ဟန်နွေ/People’s Spring
ကချင်ပြည်နယ် ချီဖွေမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ်က ယနေ့(စက်တင်ဘာ ၂စ)မနက်တွင် သိမ်းပိုက်ခဲ့ဟု စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။
ချီဖွေမြို့ရှိ စစ်ကောင်စီ ကာကင်းစခန်းတစ်ခုအား စက်တင်ဘာ ၂၉ရက် မနက် ၉နာရီ အချိန်တွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ချီဖွေမြို့နယ်ရှိ စစ်ကောင်စီတပ်ရှေ့တွင်ရှိသော ပြည်သူ့စစ်စခန်းကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟုစစ်ရေးရင်းမြစ်တစ်ဦးကပြောသည်။
“ကျနော်ကြားရသလောက်ဆို ဒီမနက်ပဲ ချီဖွေမှာ ရှိတဲ့ ပြည်သူ့စစ်တွေ တပ်ရဲ့ရှေ့က ပြည်သူ့စစ်တွေအကုန်လုံးကို KIAနဲ့ KPDFတွေကအကုန်လုံး ကြိုးချည်ပြီးဖမ်းသွားတယ်တဲ့။ အဲဒီလိုတော့ သတင်းရတယ်။တချို့ ပြည်သူ့စစ်စခန်းတော့ သိမ်းလိုက်တယ်။ ဒါပေမဲ့ တပ်ရင်းကုန်း တစ်ကုန်းရှိတယ်နော။ အဲဒါတော့ မသိမ်းရသေးဘူး။ ချီဖွေဘေးနားက။” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
KIA/PDF ပူးပေါင်းတပ်သည် ဇွန်လ ဒုတိယပါတ်ကလည်း ၀ိုင်းမော်-ဆဒုံးလမ်းရှိ စစ်ကောင်စီစခန်းများ၊ ဆဒုံးဗျူဟာ အပါအဝင် စစ်ကောင်စီတပ်၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့(BGF) တပ်စခန်း ၂၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
KIA နှင့် စစ်ကောင်စီတပ်တို့သည် လက်ရှိတွင်ကချင်ပြည်နယ်၌ ဗန်းမော်- မိုးမောက်ကြား၊ ဖားကန့် ဆိုင်းတောင်တို့၌ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။