close
Connect with us

Hi, what are you looking for?

သတင်း

တောင်ငူမြို့ရေကြီးမှု ရုပ်အလောင်း ခုနစ်လောင်းတွေ့ရှိ

စစ်တောင်မြစ်ရေဝင်ရောက်၍ တောင်ငူမြို့ပေါ်ရပ်ကွက်များ ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်နေရာ ရုပ်အလောင်းအချို့ရှာဖွေတွေ့ရှိထားကြောင်း ကယ်ဆယ်ရေးလုပ် ဆောင်နေသူအချို့က ပြောသည်။

စစ်တောင်းမြစ်ရေအနည်း ငယ်ပြန်ကျသည်ဆိုသော်လည်း တောင်ငူမြို့ပေါ်တွင် ရေဘေးဒုက္ခဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်သည်။ - ဓာတ်ပုံ-Bhone Min Thaw

ကျော်ဇော/People’s Spring

စစ်တောင်မြစ်ရေဝင်ရောက်၍ တောင်ငူမြို့ပေါ်ရပ်ကွက်များ ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်နေရာ ရုပ်အလောင်းအချို့ရှာဖွေတွေ့ရှိထားကြောင်း ကယ်ဆယ်ရေးလုပ် ဆောင်နေသူအချို့က ပြောသည်။

ရုပ်အလောင်းအချို့တွေ့ရှိခဲ့သည့်ရပ်ကွက်မှာ တောင်ငူမြို့အရှေ့ဘက်ခြမ်း မြစ်ကမ်းနှင့်နီးသည့် (၂၃)ရပ်ကွက်အတွင်းတွေ့ရှိခြင်းဖြစ်ပြီး ယနေ့(စက်တင်ဘာ ၁၅)မွန်းလွဲပိုင်းအထိ ရုပ်အလောင်း ခုနစ်လောင်းတွေ့ရှိထားပြီး ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

“မြစ်ဘေးဆိုတော့ ရေတိုးမြန်တာရယ်၊ ရွှေ့ဖို့ခက်ခဲတာရယ်​၊ ကယ်ဆယ်ရေးဝင်ဖို့ အခက်အခဲရှိတာတွေကြောင့်ပါ”ဟု (၂၃)ရပ်ကွက်အတွင်း ပြည်သူအချို့ပိတ်မိခဲ့သည့်အခြေအနေကို ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောသည်။

လက်ရှိရေးဘေးအတွင်း ကယ်ဆယ်ရေးလုပ်နိုင်ရန် ပြည်သူများအား အိမ်တိုင်ရာရောက်သွား ရောက်ခေါ်ဆောင်ခဲ့သော်လည်း အချို့ပြည်သူများမှ နေအိမ်မှ မရွှေ့ပြောင်းချင်ကြဘဲ ရေထပ်တက်၍ ညအချိန်မတော်ကြမှ လာရောက်ခေါ်ဆောင်ပေးရန် အကူအညီတောင်းခံမှုများရှိရာ ကယ်ဆယ်ရေးလှေအချို့ ညအမှောင်၌ လှေမှောက်သည့်ဖြစ်စဥ်များလည်း ရှိခဲ့သည်ဟု ဆိုသည်။

“အချိန်က မှောင်နေပြီ။ ဒါပေမဲ့ မငြီးမငြူသွားကယ်တယ်။ မှောင်နေတော့ ကျနော်တို့လည်း စမ်းတဝါးဝါးသွားရတယ်။ သေချာဂရုစိုက် ကယ်တယ်။ ကျနော်တို့ စက်လှေမှောက်တယ်။ ဒါပေမဲ့ ကယ်ရမယ့်သူတွေကို မထိခိုက်ဘူး။ ဖြစ်စေချင်တာက ကယ်ဆယ်ရေးသမားတွေလာခေါ်ရင် မိမိဥစ္စာထက် မိမိအသက်ကို ဦးစားပေးပါလို့”ဟု ကယ်ဆယ်ရေးလုပ်နေသူ နောက်ထပ်တစ်ဦးက ပြောသည်။

စစ်တောင်းမြစ်ရေ ရုတ်တရက မြင့်တင်လာနိုင်၍ တောင်ငူမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များအပါအဝင် တောင်ငူခရိုင်အတွင်းရှိ ​မြစ်ချောင်းများအနီးနေထိုင်သူများအနေဖြင့် ရေးဘေးအတွက် ကြိုတင်ပြင်ဆင်ထားကြရန်နှင့် လိုအပ်ပါက ကြိုတင်ပြောင်းရွှေ့ထားကြရန် မိုးလေဝသပညာရှင်များနှင့် ဒေသခံအချို့မှ မြစ်ရေမတက်ခင် ၂ ရက် ၃ ရက်ခန့်အလိုကတည်းက ကြိုတင်သတိပေးမှုများရှိခဲ့သည်။

“ပြောတာက လွယ်တယ်။ တချို့ သက်ကြီးရွယ်အိုတွေက အိုးအိမ်ကိုခင်တွယ်ကြတယ်။ သူတို့ရဲ့ အိုးအိမ်လေးကနေ ဘယ်မှသွားချင်တာမဟုတ်ဘူး။ စိတ်မချဘူးလေ။ သူတို့မှာ တစ်နေရာကိုရွှေ့ဖို့ စားသောက်နေထိုင်ဖို့ဆိုတာ အဆင်ပြေပါ့မလားစဉ်းစားကြတယ်။ တစ်ချိူ့က သူတို့အိမ်က တိရိစ္ဆာန်လေးတွေ၊ နွားတွေ၊ ၀က်တွေကို ဘယ်မှာထားမလဲပူရတယ်။ သူတို့အကောင်လေးတွေကို စိတ်မချကြဘူး။ ကိုယ်အလှည့်ကျရင် နားလည်းလာမှာပါ”ဟု ရေဘေးကြုံနေရသည့် တောင်ငူဒေသခံတစ်ဦးက ပြောသည်။

ရေးဘေးနှင့်စပ်လျဥ်းပြီး တာဝန်ရှိသည့် စစ်ကောင်စီကမူ မည့်သည့် ကြိုတင်သတိပေးမှုမှ ပြုလုပ်ခြင်းမရှိသကဲ့သို့ လက်ရှိ ကယ်ဆယ်ရေးလုပ်ငန်းများတွင်လည်း ၎င်းတို့ခွင့်ပြုသည့်နေရာများသို့သာ သွားရောက်ကယ်ဆယ်စေခြင်း၊ ကယ်ဆယ်ရေးလှေများသယ် ဆောင်လာသည်ကို မြို့အဝင်ဂိတ်များမှတဆင့် တားဆီးကာ လှေများကို ယူဆောင်ထားခြင်းအပါအဝင် ပိတ်ပင်တားဆီးမှုများလုပ်ဆောင်နေသည်ဟု အမည်မဖော်လိုသည့် ကယ်ဆယ်ရေးသမားအချို့က ပြောသည်။

“ကိုယ်တို့ အသက် ၇၀ ကျော်သူကိုယ်တိုင် ဒီလို၊ဒီလောက် ရေကြီးတာ မကြုံခဲ့ဖူးဘူး။ အခုကြုံရတာပဲ။ တာဝန် ရှိသူတွေက ကြိုတင်သတိပေးရမှာ။ ပေးတယ်ဆိုရာမှာလည်း ဘယ်လောက် အန္တရာယ်များတယ်ဆိုတာ ရှင်းရှင်း လင်းလင်းသတိပေးရမှာ။ နောက်တခု ဖြစ်လာရင် ဘာတွေဘယ်လိုလုပ်မလဲ ကြိုတင်စီစဥ်ထားရမှာ။ အခု ဖြစ်ကာမှ အဝေးကလှေပြေးယူ အသက်ကယ် အင်္ကျီမရှိ။ တိုင်းပြည်ဆင်းရဲတာဆင်းရဲတာပဲ တခြားတိုင်းပြည်တွေဆီက အတုယူသင့်တာယူကြရမှာပါ”ဟု တောင်ငူမြို့ခံ သက်ကြီးပိုင်းတစ်ဦးက မှတ်ချက်ပေးသည်။

လတ်တလောတွင် ရေကြီးနစ်မြုပ်သည့် တောင်ငူမြို့ပေါ်ရပ်ကွက်တစ်ခုအတွင်း ရှာဖွေတွေ့ရှိထားသည့် ရုပ်အလောင်းအချို့နှင့်စပ်လျဥ်းပြီး ကျား၊ မ၊ အသက်အရွယ်နှင့် မည်သူမည်ဝါဖြစ်သည် စသည့်အချက်အလက်များအား မသိရသေးပေ။

တောင်ငူမြို့တွင် ရေဘေးသင့်ပြည်သူများအား မြို့ခံပရဟိတအသင်းများနှင့် ဒေသအသီးသီးမှ ကယ်ဆယ်ရေးအဖွဲ့များသွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်လျှက်ရှိရာတွင် ကယ်ဆယ်ရေးစခန်း ၃၆ခုကျော်ရှိ​ပြီး လူဦးရေသောင်းဂဏန်းခန့် ခိုလှုံနေကြရကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အုပ်စုသည် ရေဘေးသင့် ပြည်သူများကယ်ဆယ်ခြင်းထက် အရပ်သား များအား ဗုံးကြဲတိုက်ခိုက်ရန်သာ ဦးတည်ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

သတင်း

ရေဘေးအတွက် စစ်ကောင်စီ၏ အမျိုးသားသဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက အလှူခံနေသော်လည်း လှူဒါန်းမည့်သူမရှိဖြစ်နေကြောင်း စစ်ကောင်စီ၏ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှ ဝန်ထမ်းအချို့က ပြောသည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသတွင်လည်း လတ်တလောရေကြီးမှုကြောင့် ဒေသခံပြည်သူ သေဆုံးထိခိုက်ပျောက်ဆုံးမှုများရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊အင်းတိန်ကျေးရွာတွင် စစ်ဘေးရှောင်ပြည်သူ ၁၀ဦး ရေစီးဖြင့်မျောပါသွားကြောင်း ရေဘေးကူညီဆောင်ရွက်နေသူများက ပြောသည်။

Trending

Facebook