close
Connect with us

Hi, what are you looking for?

သတင်း

တစ်ညတည်း မြို့နယ်လေးခုကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်

ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များအပါအဝင် ၂၀ဦးထက်မနည်းသေ၊ အများအပြားဒဏ်ရာရ

ကိုပုဂံ၊ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်ကောင်စီသည် ယမန်နေ့တစ်ညတည်း မြို့နယ်လေးခုကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များအပါအဝင် ၂၀ဦးထက်မနည်းသေဆုံးခဲ့ရပြီး ဒဏ်ရာရသူများလည်း များပြားခဲ့သည်။

စစ်ကောင်စီသည် ယမန်နေ့ည ၉နာရီတွင် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့တွင်ရှိသော ဘန်​ကောက်စစ်ရှောင်စခန်းအား ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဆက်တိုက်ဆိုသလို ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နန့်ခမ်းမြို့နှင့် နောင်ချိုမြို့နယ်တို့ကို ယမန်နေ့ည ၁နာရီကျော်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် နံနက် ၂နာရီ ၄၀မိနစ်တွင် ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်(၄)အတွင်းရှိ ကျေးရွာတစ်ရွာကို ထပ်မံလေကြာင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မိုးဗြဲမြို့ရှိ ဘန်​ကောက်စစ်ရှောင်စခန်းအား ဗုံးကြဲတိုက်ခိုက်ခံရမှုတွင် ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG ၏ဖော်ပြချက်အရ ယမန်နေ့ည(စက်တင်ဘာ ၅ ရက်) ည ၉နာရီ​ကျော်တွင် မိုးဗြဲမြို့အနောက်ဘက် လအိကျေးရွာရှိ ဘန်ကောက်စစ်ရှာင်စခန်းအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း အသက် (၁၀)နှစ်ခန့်အရွယ် အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး ၊ (၁၃)နှစ်ဝန်းကျင် အမျိုးသမီးနှစ်ဦးနှင့် အသက်(၄၀)ကျော်အရွယ် အမျိုးသမီးနှစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

ထိုအနက် သေဆုံးသူ ၆ ဦးမှာ ကျောင်းတက်နေဆဲ ကလေးသူငယ် ကျား၂ဦး၊ မ ၄ဦး(၃တန်းမှ ၁၁ တန်းအထိ) ဖြစ်ပြီး အသက်(၄၀)ကျော်အရွယ်အမျိုးသမီး နှစ်ဦးအနက် တစ်ဦးပျောက်ဆုံးနေဆဲဟု သိရကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)ကလည်း အသိပေးထားသည်။ ထို့အပြင် နေအိမ် ၂၀ထက်မနည်း ပျက်စီးကြောင်းလည်း ဖော်ပြထားသည်။

“အရမ်းကို ဝမ်းနည်းဒေါသထွက်တယ်ဗျာ။ တိုက်ပွဲတကြိမ်တခါမျှမရှိတဲ့ ဒေသတစ်ခုကို ခုလိုဗုံးကြဲတာက စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်ပေါ်ကျူး လွန်တဲ့ရဇဝတ်မှုပါပဲ။ ကျူးလွန်သူကို မရရတဲ့နည်းနဲ့ အပြစ်ပေးအရေးယူနိုင်အောင် ကြိုးပမ်းသွားမှာဖြစ်ပါတယ်”ဟု KnHRG ဦးဆောင်သူ ဦဗညားက ပြောသည်။

ထို့အပြင် ယမန်နေ့ည ၁နာရီ ၃၅မိနစ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ ညစျေးအနီးကို စစ်ကောင်စီက ပေါင်(၅၀၀)ဗုံး နှစ်လုံး ကြဲတိုက်ခိုက်ရာ ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များအပါအဝင် မြို့ခံ ၁၁ဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

နမ့်ခမ်းမြို့ကို ၂၀၂၃ ဒီဇင်ဘာတွင် TNLAက သိမ်းပိုက်ခဲ့ရာ ယင်းနောက်ပိုင်းတွင် စစ်ကောင်စီက ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်လာခြင်းလည်း ဖြစ်သည်။

ထို့နောက် နောင်ချိုမြို့နယ်ရှိ ရွှေမုဌောကျေးရွာကို ယမန်နေ့ညက စစ်ကောင်စီလေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တစ်ဦး သေဆုံးပြီး နေအိမ်အများအပြား ပျက်စီးခဲ့ရသည်။

ရွှေမုဌောရွာကို ယမန်နေ့ည နံနက် ၁နာရီခန့်နှင့် နံနက် ၅နာရီခန့်တွင် လေကြောင်းမှ ဗုံးအလုံး၂၀ကျော် ကြဲချတိုက်ခိုက်သွားခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

” ပြီးခဲ့တဲ့လတွေက ရွာနားမှာတိုက်ပွဲဖြစ်တော့ ဒေသခံတွေရှောင်ခဲ့ကြရတယ်။ ဒီရက်ပိုင်းမှာ တိုက်ပွဲမရှိတော့လို့ ပြန်ဝင်နေကြတာ။ TNLAလည်း ရှိမနေဘူး။ ဒါကို လေကြောင်းကနေလာပစ်တာ”ဟု ဒေသခံတစ်ဦးက ပြောသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်(၁၃)နှစ် အရွယ်ကလေးတစ်ဦး သေဆုံးပြီး ယင်းကလေးငယ်ဖခင်ဖြစ်သူလည်း ဒဏ်ရာရရှိခဲ့သည်။

ဆက်လက်ပြီး ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်(၄) ဘက်ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက ယမန်နေ့ညတွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း မင်းတပ်ဒေသခံက ပြောသည်။ နံနက်စော ၂နာရီ ၄၀ မိနစ်ခန့်တွင် တိုက်လေယာဉ်ဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မင်းတပ်မြို့နယ် တိုက်နယ်(၄)ရှိ ကျေးရွာတစ်ရွာ ဗုံးကြဲခံရမှုတွင် ဖုန်းလိုင်း အဆက်အသွယ်မရသေး၍ ထိခိုက်သေဆုံး အခြေအနေမသိရသေးဟု ဒေသခံက ပြောသည်။

“မြို့ကိုလာတိုက်(မြို့သိမ်းတိုက်ပွဲဆင်နွှဲ)မှာ စိုးရိမ်ကြလို့နေမှာပါ”ဟု မင်းတပ်ဒေသခံက လေကြာင်း တိုက်ခိုက်ခံရမှုအပေါ် သုံးသပ်သည်။ စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲမရှိဘဲ လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်ကာ လေကြောင်းမှလည်း မင်းတပ်မြို့သို့ လက်နက်ခဲယမ်းဖြည့်တင်းနေသည်။

စစ်ကောင်စီတပ်သည် TNLA ထိန်းချုပ်ထားသည့် မြို့များဖြစ်သည့် ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊သီပေါ၊ ကျောက်မဲ၊နောင်ချိုနှင့် နမ့်ခမ်းမြို့တို့၌ အရပ်သားပစ်မှတ်များဦးတည်ကာ လူအများအပြားသေစေနိုင်သည့် ပေါင်(၅၀၀)ဗုံးများဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်ကာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင် တင်းတင်းချိုးဖောက်နေခြင်းဖြစ်ကြောင်းလည်း TNLAက ထုတ်ပြန် ထားသည်။

ကိုးကန့်(MNDAA) သိမ်းပိုက်ထားသည့် လောက်ကိုင်၊ သိန္နီမြို့များကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်သကဲ့သို့ AAသိမ်းထားသည့် ရခိုင်ပြည်နယ်အတွင်း၌လည်း အရပ်သားများ ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ထို့ကြောင့် MNDAA၊ AA၊ TNLA တို့က တိုက်ပွဲမရှိဘဲ အရပ်သားများနေထိုင်ရာ ပစ်မှတ်ထား တိုက်ခိုက်နေသည့် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု လုပ်ရပ်ကို ဟန့်တားပေးရန် တရုတ်နိုင်ငံ အပါအဝင် နိုင်ငံတကာကို တောင်းဆိုထားသည်။

သို့ရာတွင် တရုတ်နိုင်ငံက စစ်ကောင်စီကို တိုက်ခိုက်နေသည့် TNLA အပါအဝင် တိုင်းရင်းသား တော်လှန်ရေးတပ်များအား အပစ်ရပ်စဲရန်၊ တိုက်ပွဲရပ်ရန် ဖိအားပေးမှု ပြုလုပ်နေသည်။ ထိုသို့ တရုတ်နိုင်ငံက တိုင်းရင်းသားတော်လှန်ရေးတပ်များအား ဖိအားပေးနေသည့် အခြေအနေတွင် တစ်ဖက်တွင်လည်း စစ်ကောင်စီက တအာင်းဒေသ အပါအဝင် နိုင်ငံတဝန်း လေကြောင်း တိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။

စစ်ကောင်စီအနေဖြင့် တအာင်းတပ် TNLA၊ ကိုးကန့်တပ် MNDAAနှင့် ရက္ခိုင့်တပ် AAတို့ကို အကြမ်းဖက်အဖြစ် ကြေညာပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေခြင်းလည်းဖြစ်သည်။

ထိုသို့ တိုင်းရင်းသားတပ်များအား အကြမ်းဖက်အဖွဲ့ကြေညာပြီး စစ်ကောင်စီက ၎င်းတို့ တိုက်ချင်သည့်ပုံစံဖြင့် အရပ်သားပစ်မှတ်များကို ခွဲခြားမှုမပြုဘဲ တိုက်ခိုက်နေခြင်းဖြစ်ဟု CDM အရာရှိ ဗိုလ်ကြီးဇင်ယော်က ပြောသည်။

စစ်ကောင်စီအနေဖြင့် မြို့ရွာနယ်မြေများ ဆုံးရှုံးထားပြီး ပြန်လည်တိုက်ခိုက်ရန်မှာလည်း လေကြောင်းသာရှိ၍ လေကြောင်းဖြင့် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပါက မြေပြင်၌ အနိုင်ရသည့်တိုင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြန်လည် လက်လွှတ်ခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိနေကြောင်း ဗိုလ်ကြီးဇင်ယော်က ပြောသည်။

“အခု စစ်ကောင်စီတိုက်နေတာက စစ်ရေး ပစ်မှတ်တွေမဟုတ်ဘူး။ အရပ်ဖက်ပစ်မှတ်လို့ ခေါ်တာပေါ့။ ပြည်သူလူထုတွေ နေတဲ့နေရာ ပြီးရင် ကရင်နီမှာဆိုရင် စစ်ရှောင်စခန်း တည့်တည့်ကိုပါ တိုက်သွားတယ်”ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။

စစ်ကောင်စီအနေဖြင့် ရှေ့ဆက်၍စစ်ဘက်ဆိုင်ရာ အကြမ်းဖက်မှု၊ စစ်ရာဇဝတ်မှုများကိုပေါ်ပေါ်တင်တင် ပိုမိုကျူးလွန်လာနိုင်ကြောင်းလည်း ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။

စစ်ကောင်စီသည် ၂၀၂၄ ဇန်နဝါရီမှ ဧပြီ လေးလအတွင်း လေကြောင်းမှတိုက်ခိုက်မှုဖြစ်စဥ် ၈၁၉ ခု ပြုလုပ်ခဲ့ပြီး ပျှမ်းမျှတစ်ရက်လျှင် ‌‌ခြောက်ခုရှိသည်ဟု ဥာဏ်လင်းသစ်သုသေတနအဖွဲ့၏ “စစ်ကောင်စီ၏လေကြောင်းအသုံးပြုတိုက်ခိုက်မှုများ လေ့လာမှုအစီရင်ခံစာ (၄)”အစီရင်ခံစာက ဆိုသည်။ ထို့အပြင် ၄ လအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် အရပ်သားပြည်သူ ၃၅၉ ဦးရှိပြီး ၇၅၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၃ ဖေဖော်ဝါရီမှ ဒီဇင်ဘာအထိ တစ်နှစ်ခန့်အတွင်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ် ၈၅ခုရှိခဲ့ပြီး ပျှမ်းမျှလေးရက်လျှင် ‌‌အနည်းဆုံး တစ်ခုရှိသည်ဟု ဥာဏ်လင်းသစ်သုသေတနအဖွဲ့က ဆိုသည်။

ထို့အပြင် တစ်နှစ်ခန့်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် အရပ်သားပြည်သူ ၆၃ ဦးရှိပြီး ၄၂ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာဖော်ပြချက်အရ စစ်ကောင်စီ၏ လေကြောင်းမှ တိုက်ခိုက်မှုမှာ ယခု ၂၀၂၄အတွင်း သိသိသာသာပိုမိုပြုလုပ်လာခြင်း ဖြစ်သည်။

စစ်ကောင်စီနှင့် ဆက်နွယ်နေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို စုံစမ်းဖော်ထုတ်နေသည့် Justice for Myanmar –JFM အဖွဲ့က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနောက်ကွယ်မှ အထောက်အပံ့မှန်သမျှကို ပိတ်ဆို့အရေးယူရန် နိုင်ငံတကာအစိုးရအဖွဲ့ တာဝန်ရှိသူများအား ပြီးခဲ့သည့်ဩဂုတ် ၂၉ရက်က တောင်းဆိုထားသည်။

လေကြောင်းတိုက်ခိုက်မှုအတွင်း အသုံးပြုနေသော ပြင်သစ်နိုင်ငံထုတ် ATR လေယာဉ် ၁၀ စီးကို စစ်ကောင်စီကအသုံးပြုနေပြီး ထိုသို့အသုံးပြုရန် ကူညီပေးနေသည့် ကမ္ဘာတဝန်းရှိ ကုမ္ပဏီ ကွန်ရက်ကို အရေးယူပေးရန် တောင်းဆိုခြင်း ဖြစ်သည်။

◾️ည ၉နာရီ – ရှမ်းတောင် မိုးဗြဲမြို့ ဘန်​ကောက်စစ်ရှောင်စခန်း ဗုံးကြဲ၊ ကလေးငယ်၆ ဦးအပါအဝင် ၈ဦးထက်မနည်းသေဆုံး

◾️ည ၁နာရီ ၃၅မိနစ် – ရှမ်းမြောက် နမ့်ခမ်းမြို့ ညစျေးအနီး ပေါင်(၅၀၀)ဗုံး ၂လုံးကြဲ၊ ကိုယ်ဝန်ဆောင်နှင့်ကလေးငယ်အပါအဝင် ၁၁ ဦးသေဆုံး၊ ၁၁ဦး ဒဏ်ရာရ

◾️နံနက် ၁နာရီနှင့် နံနက် ၅နာရီ – ရှမ်းမြောက် နောင်ချိုမြို့နယ် ရွှေမုဌောကျေးရွာ နှစ်ကြိမ်ဗုံးကြဲ ၊ ကလေးတစ်ဦးသေဆုံး

◾️နံနက် ၂နာရီ ၄၀ မိနစ် – ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်(၄)ရှိ ကျေးရွာတစ်ရွာ ဗုံးကြဲ

ဆက်စပ်သတင်းများ

သတင်း

လတ်တလော စစ်ရေးနှင့် ရာသီဥတုအခြေအနေများကြောင့် စစ်ကောင်စီလေကြောင်းအန္တရာယ် အပြင် ရေဘေးအန္တရာယ်ပါ သတိပြုနေထိုင်ကြရန် ဒေသခံပြည်သူများအား အရပ်ဖက်အဖွဲ့အစည်းများနှင့်တော်လှန်ရေးအင်အားစုများကတော့ သတိပေးနေကြသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် PDF ရဲဘော်များထောင်ထားသော မိုင်းများရှင်းလင်းသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ မိုင်းပေါက်ကွဲ၍ ထိခိုက်မှုရှိကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကောင်စီကို အရေးယူနိုင်ရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် နောက်ထပ်အဆိုမူကြမ်း(resolution)တစ်ခုကို ဗြိတိန်က တင်သွင်းရန် စတင်ကြိုးစားနေကြောင်း ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက People’s Spring-လူထုနွေဦးသို့ ပြောသည်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ လက်ယက်မကျေးရွာစာသင်ကျောင်းအား စစ်ကောင်စီက လေ​ကြောင်းတိုက်ခိုက်ခဲ့ရာ စစ်ရှောင်ပြည်သူများအပါအဝင် ပြည်သူ ၅ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။