မိထက်/People’s Spring
ဖားကန့်ဗျူဟာကုန်းအနီးတွင်ယနေ့(စက်တင်ဘာလ၆ရက်)နံနက် ၁၀နာရီခန့်၌ သေနတ်ပစ်ခတ်သံများထွက်ပေါ်နေကြောင်းဒေသခံများကပြောသည်။
စစ်ကောင်စီဗျူဟာကုန်းဘက်မှပစ်ခတ်သံ နှင့် ပေါက်ကွဲသံများထွက်ပေါ်နေခြင်းဖြစ်ပြီး ဒေသခံများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်ရန် ကြိုးစားနေကြောင်းသိရသည်။
“ကျောင်းတွေလည်း ပိတ်ပြီး အိမ်ပြန်ကြပြီ။ လူတွေလည်း သတိလေးနဲ့ နေနေကြတယ်။ တခြားရပ်ကွက် ရွေ့တာလည်း ရှိတယ်”ဟု ဒေသခံတဦးကပြောသည်။
စစ်ကောင်စီဗျုဟာကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊PDF ပူးပေါင်းတပ်က ပစ်ခတ်တိုက်ခိုက်ခြင်းဟု ဒေသခံအချို့ကပြောသော်လည်း အသေးစိတ်အတည်ပြုနိုင်ခြင်းမရှိသေးပေ။
ဖားကန့်တွင် စက်တင်ဘာလ ၄ ရက်နေ့မှစတင်ပြီးKIA၊PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ တိုက်ပွဲများဖြစ်ပွားခဲ့သည်။ စစ်ရေးအခြေအနေ ဆက်လက်တင်းမာလာနိုင်ကြောင်း သတင်းများထွက်ပေါ်နေသည်။
ထိုအပြင် ဩဂုတ် ၅ ရက်က ဖားကန့်မြို့ စစ်ကောင်စီ ဗျူဟာကုန်းအတွက် အရေးပါသည့် တောမှော် နှင့် လမောင် စစ်စခန်း ၂ခုကို KIA/KPDF ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်လိုက် သိမ်းပိုက်ခဲ့သည် KIA ၊PDF ပူးပေါင်းတပ်များသည် စက်တင်ဘာ ၆ ရက်နံနက်ပိုင်းတွင်ကချင်ပြည်နယ်၊ ပန်ဝါမြို့ရှိ ပြည်သူ့စစ်စခန်းတခုကိုလည်း တိုက်ခိုက်သိမ်းယူလိုက်ကြောင်းသတင်းထွက်ပေါ်နေသည်။အသေးစိတ်အခြေအနေကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။