close
Connect with us

Hi, what are you looking for?

သတင်း

TNLA ကို တိုက်ပွဲများချက်ခြင်းရပ်ရန် တရုတ် ခြိမ်းခြောက်စာပို့

တိုက်ပွဲချက်ချင်းမရပ်ပါက ဆုံးမသွန်သင်သည့် နည်းလမ်းပိုလုပ်မည်ဖြစ်ပြီး အကျိုးဆက်ကို TNLA တာဝန်ယူရမည်ဟုဆို

ရှေ့တန်းတစ်​နေရာမှ TNLA မှတပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ- TNLA

ထားမြတ်၊ မိထက်/People’s Spring

စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထံသို့ တရုတ်နိုင်ငံ ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကော်မတီက ဩဂုတ် ၂၉ ရက်တွင် နေ့စွဲဖြင့် စာတစ်စောင်ပေးပို့ခဲ့ရာ TNLA အနေဖြင့် တိုက်ပွဲများ ချက်ချင်းရပ်တန့်ရန် ဖော်ပြထားပြီး တိုက်ပွဲမရပ်ပါက တရုတ်ဘက်က ကြောက်ရွံ့ကျိုးနွံ နှင့် ဆုံးမသွန်သင် နည်းလမ်းများကို ပိုမိုလုပ်ဆောင်မည်ဟု ခြိမ်းခြောက်ထားသည်။

အဆိုပါ စာကို တအာင်းဒေသ အခြေစိုက်ရွှေဖီမြေက သတင်းစတင်ဖော်ပြလာပြီးနောက် လူမှုကွန်ရက်၌ ပြန့်နှံ့နေခြင်းဖြစ်သည်။ တရုတ်ဘက်မှ​ပေးပို့​သောစာမှာတရားဝင်ရုံးစာကဲ့သို့ တံဆိပ်တုံးများရိုက်နှိပ်ခြင်းမရှိ​သော်လည်းစာမှာ မှန်ကန်ပြီး စာကိုတရုတ်လူမှုကွန်ယက်များမှတဆင့် ဖြန့်ချီခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များကပြောသည်။

TNLAသည် တိုက်ပွဲများကိုချက်ချင်းရပ်တန့်ကာ မြန်မာမြောက်ပိုင်းနှင့် တရုတ်-မြန်မာ နယ်စပ်ဒေသများတွင် အေးချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းရန် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု မျှော်လင့်ကြောင်း ​ဖော်ပြထားသည်။ တရုတ်နယ်စပ်ဒေသ၊ နယ်စပ် အရပ်သူ အရပ်သားများနှင့် မြန်မာပြည်တွင်းရှိ တရုတ် ပြည်သား၊ လုပ်ငန်းများနှင့် သက်ဆိုင်သောလုံခြုံမှုများကို အာမခံပေးရန် တရုတ်ပြည်နယ်စပ် ဒေသအေးချမ်းတည်ငြိမ်ရေးနှင့် တရုတ်နိုင်ငံသား အသက်၊ ပစ္စည်းဥစ္စာ လုံခြုံရေးကို ထိခိုက်စေပြီး အန္တရာယ်ရှိ စစ်ရေး အပြုအမူကို ပပျောက်အောင်ဆောင်ရွက်ရမည်ဟု TNLA ထံသို့တရုတ်နိုင်ငံဘက်ကပေးပို့သည့် စာ၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“သို့မဟုတ်ပါက တရုတ်ဘက်သည် ကြောက်ရွံ့ကျိုးနွံ နှင့် ဆုံးမသွန်သင် နည်းလမ်းများကို ပိုမိုလုပ်ဆောင်မည်ဖြစ်ပြီး ဖြစ်ပေါ်သည့် အကျိုးဆက်များအားလုံးကို သင်တို့ ကိုယ်တိုင် တာဝန်ယူရမည်ဖြစ်သည်။ အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်ပြီး တရုတ်နိုင်ငံနှင့် အတူ ငြိမ်းချမ်းရေးမြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်ကာ ကွဲလွဲမှုများကို ညှိနှိုင်းဖြေရှင်းရန် အတွက် မှန်ကန်သော လမ်းကြောင်းသို့ အမြန်ဆုံးပြန်လာမည်ဟု မျှော်လင့်ပါသည်” ဟု စာ၌ ခြိမ်း​ခြောက်ဖော်ပြသည်။

တရုတ်ဘက်သည် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်၍ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကူညီပြီး သင်တို့အတွက် သင့်လျော် တရားဝင် အခွင့်အရေးများနှင့် အကျိုးစီးပွား များကို ရရှိစေရန်၊ ကျန်းမာစွာ နေထိုင်ဖွံ့ဖြိုးရေး အကောင်အထည်ဖော်ဆောင်ရန် ကူညီပေးမည်ဖြစ်သည်ဟုလည်း ဆိုထားသည်။

“ဘယ်နေရာ ဘယ်ဒေသ ရောက်ရောက်တရုတ် ဘက်သည် စောင့်မျှော်ကြည့်ရှုရမည်ဖြစ်သည်”ဟုလည်း ဆိုသည်။

အဆိုပါစာနှင့်ပတ်သက်ပြီး TNLA သတင်းပြန်ကြားရေးဌာန နှင့်TNLA ခေါင်းဆောင် အချို့ထံ သဘောထားမေးမြန်းရန် ဆက်သွယ်​နေဆဲဖြစ်ပြီး ဆက်သွယ်မရသေးပေ။

တရုတ်နိုင်ငံက TNLA သို့ ပေးပို့သည့် ခြိမ်းခြောက်စာသည် မြန်မာစစ်အာဏာရှင်ကျဆုံးခန်းကို တရုတ်က လက်မခံကြောင်း သက်သေဖြစ်သည်ဟု စစ်မြေပြင်၌ သတင်းရယူနေသည့် ရွှေဖီမြေ သတင်းဌာန အယ်ဒီတာ မိုင်းအနိုင်က ​ဖေစ်ဘွခ်တွင် သုံးသပ် ရေးသားထားသည်။

“တအာင်းတပ်အနေနဲ့ ချက်ချင်းအပစ်ရပ်ရမှာဖြစ်ပြီးမရပ်ရင် တရုတ်ဘက်က သွန်သင်ဆုံးမမယ့် နည်းလမ်းတွေကို ပိုမိုအသုံးပြုပြီး ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲတွေကိုတအာင်းတပ်ဘက်က တာဝန်ခံရမယ်လို့ တရုတ်ဘက်က ခြိမ်းခြောက်ထားပါပြီ။အခြားညီနောင်အဖွဲ့တွေကိုတော့ စာပို့ခဲ့ခြင်းရှိမရှိတော့ မသိရသေးပါဘူး။အဲစာက နယ်စပ်မှာ တရုတ်ဘက်က စစ်ရေးလေ့ကျင့်နေစဉ်အတွင်း ပေးပို့လာတာဖြစ်ပုံရပါတယ်။ဒီတစ်ခေါက် စာပို့ခြိမ်းခြောက်တာက တော်တော်ပြင်းထန်နေတယ်။စစ်အာဏာရှင်ကျဆုံးခန်းကို တရုတ်က ဘယ်လိုနည်းနဲ့မှ လက်မခံကြောင်းကို ဒီစာ သက်သေပါပဲ” ဟုရေးသားထားသည်။

ကိုးကန့်၊တအာင်း၊ ရက္ခိုင် ညီနောင်မဟာမိတ်များသည် ၂၀၂၃ အောက်တိုဘာ ၂၇ရက်တွင် ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ကာ ရှမ်းမြောက်ရှိ မြို့များကို တစ်ခုပြီးတစ်ခု သိမ်းပိုက်လျက်ရှိရာ စစ်ဆင်ရေး ၁၀လခန့်အကြာတွင် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) အခြေစိုက်ရာ လားရှိုးမြို့ အပါအဝင် ရှမ်းမြောက်ဒေသ တစ်ခုလုံးနီးပါးကို သိမ်းပိုက်ထားပြီဖြစ်သည်။ လက်ရှိတွင် TNLAက ပြင်ဦးလွင် မြို့၏ အဓိက ခံစစ်စခန်းလည်းဖြစ်​သော ​နောင်ချို နှင့်ပြင်ဦးလွင်ကြားရှိ အ​မြောက်တပ်များကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်​နေခြင်းဖြစ်သည်။ထို​ကြောင့်တိုက်ပွဲများမှာ နယ်စပ်တွင် မဖြစ်​​တော့ဘဲ ပြင်ဦးလွင် ၊မန္တ​လေးတိုင်းဘက်သို့ ဦးတည်တိုက်ခိုက်လာချိန်တွင် တရုတ်ဘက်က ယခုကဲ့သို့ ချက်ချင်းရပ်တန့်ရန် ပြင်းထန်သည့် ခြိမ်းခြောက်စာ ပေးပို့လာခြင်းလည်းဖြစ်သည်။

မြန်မာ-တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံသို့လည်း ယခုကဲ့သို့ ခြိမ်းခြောက်စာများ တရုတ်ဘက်က ပေးပို့ခြင်းရှိမရှိကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

မြန်မာ-တရုတ်နယ်စပ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ မိုင်းလားတပ်ဖွဲ့(NDAA)၊ ကိုးကန့်တပ်ဖွဲ့(NDAA)၊ ရှမ်းတပ်(SSPP) တပ်များ အခြေပြု လှုပ်ရှားလျက်ရှိသကဲ့သို့ ရက္ခိုင့်တပ်တော်(AA) တပ်များလည်း နယ်စပ်တွင် ရှိပြီး စစ်ရေးလှုပ်ရှားမှုများ၌လည်း ပါဝင်လျက်ရှိသည်။

ယခုစာမပို့ခင်ကတည်းက တရုတ်က နယ်စပ်ရှိ MNDAA ၊ TNLA စ​သောတိုင်းရင်းသားလက်နက်ကိုင်များထိန်းချုပ်ထား​သောနယ်များကို နယ်စပ်ဂိတ်​ပေါက်ပိတ်ခြင်း ၊ဖုန်းလိုင်းဖြတ်ခြင်း၊မီးဖြတ်ခြင်း၊​ရေဖြတ်ခြင်းစ​သော နည်းလမ်း​​ပေါင်းစုံဖြင့် စစ်​ကောင်စီကို မတိုက်ရန် ဖိအားမျိုးစုံ​ပေး​နေ​ကြောင်း စစ်​ရေး​သတင်းရင်းမြစ်များက​ပြောသည်။

“စစ်က ပြည်တွင်း အထိပါ နေရာစုံက စစ်တပ်ကိုတိုက်ခိုက်မှရတော့မယ်။ရေရှည်လာရင် တရုတ်က စစ်တပ်ကို ပုံစံမျိုးစုံ အကာအကွယ်ပေးနေမှာပဲ” ဟု စစ်​ရေး​လေ့လာသူတစ်ဦးက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ၍ ချောင်းဦး-ပခုက္ကူလမ်းပိုင်း ယာယီပိတ်ထားကြောင်း သတင်းရရှိသည်။

သတင်း

မစခ(၉၀၂)တပ်ရင်း ဗဟိုကင်းအပါအဝင် ၉၀ ရာခိုင်နှုန်းကျရှုံးကာ ဆုတ်ခွာရန် စုဖွဲ့နေဟုဆို

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ပဲခူးရိုးမအစပ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ယမန်နေ့ (သြဂုတ် ၂၇) ညနေပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ တပ်မ (၆၆)လက်အောက်ခံ တပ်ရင်းမှူးတစ်ဦးအပါအဝင် အများအပြားသေဆုံးကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Facebook