ရဲခေါင်၊သတိုး/People’s Spring
ပြည်တွင်းစက်သုံးဆီစျေးနှန်းများကိုစစ်ကောင်စီက ထပ်မံမြင့်တက်ပြီး တစ်လအတွင်း တစ်လီတာလျင် ကျပ် ၅၀၀ ခန့်စီဈေးတက်သွားကြောင်း ပြည်သူများက ပြောသည်။
စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက စက်သုံးဆီဆိုင်များအတွက် စက်တင်ဘာ ၆ ရက်တွင်စက်သုံးဆီ အခြေခံရောင်းစျေးသတ်မှတ်ချက်အရ ဓာတ်ဆီ 92 တစ်လီတာ ၃၂၁၅ ကျပ်၊ ဓာတ်ဆီ 95 တစ်လီတာ ၃၃၅၅ ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၂၇၁၀ ကျပ် နှင့် ပရီမီယံဒီဇယ်ဆီ ၃၃၉၅ ကျပ်ဖြစ်သည်။
ထို့ကြောင့် စက်တင်ဘာ ၅ ရက်စက်သုံးဆီစျေးနှုန်းများထက် တစ်လီတာ ၁၀၀ ကျပ်ဝန်းကျင်မြင့်တက်ခဲ့ပြီး တစ်လအတွင်း(သြဂုတ် ၆ ရက်)စျေးဖြင့် နှိုင်းယှဥ်ပါက တစ် လီတာ ၅၀၀ ခန့် မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း စက်သုံးဆီ ဝယ်ယူသုံးစွဲသူများကပြောသည်။ပြင်ပမှောင်ခိုဈေးကွက်တွင် ဈေးနှုန်းများမှာ စစ်ကောင်စီ ရောင်းဈေးထက် ပိုမိုများပြားသည်။
“ကမ္ဘာ့စက်သုံးဆီစျေးကွက်က ကျနေတာကို မြန်မာမှာ စျေးတက်နေတာကတော့ ပေါင်းစားနေကြတာလား။အမြတ်မရသေးလို့လား ဆိုပြီ ပြောရမှာပဲ။တစ်လတည်းနဲ့ လေးကြိမ်စျေးတက်တာ။ပြီးတော့ တစ်ခါတက် ၁၀၀ နဲ့ ပုံမှန်လိုဖြစ်နေပြီ။နောက်ပြီး သောကြာနေတိုင်းစျေးပြောင်းမှာလားလည်း မေးရဦးမယ်”ဟု ပြည်သူတစ်ဦးက လူထုနွေဦးသို့ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်က စက်သုံးဆီစျေးနှင့်ယနေ့ စက်သုံးဆီစျေးအရ ၉၂ တစ်လီတာ ၄၄၅ ကျပ်၊၉၅ တစ်လီတာ ၄၆၀ ကျပ်၊ ဒီဇယ် တစ်လီတာ ၂၆၀ ကျပ် နှင့် ပရီမီယံဒီဇယ် ၄၇၅ ကျပ် အထိ တိုးလာခြင်းဖြစ်သည်။
ရန်ကုန်ရှိ စက်သုံးဆီဆိုင်အများစုတွင် ဓါတ်ဆီ ၉၂ နှင့် ၉၅ တွေ ဝယ်ယူ၍ ရသော်လည်း Max ဆီဆိုင်တွင် ဓါတ်ဆီ ၉၂ တစ်မျိုးသာ ဝယ်ယူရကြောင်းယာဉ်ပိုင်ရှင်အချို့ကပြောသည်။
ပို့ကုန်ရငွေရှိမှသာ စက်သုံးဆီတင်သွင်းရမည့်မူဝါဒကို စစ်ကောင်စီက ပြန်လည်သတ်မှတ်ခဲ့သော်လည်း ပြည်တွင်းစက်သုံးဆီစျေးကွက်တွင်သုံးစွဲသူများအတွက် အခက်အခဲများကြုံလာဦးမည်ဟု ပြည်ပပို့ကုန်လုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။
“သူရဲ့(စစ်ကောင်စီ)စီးပွားရေးစျေးကွက်ပေါ် မူတည်ပြီးပြောရရင် ပြည်တွင်းထုတ်ကုန်ကိုအားပေးပါ။ပြည်ပ သွင်းကုန်ကိုလျှော့ချချင်နေတဲ့ အရင် ဆိုရှယ် လစ် လမ်းစဥ်ကို ဖော်နေတာပေါ့။ဒါကြောင့်လည်း အရင်အခြေအနေနဲ့ ပြောင်းပြန်ဖြစ်ပြီး ပြည်သူတွေ ဆင်း ရဲလာကြတယ်။တစ်နှစ်လုံးနေမှ ဗဟိုဘဏ်ရဲ့ လုပ်ငန်းရှင်တွေကို ဒေါ်လာထုတ်ရောင်းတာ တစ်ဘီလီယံရှိလား ပြန်ကြည့်ရင်လည်း သိနိုင်တယ်။ဒီပမာဏက စက်သုံးဆီ မပြောနဲ့ စားဆီ အတွက်တောင်မလောက်ဘူး။သူတို့(စစ်ကောင်စီ)က ပြည်ပသွင်းကုန်ကို ရသလောက်လျှော့နေဦးမှာပဲ။စျေးတွေထပ်တက်မယ်။ပြီးတေ့ ပြည်ပကုန်ပစ္စည်းတွေရှားမယ်။စျေးကြီးသထက် ကြီးပြီး ပေးဝယ်ရလိမ့်မယ်”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီက အချိုးကျစနစ်အရ ဆီဝယ်ယူခွင့်ကို စမတ်ကတ်စနစ်ဖြင့် အသုံးပြုရန် စီစဥ်နေပြီ စက်သုံးဆီ သုံးစွဲမှုကိုလျှော့ချရန် စီစဥ်နေကြောင်းသိရသည်။
ရွေးကောက်ခံအရပ်သား အစိုးရ လက်ထက်က တရားဝင်ထုတ်ပြန်ထားသည့် ပြည်ပသွင်းကုန်စာရင်းများအနက် စက်သုံးဆီ အတွက်တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ အနည်းဆုံးဒေါ်လာ ၂ ဘီလီယံ နှင့် သုံးဘီလီယံ ဖိုး ကြား တင်သွင်းခဲ့သည်။
စစ်တပ် အာဏာမသိမ်းမီ NLD အစိုးရလက်ထက်တွင် ပြည်တွင်းစက်သုံးဆီစျေး သည် Octane 95 တစ်လီတာ ၅၁၀ ကျပ်၊ Octane 92 တစ်လီတာ ၄၀၄ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၄၅၀ ကျပ် နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၄၆၀ ကျပ် သာရှိခဲ့သည်။
ထိုကြောင့် အရပ်သားအစိုးရလက်ထက်ဈေးနှင့် နှိုင်းယှဥ်လျင် ဓါတ်ဆီ ၉၂ တစ်လီတာလျင် ၈ ဆခန့် ၊ ၆ ဆခွဲကျော် ၊ ရိုးရိုးဒီဇယ် ၁ လီတာလျင်
၆ ဆ ၊ပရီမီယံ တစ်လီတာလျင် ၇ ဆကျော် ဈေးတက်လာခဲ့ခြင်းဖြစ်သည်။ စက်သုံးဆီဈေးတက်သဖြင့် အထွေထွေကုန်ဈေးနှုန်းများလည်းဈေးတက်လာသည်။