သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက (၇၉)ကြိမ်မြောက် ကုလသမဂ္ဂတွင်သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိရေး ထောက်ခံကြောင်း ဒီကနေ့ (စက်တင်ဘာ ၂၂)မှာ အသီးသီးဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာ 5/ဆလက လူထုသပိတ်စစ်ကြောင်း၊ 5/လက်ပံတောင်းစစ်ကြောင်း၊ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်း၊ ကျေးလက်တော်လှန်လူထုအသံသပိတ် စစ်ကြောင်းတွေ ပူးပေါင်းကာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆန္ဒပြခဲ့ပါတယ်။
ကသာမြို့နယ်မှာလည်း ကျေးလက်ပြည်သူတွေနဲ့ လူထုအောင်လံ သပိတ်အဖွဲ့တို့ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ပြီး မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂတွင် ဆက်လက်ထားရှိရေး တောင်းဆိုခဲ့ကြပါတယ်။
ကလေးဒေသအတွင်းက ကျေးရွာတစ်ရွာမှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူ့သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့အတူ ရပ်တည်ကြောင်း လူထုထောက်ခံပွဲ တစ်ရပ် ပြုလုပ်ခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း သပိတ်အင်အားစုက ဦးဆောင်ပြီး ကုလသမဂ္ဂသံတမာန်ရေးရာတိုက်ပွဲမှာ ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးအတွက် ထောက်ခံဆန္ဒပြုသပိတ် လှုပ်ရှားခဲ့ကြပါတယ်။
ဆန္ဒထုတ်ဖော်ကြတဲ့ ပြည်သူတွေက “Our Ambassador Myanmars Voice ငါတို့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံ ဖြစ်သည်” စာသားတို့ကို ကိုင်ဆောင်ပြီး မြန်မာပြည်သူလူထုကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံကြောင်း ပြသခဲ့ပါတယ်။
ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းသပိတ်၊ ကသာမြို့နယ်လူထုသပိတ်