မြန်မာဖက်ကနေ စစ်သွေးကြွ အယောက် ၉၀၀ လောက် အလုံးအရင်း ဝင်ရောက်လာဖွယ် ရှိနေကြောင်း ထောက်လှမ်းရေး သတင်းတွေကြောင့် အိန္ဒိယ အရှေ့မြောက်ပိုင်းမှာရှိတဲ့ မဏိပူရ ပြည်နယ်မှာ လုံခြုံရေး တိုးမြှင့်ထားလိုက်ပါတယ်။
ကူကီမျိုးနွယ်စုထဲက စစ်သွေးကြွ ၉၀၀ လောက်ဟာ မြန်မာဖက်ကနေ နယ်စပ်ဖြတ်ကျော်ပြီး စိမ့်ဝင်လာနိုင်ခြေ ရှိတယ်ဆိုတဲ့ သတင်းတွေကို ရရှိထားကြောင်းစက်တင်ဘာ ၂၀ ရက်နေ့မှာ ထိပ်တန်း လုံခြုံရေး အရာရှိ တစ်ဦးက Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့လည်း ကူကီမျိုးနွယ်စုတွေကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်း တစ်ခုကတော့ အခုစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး အခြေအမြစ်မရှိ စွပ်စွဲပြောဆိုခဲ့တဲ့ အဲဒီ အရာရှိကို ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
မဏိပူရ အစိုးရရဲ့ လုံခြုံရေး အကြံပေးပုဂ္ဂိုလ် ကူလ်ဒီယက်ပ်ဆင်းက စစ်သွေးကြွတွေ တပြုံတမကြီး စိမ့်ဝင် ရောက်ရှိလာနိုင်တယ်ဆိုတဲ့ သတင်းကို ထောက်လှမ်းရေး အေဂျင်စီ တချို့ကြားမှာ မျှဝေ သိရှိထားကြပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
မနှစ်က မေလတုန်းက မဏိပူရမှာ လူများစု တိုင်းရင်းသား အနွယ်တွေဖြစ်တဲ့ မေတီတွေနဲ့ လူနည်းစု ကူကီတွေကြား သွေးချောင်းစီး ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး အဲဒီ တင်းမာမှုတွေဟာ လက်ရှိအချိန်ထိ တအုံနွေးနွေး ရှိနေဆဲပါ။
ဆင်းက ကူညီ လက်နက်ကိုင် စစ်သွေးကြွ ၉၀၀ လောက် မြန်မာဖက်ကနေ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာနိုင်ခြေ ရှိတဲ့ သတင်းကြောင့် နယ်စပ် ရဲတပ်ဖွဲ့ကို တပ်လှန့်ထားသလို လုံခြုံရေး ဌာနတွေ ပူးပေါင်းပြီး လုံခြုံရေး အစီအမံတွေ မြှင့်တင်ထားတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ကူကီတွေ အများဆုံး နေထိုင်ရာ ကုန်းမြင့်ဒေသတွေကိုလည်း နိုးနိုးကြားကြား စောင့်ကြည့်နေတယ်လို့ သူက ဆိုပါတယ်။
မဏိပူရမှာ ကူကီမျိုးနွယ်စုတွေကို ကိုယ်စားပြုတဲ့ အဓိက အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ကူကီ ကျောင်းသားများ အဖွဲ့ချုပ် (KSO)ကတော့ ဆင်းရဲ့ စွပ်စွဲချက်ကို ပယ်ချခဲ့ပြီး လုံခြုံရေး အကြံပေး အရာရှိဟာ ကူကီတွေရဲ့ လုံခြုံရေးကို ကာကွယ် စောင့်ရှောက်ပေးရမယ့်အစား သတင်းအမှားတွေ ဖြန့်ပြီး ပြဿနာတွေကို ပိုဆိုးအောင် ကြံဆောင်နေတယ်လို့ တုံ့ပြန်ပါတယ်။
ဒီလို လူပုဂ္ဂိုလ်မျိုး ပါဝင်နေတဲ့ ပြည်နယ် အစိုးရရဲ့ ဦးဆောင်မှုကို ကူကီတွေ အနေနဲ့ မယုံကြည်ရဲတော့ကြောင်း၊ ဒါကြောင့် ဆင်းနုတ်ထွက်ပေးဖို့ကို တောင်းဆိုကြောင်း KSOက ကြေညာခဲ့ပါတယ်။
ကူကီတွေဟာ မဏိပူရ တောင်ပိုင်းမှာ အဓိက နေထိုင်ပြီး မြန်မာနိုင်ငံက ချင်းလူမျိုးတွေနဲ့ ဆက်နွှယ်မှု ရှိပါတယ်။ ထောက်လှမ်းရေး အရာရှိတွေက ဒေသတွင်းမှာ ဖောက်ခွဲရေး ပစ္စည်းတွေကို ဒရုန်းတွေနဲ့ ပို့ဆောင်ပြီး တိုက်ခိုက်တဲ့ လုပ်ရပ်မျိုးတွေဟာ ကူကီ စစ်သွေးကြွတွေရဲ့ လက်ချက်ဖြစ်ကြောင်း သတင်းတွေအပေါ် အလေးအနက် စုံစမ်းနေပြီး ကူကီတွေကတော့ အဲဒီလုပ်ရပ်တွေနဲ့ ဆက်စပ်မှု မရှိကြောင်း ငြင်းဆိုထားပါတယ်။
တခြားတစ်ဖက်မှာတော့ အယ်ဖယ်လ်မြို့မှာ မေတီမျိုးနွယ်စု(ကသည်း)တွေ စုဝေးပြီး ကူကီ စစ်သွေးကြွတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ မဏိပူရမှာ လူမျိုးရေး ပြဿနာတွေ ငြိမ်ဝပ်ပိပြားသွားအောင် အစိုးရက အစွမ်းကုန် ကြိုးစားနေတဲ့တိုင် မျိုးနွယ်စု နှစ်ခုကြား ပဋိပက္ခတွေကတော့ ကြိုကြားကြိုကြား ဆက်လက် ဖြစ်ပေါ်နေဆဲပါ။
အခုလ အစောပိုင်းတုန်းကတင် ပြဿနာတွေ ပြန်လည် ခေါင်းထောင်လာပြီး ဆူပူ ပဋိပက္ခတွေအတွင်း လူ ၁၁ ဦး သေဆုံးခဲ့ပါတယ်။ မနှစ်က မေလကစပြီး ကူကီ နဲ့ ကသည်း နှစ်ဖက် တင်းမာမှုတွေကြောင့် မဏိပူရမှာ သေဆုံးသူ ၂၄၀ နီးပါးထိ ရှိခဲ့ပြီး လူပေါင်း ၆၀၀၀၀ လောက် နေရပ်စွန့်ခွာခဲ့ရပါတယ်။
အိန္ဒိယရဲ့ အာဏာရ ဘာရာတီယာ ဂျန်နက်တာပါတီ (BJP)က မဏိပူရမှာ မတည်မငြိမ်တွေ ဖြစ်ပေါ်ရတဲ့ အဓိက အကြောင်းရင်း တစ်ခုအဖြစ် မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် စစ်ရှောင်တွေ အများအပြား အိန္ဒိယဖက်ကို ခိုလှုံ ဝင်ရောက်လာခြင်းကိုလည်း အပြစ်တင်ထားပါတယ်။ အဲဒီဒုက္ခသည်တွေကြားမှာ ကူကီစစ်သွေးကြွတွေ ရောနှော စိမ့်ဝင်ပြီး ပါလာမှာကို အိန္ဒိယ အစိုးရက စိုးရိမ်နေပါတယ်။
မနှစ်တုန်းကတော့ အိန္ဒိယဟာ မြန်မာနဲ့ ထိစပ်နေရာ ၁၆၅၀ ကီလိုမီတာ ရှည်လျားတဲ့ နယ်စပ်တလျှောက် လွတ်လပ်စွာ ကူးသန်းသွားလာခွင့်ကို ရုပ်သိမ်းကြောင်း ကြေညာခဲ့ပြီး ဒေါ်လာ ၃.၇ ဘီလီယံကျော် အကုန်အကျခံမယ့် နယ်စပ်စည်းရိုးကို ရှည်ရှည်လျားလျား တည်ဆောက်မယ်လို့ အတည်ပြုခဲ့ပါတယ်။
ဒါပေမဲ့ ကူကီ အသိုက်အဝန်းကတော့ အဲဒီ လုပ်ရပ်ဟာ နယ်စပ်တဝိုက်မှာ နေထိုင်တဲ့ မျိုးနွယ်တူတွေနဲ့ အဆက်အသွယ် ဖြတ်တောက်တဲ့ ကိစ္စမျိုးလို့ စွပ်စွဲပြီး ဝေဖန်ကန့်ကွက်နေကြပါတယ်။
မဏိပူရမှာ မျိုးနွယ်စု နှစ်ခုကြား ဖြန့်ကျက်နေထိုင်တဲ့ ပုံစံကိုက သိသိသာသာ ကွဲပြားနေပြီး မေတီတွေဟာ မြေနိမ့် လွင်ပြင်တွေမှာ အဓိက နေထိုင်ကြပေမယ့် တောင်ပေါ်ဒေသတွေမှာတော့ ကူကီ မျိုးနွယ်စုတွေက လွှမ်းမိုးထားပါတယ်။ အဲဒီကြားမှာ ဗဟိုအစိုးရရဲ့ ကွပ်ကဲမှုအောက်မှာ ရှိနေတဲ့ အရန်တပ်တွေက ဖြန့်ကျက်ပြီး လုံခြုံရေး ယူထားပါတယ်။
People’s Spring ရရှိထားတဲ့အချက်အလက်တွေအရ ကသည်းသူပုန်တွေဟာမြန်မာစစ်တပ်နဲ့အစဥ်အဆက်နီးစပ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်နဲ့အတူတော်လှန်ရေးအဖွဲ့တွေကို တမူး၊ကလေးမြို့နယ်တွေမှာတိုက်ခိုက်တာရှိခဲ့သလို ၊ကူကီလက်နက်ကိုင်အဖွဲ့တွေက တော်လှန်ရေးအင်အားစုတွေနဲ့ပေါင်းပြီး တမူးမြို့နယ်ထဲမှာ စစ်တပ်စခန်း၊ကသည်းသူပုန်စခန်းပြည်သူစစ်စခန်းတွေကို အတူတိုက်ခိုက်သိမ်းပိုက်ပေးခဲ့ဖူးပါတယ် ။
ကိုးကား: Reuters