ဟန်နွေ/People’s Spring
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အုပ်စုသည် ရေဘေးသင့် ပြည်သူများကယ်ဆယ်ခြင်းထက် အရပ်သား များအား ဗုံးကြဲတိုက်ခိုက်ရန်သာ ဦးတည်ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။
စက်တင်ဘာ ဒုတိယပတ်အတွင်း နိုင်ငံတဝန်း ရေကြီးမှုဖြစ်စဉ်များကြောင့် ပြည်သူများ ရေဘေး ဆိုးရွားစွာရင်ဆိုင်နေရမှု ကိစ္စကို ယာယီသမ္မတက ယနေ့ စက်တင်ဘာ ၁၅ရက်တွင် ကျင်းပသည့် ဒီမိုကရေစီနေ့ အခမ်းအနား၌ ထည်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ရာဂီမုန်တိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံအနှံ့ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် ဒေသအသီးသီးတွင် ရေဘေးဒုက္ခများ ရင်ဆိုင်ခဲ့ရကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ နိုင်ငံဟာနှစ်ပေါင်းများစွာ စစ်အာဏာရှင်များရဲ့ အာဏာလောဘစိတ်များကြောင့် တိုင်းရင်းသားပြည်သူများဟာ စစ်ဘေးဒဏ်၊ သဘာဝေဘေး ဒဏ်ကို အခြားနိုင်ငံများထက် ပိုပြီး ဆိုးရွားစွာ ရင်ဆိုင်နေတာဖြစ်ပါတယ်။ မင်းအောင်လှိုင်နှင့် စစ်အုပ်စုဟာ ရေဘေးသင့်ပြည်သူများကို ကယ်ဆယ်ဖို့ထက် အရပ်သားပြည်သူများကို ဗုံးကြဲတိုက်ခိုက်ဖို့တာ ဦးတည် တာဆူနေတာ တွေ့မြင်ရပါတယ်။ မင်းအောင်လှိုင်နှင့် စစ်အုပ်စုဟာ လူစိတ် ကင်းမဲ့ပြီး အာဏာလောဘ စိတ်မွန်းနေသူမို့ သူ့အာဏာတည်မြဲရေးကိုသာ အလေးထားပြီး ပြည်သူများရဲ့ ဒုက္ခ ဝေဒနာများကို စာနာစိတ်ရှိသူမဟုတ်ပါ”ဟု ယာယီသမ္မတက ပြောကြားသည်။
တအာင်းတပ်မတော်(TNLA)၏ ယမန်နေ့ သတင်းထုတ်ပြန်ချက်တွင် စစ်ကောင်စီသည် နိုင်ငံတဝန်း ရေဘေးကြုံနေရချိန် တအာင်းတပ်ဖွဲ့ အုပ်ချုပ်နေသည့် မြို့များအပါအဝင် နိုင်ငံအရပ်ရပ်ရှိ စစ်ရှောင်စခန်းနှင့်အရပ်သား ပြည်သူများ နေထိုင်ရာ ကို ဦးတည်ကာ ဖျက်အားပြင်း ဗုံးများ အသုံးပြုတိုက်ခိုက်နေကြောင်း ဖော်ပြထားသည်။
ယာယီသမ္မတ၏ မိန့်ခွန်းတွင် စစ်အာဏာရှင် စနစ်သည် လူထု၏ဒီမိုကရေစီ အခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို ဟန်းတားနေကြောင်း ဖော်ပြသည်။ အာဏာရှင်စနစ် အသက်ဝင်နေသမျှ ကာလပတ်လုံး လူထု၏ ကိုယ်စားပြုမှုနှင့် လူထု၏ သဘောထား အမြင်များ မျက်ကွယ် ပြုခြင်းခံနေရမည်ဟုလည်း ယာယီသမ္မတက ပြောသည်။
” လက်ရှိ တည်ဆဲအခြေအနေမှာ၊ စစ်အာဏာရှင်စနစ်ဟာ လူထုရဲ့ ဒီမိုကရေစီအခွင့်အရေးနဲ့ ဒီမိုကရေစီလွတ်လပ်ခွင့်တွေကို အကြီးကျယ်ဆုံး တားဆီး ဟန့်တားနေတဲ့ ရန်သူ ဖြစ်တယ်။ ဒါ့ကြောင့်လူထုဒီမိုကရေစီအပြည့်အဝ ရရှိရေးကို လုပ်ဆောင်တဲ့နေရာမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဟာ ပထမဦးစားပေးအနေနဲ့ ကျွန်တော်တို့အားလုံး လုပ်ဆောင်နေကြရတာ ဖြစ်တယ်”ဟု ယာယီသမ္မတက ပြောသည်။
အဆိုပါ ဦးစားပေးတာဝန်သည် လူထုအကျိုးစီးပွားကို အကျယ်ပြန့်ဆုံးဖော်ဆောင်နိုင်ရန်ပထမဆုံးလမ်းစဉ်ဖြစ်သည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားသည်။