ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ လက်ယက်မကျေးရွာစာသင်ကျောင်းအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ စစ်ရှောင်ပြည်သူများအပါအဝင် ပြည်သူ ၅ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ (စက်တင်ဘာ ၆ရက်) နေ့လယ် ၁၂နာရီ ၄၈မိနစ်ခန့်က မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာရှိ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းအနီးရှိ နေအိမ်ပါ ထိခိုက်ခဲ့ကြောင်း၊ အဆိုပါ နေအိမ်ရှိ မိခင်ဖြစ်သူ ဒေါ်ချိုနှင့် ၎င်း၏သားနှစ်ဦးဖြစ်သော အသက် (၃၇)နှစ်အရွယ် ကိုသန့်ဇင်ထွန်း၊ အသက်(၃၅)နှစ်အရွယ် ကိုသစ်မျိုးထွန်းနှင့် မြေးဖြစ်သူတစ်ဦးအပါအဝင် တစ်မိသားစုတည်း လေးဦး သေဆုံးခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။
ထို့အပြင် ဆိုင်ကယ်စီးနေသည့် အသက် (၂၀)အရွယ် မရတီကျော်လည်း ဗုံးစထိမှန်သေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ပြောသည်။
“ဘာသတင်းရတယ် မသိဘူး။ ကျွန်တော်တို့မှာ ဘာမှမရှိဘူး။ စာသင်ကျောင်းကိုကြဲသွားတာ။ စစ်ရှောင်တွေလည်း သေဆုံးဒဏ်ရာရတာတွေရှိတယ်”ဟု ကိုလက်ယျာက ပြောသည်။
ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဆောင် နှစ်ဆောင်နှင့် လူနေအိမ် သုံးလုံးပျက်စီးကြောင်း၊ ထို့အပြင် နွားလေးကောင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။
“လေယာဥ်က မမြင်ရဘူး။ အသံပဲကြားနေရတာ။ ပြီးမှဝေါဆို ချက်ချင်းမြင်လာပြီးတော့ စက်ကလေးနဲ့ဆွဲပြီးတော့ ဗုံးပထမဆုံးတစ်လုံး ချသွားတာ။ ဒီနောက် တခါပတ်တယ်။ နှစ်ခါပတ်တယ်။ သုံးခါပတ်ပြီးမှ ပြန်သွားတာ။”ဟု မြေပြင်ရဲဘော်တစ်ဦးက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီသည် ယမန်နေ့ညကလည်း တစ်ညတည်း မြို့နယ်လေးခုကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များအပါအဝင် ၂၀ဦးထက်မနည်းသေဆုံးခဲ့ရပြီး ဒဏ်ရာရသူများလည်း များပြားခဲ့သည်။
ယမန်နေ့ည ၉နာရီတွင် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့တွင်ရှိသော ဘန်ကောက်စစ်ရှောင်စခန်းအား ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဆက်တိုက်ဆိုသလို ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နန့်ခမ်းမြို့နှင့် နောင်ချိုမြို့နယ်တို့ကို ယမန်နေ့ည ၁နာရီကျော်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် နံနက် ၂နာရီ ၄၀မိနစ်တွင် ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်(၄)အတွင်းရှိ ကျေးရွာတစ်ရွာကို ထပ်မံလေကြာင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မိုးဗြဲမြို့ရှိ ဘန်ကောက်စစ်ရှောင်စခန်းအား ဗုံးကြဲတိုက်ခိုက်ခံရမှုတွင် ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG ၏ဖော်ပြချက်အရ ယမန်နေ့ည(စက်တင်ဘာ ၅ ရက်) ည ၉နာရီကျော်တွင် မိုးဗြဲမြို့အနောက်ဘက် လအိကျေးရွာရှိ ဘန်ကောက်စစ်ရှာင်စခန်းအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း အသက် (၁၀)နှစ်ခန့်အရွယ် အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး ၊ (၁၃)နှစ်ဝန်းကျင် အမျိုးသမီးနှစ်ဦးနှင့် အသက်(၄၀)ကျော်အရွယ် အမျိုးသမီးနှစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။
ထို့အပြင် ယမန်နေ့ည ၁နာရီ ၃၅မိနစ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ ညစျေးအနီးကို စစ်ကောင်စီက ပေါင်(၅၀၀)ဗုံး နှစ်လုံး ကြဲတိုက်ခိုက်ရာ ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များအပါအဝင် မြို့ခံ ၁၁ဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။
ထို့နောက် နောင်ချိုမြို့နယ်ရှိ ရွှေမုဌောကျေးရွာကို ယမန်နေ့ညက စစ်ကောင်စီလေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တစ်ဦး သေဆုံးပြီး နေအိမ်အများအပြား ပျက်စီးခဲ့ရသည်။
ရွှေမုဌောရွာကို ယမန်နေ့ည နံနက် ၁နာရီခန့်နှင့် နံနက် ၅နာရီခန့်တွင် လေကြောင်းမှ ဗုံးအလုံး၂၀ကျော် ကြဲချတိုက်ခိုက်သွားခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။
ဆက်လက်ပြီး ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်(၄) ဘက်ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက ယမန်နေ့ညတွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း မင်းတပ်ဒေသခံက ပြောသည်။ နံနက်စော ၂နာရီ ၄၀ မိနစ်ခန့်တွင် တိုက်လေယာဉ်ဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီသည် ၂၀၂၄ ဇန်နဝါရီမှ ဧပြီ လေးလအတွင်း လေကြောင်းမှတိုက်ခိုက်မှုဖြစ်စဥ် ၈၁၉ ခု ပြုလုပ်ခဲ့ပြီး ပျှမ်းမျှတစ်ရက်လျှင် ခြောက်ခုရှိသည်ဟု ဥာဏ်လင်းသစ်သုသေတနအဖွဲ့၏ “စစ်ကောင်စီ၏လေကြောင်းအသုံးပြုတိုက်ခိုက်မှုများ လေ့လာမှုအစီရင်ခံစာ (၄)”အစီရင်ခံစာက ဆိုသည်။ ထို့အပြင် ၄ လအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် အရပ်သားပြည်သူ ၃၅၉ ဦးရှိပြီး ၇၅၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၃ ဖေဖော်ဝါရီမှ ဒီဇင်ဘာအထိ တစ်နှစ်ခန့်အတွင်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ် ၈၅ခုရှိခဲ့ပြီး ပျှမ်းမျှလေးရက်လျှင် အနည်းဆုံး တစ်ခုရှိသည်ဟု ဥာဏ်လင်းသစ်သုသေတနအဖွဲ့က ဆိုသည်။
ထို့အပြင် တစ်နှစ်ခန့်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် အရပ်သားပြည်သူ ၆၃ ဦးရှိပြီး ၄၂ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။
အဆိုပါ အစီရင်ခံစာဖော်ပြချက်အရ စစ်ကောင်စီ၏ လေကြောင်းမှ တိုက်ခိုက်မှုမှာ ယခု ၂၀၂၄အတွင်း သိသိသာသာပိုမိုပြုလုပ်လာခြင်း ဖြစ်သည်။