပြန်လည်ထိန်းသိမ်းရာတွင် ထူးထူးခြားခြားရလဒ်များ ရရှိခဲ့ကြောင်း MNDAAက ထုတ်ပြန်ခဲ့သည်။
ဒေသန္တရ တရားဥပဒေစိုးမိုးရေးကို ပြန်လည်အားကောင်းလာသည်နှင့်အမျှ စစ်ပြီးခေတ် လားရှိုးမြို့၌ ပြည်သူများ၏ စားဝတ်နေရေး ပြန်လည်
တည်ဆောက်ရေးကိုလည်း လုပ်ဆောင်နေကြောင်း၊လားရှိုးမြို့ခံအများအပြားသည် ၎င်းတို့၏ ဇာတိမြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း ဖော်ပြသည်။
ဒေသခံပြည်သူများ၏ လုံခြုံရေးကို ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းနိုင်စေရန်နှင့် ပြန်လည် ရောက်ရှိလာသော ပြည်သူများအား ထုတ်လုပ်မှုနှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ အမြန်ဆုံး ပြန်လည်စတင်နိုင်စေရန် အထူးဒေသ(၁) ရဲတပ်ဖွဲ့သည် လားရှိုးမြို့၌ မှုခင်းနှိမ်နင်းရေး အားထုတ်မှုများကိုလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး ရပ်ရွာအသီးသီးတွင် ကင်းလှည့်မှုများလည်း အားကောင်းလာခဲ့သည်ဟု ထုတ်ပြန်သည်။
လက်ရှိတွင် အထူးဒေသ(၁)ရဲတပ်ဖွဲ့၏ လုံခြုံရေးအဖွဲ့တွင် လားရှိုးမြို့ ရပ်ကွက်တစ်ခုတွင် ရဲတပ်ခွဲတစ်ခုစီထားရှိထားသည်ဟုဆိုသည်။
ထို့ပြင် လူနေထူထပ်ပြီး သီးခြားလမ်းဆုံများတွင် တာဝန်ကျသည့်နေရာနှင့် ဝန်ဆောင်မှုပေးသည့်နေရာများကိုလည်း ဖော်ဆောင်ထားကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ၏ ကူညီဝန်ဆောင်မှုကို အမြန်ဆုံးရရှိရန် နှင့် ပြည်သူများအား လွယ်ကူချောမွေ့စေရေးအတွက် ဖြစ်ကြောင်း၊ ထို့အပြင် ရဲဌာနကလည်း ရပ်ရွာအသီးသီးမှ လူထုများကို ရပ်ရွာအကာအကွယ်အဖွဲ့များဖွဲ့စည်းရန် စည်းရုံးခဲ့ကြောင်း ဖော်ပြသည်။