ဟာနာဆန်/People’s Spring
ရေစကြိုနှင့် မြင်းခြံမြို့နယ်တို့တွင် စစ်ကောင်စီ ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်သည်တစ်ဦးအပါအဝင် တစ်ရက်တည်း အမျိုးသမီး ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သုံးဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ (စက်တင်ဘာ ၂၂ ရက်) နံနက် ၈ နာရီခွဲခန့်က စစ်ကောင်စီတပ်သည် ရေစကြိုမြို့နယ်၊ မအူအောက်ဆိပ် တိုက်နယ်ဆေးရုံနှင့် ဘုန်းကြီးကျောင်း (ရွှေကျင်ကျောင်းတိုက်) တို့ကို ဗုံးကြဲတိုက်ခိုက်ရာ အမျိုးသမီး နှစ်ဦးသေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာများရခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက် ကော်မတီ၏ တာဝန်ရှိသူက ပြောသည်။
သေဆုံးသူများမှာ အသက် (၂၃)နှစ်အရွယ် မစုမြတ်ဝေနှင့် (၁၇)နှစ်အရွယ် မချူးသိမ့်သိမ့်တို့ဖြစ်ပြီး ညီမတစ်ဝမ်းကွဲတော်စပ်သူများဖြစ်ကြောင်း၊ ထို့အပြင် (၇၀)အရွယ် ဒေါ်ကြည် ဝင်း၊ (၅၀)နှစ်အရွယ် ဒေါ်စောနန်းစိန်နှင့် (၃၅) အရွယ် ဒေါ်စိမ်းမို့မို့တို့လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ဒေါ်စိမ်းမို့မို့မှာ ခြေထောက် ဖြတ်ပစ်လိုက်ရကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီ၏ တာဝန်ရှိသူက ပြောသည်။
“ညီမတစ်ဝမ်းကွဲနှစ်ဦး သေဆုံးတယ်။ အဒေါ်နဲ့ မိခင်တွေ လေးဦး ပြင်းထန်ဒဏ်ရာရတယ်။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
ထို့အပြင် ဆေးရုံ၏ အမျိုးသားလူနာဆောင် ထိမှန်ပျက်စီးခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်၊ သိမ်ကျောင်းနှင့် စလင်းကန်လည်ဆရာတော် ဓါတ်တော်စေတီတို့ ထိမှန်ပျက်စီးခဲ့ကြောင်း ရေစကြိုသတင်းအချက်ကော်မတီက ပြောသည်။
အလားတူ ယမန်နေ့ နံနက်ပိုင်းကပင် မြင်းခြံမြို့နယ်၊ ခြေဆေးကျေးရွာသို့ စစ်ကောင်စီတပ်က နှစ်ကြိမ်တိုင် ဂျက်ဖိုက်တာလေယာဥ်ဖြင့် ဗုံးကြဲစက်သေနတ်ဖြင့် ပစ်ခတ်သောကြောင့် ယာခင်း၌ရှိနေသည့် (၂၄)နှစ်အရွယ် မသူဆိုသူ သေဆုံးခဲ့ပြီး အမျိုးသမီး သုံးဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူများမှာ (၂၁)အရွယ် ကိုယ်ဝန်သည် မမြင့်အေးမှာ ပေါင်ပြတ်သွားပြီး (၆၁)နှစ်အရွယ် ဒေါ်စန်းအေးမှာ နံရိုးနှင့်လက်ပြင်ထိပြီး ပြင်းထန်ဒဏ်ရာရှိသွားကြောင်း၊ (၅၅)နှစ်အရွယ် ဒေါ်ညိုစန်းမှာလည်း နောက်ကျော ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း တောင်သာပကဖအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“တိုက်ပွဲမရှိဘဲပစ်တာ။နှစ်ကြိမ်ပစ်တာ ဘယ်အကြိမ်မှာထိတယ်တော့မသိဘူး။ “ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ခြေဆေးရွာရှိ နွားအကောင်ရေ ၃၀နီးပါး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“တိုက်ပွဲဖြစ်တာ မရှိပါဘူး။ အထက်ပိုင်းက စခ သင်္ဘောတွေ စုန်လာတာကို ချင်းတွင်းမြစ်ဘေး ရွာတွေကို လေကြောင်းတိုက်ခိုက်တာလို့ ယူဆရပါတယ်။ မုံရွာ မင်းဒေါင့်က မနေ့ မနက်ပိုင်းက စုန်လာတဲ့ စခသင်္ဘောတွေ မနေ့ညနေပိုင်းက ဆင်ဖြူရှင်တံတား အထက်ဘက်မှာ တစ်ချို့က သောင်တင်နေပြီး မြစ်ကမ်းဘေးက ရွာတွေ အကုန်လုံး ထွက်ပြေးနေကြရတာ။လေကြောင်းကအဲဒီသင်္ဘောတွေနဲ့ မြစ်ကြောင်းအတိုင်း လိုက်ပါနေတာလို့သိရပါတယ်။”ဟု ရေစကြိုသတင်းအချက်အလက်ကော်မတီ၏ တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီတပ်သည် ချင်းတွင်းမြစ်အထက်ဘက်မှ သစ်တင်ရေယာဥ် ၊ကြေးနီတင်ရေယာဥ် ၊ကားတင်ရေယာဥ် စသဖြင့် ရေယာဥ်အစီး ၂၀ ကျော်ဖြင့် မုံရွာမြို့ မင်းဒေါင့်ဆိပ်ကမ်းမှ အောက်ဖက်သို့ချင်းတွင်းမြစ်အတိုင်း စက်တင်ဘာ ၂၁ ရက်တွင် စုန်ဆင်းလာခြင်းဖြစ်သည်။
စစ်ရေယာဥ်အုပ်စုမှာမြစ်ကမ်းဘေး ဝဲယာများကို ရမ်းသမ်းပစ်ခတ်သလို ၊ရဟတ်ယာဥ်ကလည်း ရေယာဥ်အုပ်စုကို လိုက်ပါ၍ လုံခြုံရေးပေးနေခြင်းဖြစ်သည်။
အလားတူ ယမန်နေ့ ညနေ ၅ နာရီခွဲခန့်က မြိုင် မြို့နယ်၊ ကံကြီးတောရွာ စာသင်ကျောင်းနှင့် ပတ်ပတ်လည်ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်ရာ နေအိမ်တစ်လုံးပျက်စီးပြီး ဘုန်းကြီးကျောင်း အနည်းငယ်ပျက်စီးကြောင်း ဒေသခံများက ပြောသည်။
မြင်းခြံမြို့နယ်သည် သြဂုတ်၁၀ရက်က မြင်းခြံခရိုင်အထူးစစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့နယ်များရှိ ကျေးရွာအများအပြားအား စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ ပြည်သူထိခိုက်သေဆုံးမှုများရှိနေသည်။
စစ်ရှုံးနေသော စစ်ကောင်စီတပ်သည် လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုများ ဆက်တိုက်ပြု လုပ်နေပြီး စက်တင်ဘာ ၂၀ နှင့် ၂၁ရက်က ဖားကန့်၊ နောင်ချို၊ စဥ့်ကူး၊ မတ္တရာမြို့နယ်များတွင် စစ်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အနည်းဆုံးပြည်သူ ၉ ဦးသေဆုံးကာ ၁၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။