စက်တင်ဘာ ၂၃ နဲ့ ၂၄ ရက်တွေမှာ အစ္စရေးရဲ့ နှစ်ရက်ဆက်တိုက် အပြင်းအထန် ဗုံးကြဲမှုတွေကြောင့် အရပ်သား အများအပြား အပါအဝင် လူပေါင်း ၅၆၀ ကျော် သေဆုံးကြောင်း လက်ဘနွန် ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစာရင်းထဲမှာ ဟစ်ဇ်ဘိုလာ ပြောက်ကျားဦးရေ ဘယ်လောက်လဲ ဆိုတာကိုတော့ တိတိကျကျ ဖော်ပြမထားခဲ့ပါဘူး။
အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေဟာ နိုင်ငံမြောက်ပိုင်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ လက်ဘနွန်တောင်ပိုင်း ဧရိယာတွေသာ မကဘဲ အထူထပ်ဆုံးဖြစ်ပြီး လက်ဘနွန်ရဲ့ မြို့တော် ဘေရွတ်၊ ဟစ်ဇ်ဘိုလာတွေ အားကောင်းကောင်းနဲ့ ဖြန့်ကျက်ထားရာ လက်ဘနွန် အရှေ့ပိုင်း ဒေသတွေထိ ရောက်ရှိခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဟစ်ဇ်ဘိုလာတွေက အစ္စရေးမြောက်ပိုင်း ဧရိယာတွေကို ရာနဲ့ချီတဲ့ ဒုံးကျည်တွေ အသုံးပြုပြီး လက်တုံ့ပြန် ပစ်ခတ်နေခဲ့ပါတယ်။
အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ကြား စစ်ရေးအခြေအနေတွေ ပိုမို တင်းမာလာတာကြောင့် နိုင်ငံတောင်ပိုင်းမှာ နေထိုင်တဲ့ လက်ဘနွန် ပြည်သူတွေဟာ ဘေရွတ်နဲ့ ဆိပ်ကမ်းမြို့ ဆီဒွန်တို့ဆီ အစုအပြုံလိုက် ထွက်ပြေးကုန်ပါတယ်။ နေရပ်မစွန့်ခွာနိုင်သူတွေကလည်း နေအိမ်တွေမှာ မအိပ်ရဲဘဲ စာသင်ကျောင်းတွေဆီ ရွှေ့ပြောင်း ခိုလှုံနေကြရပါတယ်။
အစ္စရေး စစ်တပ်က ဟစ်ဇ်ဘိုလာတွေဟာ အရပ်သား ဧရိယာတွေမှာ ပုန်းအောင်းနေတယ်လို့ စွပ်စွဲပြီး လူနေဧရိယာတွေကိုပါ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့်လည်း ထိခိုက်သေကြေမှုတွေ ပိုမို ဆိုးရွားနေတာ ဖြစ်ပါတယ်။
စက်တင်ဘာ ၂၄ ရက်နေ့မှာတော့ ဘေရွတ်မြို့တော် တောင်ပိုင်းက ဆင်ခြေဖုံး ရပ်ကွက်တစ်ခုကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး အီဘရာဟင် ကူဘိုင်ဆီ အပါအဝင် ၆ ဦး သေဆုံးခဲ့ကြောင်း အစ္စရေးက ထုတ်ပြန်ပါတယ်။ နောက်တစ်နေ့မှာတော့ ဟစ်ဇ်ဘိုလာတွေက သူတို့ရဲ့ ထိပ်တန်း စစ်ဦးစီး တစ်ဦးဖြစ်တဲ့ ကူဘိုင်ဆီ သေဆုံးမှုကို အတည်ပြုခဲ့ပါတယ်။
အစ္စရေးဟာ ဟစ်ဇ်ဘိုလာတွေရဲ့ ဒုံးကျည် တိုက်ခိုက်မှုတွေကို ဦးချိုးပစ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်ဘနွန် အနှံ့မှာ ဖြန့်ကျက်ပြီး လေကြောင်းစစ်ဆင်ရေးတွေ ဆင်နွှဲနေတာပါ။ ဧည့်ခန်းထဲမှာ ဒုံးကျည်တွေ ဝှက်ထားတဲ့ ဘယ်လိုလူမျိုးမှ အစ္စရေးရဲ့ လက်ကနေ လွတ်မှာ မဟုတ်ဘူးလို့လည်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောပါတယ်။
ဂါဇာမှာ အစ္စရေး-ပါလက်စတိုင်း စစ်ပွဲ စတင်ဖြစ်ပွားချိန် ကတည်းက အစ္စရေးမြောက်ပိုင်းနဲ့ လက်ဘနွန် နယ်စပ်မှာလည်း အစ္စရေး-ဟစ်ဇ်ဘိုလာ တင်းမာမှုတွေ ရှိနေခဲ့ပြီး အခုသီတင်းပတ် အစောပိုင်းကစလို့ အစ္စရေးက လက်ဘနွန်အနှံ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို အင်အား အလုံးအရင်းနဲ့ အစပြုလာခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: CNN