close
Connect with us

Hi, what are you looking for?

သတင်း

နမ့်ခမ်းမြို့ လေကြောင်း တိုက်ခိုက်မှု သေဆုံးသူ ၁၁ဦးတွင် ကလေးငယ် ၂ဦး၊ အမျိုးသမီး ၄ဦး ပါဝင်

တရုတ်နယ်စပ်နှင့် ထိစပ်နေသည့် နမ့်ခမ်းကို TNLA သိမ်းပြီးနောက် ပထမဆုံး စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခြင်းဖြစ်

ဓါတ်ပုံ-TNLA

ဟန်နွေ/People’s Spring

ရှမ်းမြောက် နမ့်ခမ်းမြို့တွင် စစ်ကောင်စီတပ်က ယနေ့ စက်တင်ဘာ ၆ရက်မနက်အစောတွင် ပေါင်(၅၀၀)ဗုံး ၂ လုံး လာရောက်ပစ်ခတ်တိုက်ခိုက်၊ ခဲ့ရာ ကိုယ်ဝန်ဆောင်နှင့်ကလေးငယ်အပါအဝင် မြို့ခံ ၁၁ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

နမ့်ခမ်းမြို့ကို ၂၀၂၃ ဒီဇင်ဘာတွင် TNLAက သိမ်းပိုက်ခဲ့ရာ ယင်းနောက်ပိုင်းတွင် စစ်ကောင်စီက ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်လာခြင်းလည်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က အရပ်သားများဦးတည်တိုက်ခိုက်လာသည့် လေကြောင်းတိုက်ခိုက်မှုကြောင့် နမ့်ခမ်းမြို့ ညစျေး(ပါင်ပွဲ)အနီးရှိ ပြည်သူလူထုနေအိမ်များပေါ်နှင့် ကျားဖြူခမ်းမအနီးတို့တွင် ဖျက်အားပြင်းဗုံးများ ကျရောက်ပေါက်ကွဲခဲ့ရာ ကလေးငယ် ၂ဦး၊ အမျိုးသား ၅ဦး၊ အမျိုးသမီး ၄ဦး သေဆုံးကာ ၁၁ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးသည်။ ဒဏ်ရာရသူ ၁၁ဦးတွင် ကလေးင်ယ ၂ဦး၊ အမျိုးသမီး ၅ဦးပါဝင်သည်ဟုဆိုသည်။

လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူများထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ပါဝင်သည်ဟုလည်း အသိပေးသည်။ ထို့ပြင် နေအိမ် (၆)လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မန်တုံနှင့် သီပေါမြို့များကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား သေဆုံးထိခိုက်ရှိခဲ့သည်။

စစ်ကောင်စီတပ်သည် တအာင်းတပ်မတော် PSLF/TNLA အုပ်ချုပ်နေသည့် မြို့များဖြစ်သည့် ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊သီပေါ၊ ကျောက်မဲ၊နောင်ချိုနှင့် နမ့်ခမ်းမြို့တို့တွင် အရပ်သားပစ်မှတ်များဦးတည်ကာ လူအများအပြားသေစေနိုင်သည့် ပေါင်(၅၀၀)ဖြင့် လာရောက်တိုက်ခိုက်မှုများ လုပ်ဆောင်ကာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေခြင်းဖြစ်ကြောင်းလည်း TNLAက ထုတ်ပြန်သည်။

ယခု လေကြောင်း တိုက်ခိုက်သည့်နမ့်ခမ်းမြို့သည် တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် မြို့တစ်မြို့ဖြစ်ပြီး ယခုဗုံးကြဲမှုသည် PSLF/TNLA အုပ်ချုပ်သည့်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်ဟု ဖော်ပြသည်။

“ဒီ အပြစ်မဲ့ခလေး လေး မနေ့ည စကစ လေယဉ်ဗုံးကြောင့်ဆုံးသွားတယ်။ စစ်ဖြစ်တဲ့နေရာမဟုတ်ပဲ အရပ်သားပစ်မှတ်ထား ဗုံးကြဲနေတာဟာ စစ်ရာဇဝတ်မှု ဆိုတာထက် ရုပ်ညံ့မှု ဆိုရင်ပိုမှန်ပါလိမ့်မယ်။ဒီမိသားစုဟာ ခင်များတို့ရန်သူ့နယ်မြေလို့သတ်မှတ်ထားတဲ့နေရာ တကူးတက ရွေးချယ်ပြီးသွားနေကြတာမဟုတ်ဘူး၊ ခင်များတို့ပဲ ပြည်သူ့မေတ္တာဆူးပြီး စစ်ရှူံးလို့ ထားခဲ့တဲ့နေရာပါ။သားတရားစီရင်ခန်းနဲ့ ချိန်ထိုးကြည့်ရင် စကစဟာ ပြည်သူအတွက် ဘီလူးမ ပါ”ဟု အမျိုးသာညီညွတ်ရေးအစိုးရ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ တူးခေါင် က စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုနှင့် ပတ်သတ်ပြီး လူမှု ကွန်ရက်၌ ရေးသားခဲ့သည်။

TNLA အပါအ၀င် ညီနောင်မဟာမိတ်များသည် စစ်ကောင်စီ၏ထိုသို့ တိုက်ပွဲမရှိသည့် မြို့ရွာများအား လေကြောင်း တိုက်ခိုက်နေမှုအပေါ် ဟန့်တားပေးရန် တရုတ်အစိုးရ အပါအဝင် နိုင်ငံတကာအား တောင်းဆိုထားသည်။ သို့ရာတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ရပ်မသွားဘဲ ပိုမိုတိုး၍ ပြုလုပ်လာနေခြင်းလည်းဖြစ်သည်တစ်ဖက်တွင် တရုတ်နိုင်ငံသည်TNLA အပါအဝင်စစ်ကောင်စီကို တိုက်ခိုက်နေသည့် တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့အချို့ကို တိုက်ပွဲများ ချက်ချင်းရပ်တန့်ရန် ဖိအားပေး ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိပြီး စစ်ကောင်စီ၏ ပြည်သူအား လေကြောင်း ပစ်မှတ်ထား တိုက်ခိုက်မှုကို တားဆီးဟန့်တားခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကလေးငယ်၊ ကိုယ်ဝန်ဆောင်အပါအဝင်မိသားစုလိုက်သေဆုံးမှုရှိဟု တအာင်းအမျိုးသမီးအဖွဲ့အသိပေး

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့်မီးလောင်မှုကို တအာင်းတပ်မတော်(TNLA) မီးသတ်တပ်ဖွဲ့က ဦးဆောင် မီးငြှိမ်းသတ်ခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

သတင်း

နောင်ချိုမြို့နယ်တောင်ခမ်းရွာရှိ စစ်ကောင်စီ၏ အမြောက်တပ်များကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်သည့် ရုပ်သံမှတ်တမ်းကို တအာင်းတပ်မတော်(TNLA)က ယနေ့ စက်တင်ဘာ ၄ရက်တွင် ထုတ်ပြန်သည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက တအာင်းတပ်မတော် (PSLF/TNLA) အုပ်ချုပ်နေသည့် နမ့်ဆန်၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ မန်တုံမြို့နယ်များရှိ ပြည်သူများကိုထိခိုက်စေရန် ရည်ရွယ်ပြီး မကြာခဏ လေကြောင်းတိုက်ခိုက်လျက်ရှိကြောင်း TNLAက ယနေ့ ထုတ်ပြန်သည်။

Facebook