ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက လက်ဘနွန်နိုင်ငံ၊ ဘေရွတ်တောင်ပိုင်းမှာရှိတဲ့ လူနေ ဧရိယာ တစ်ခုကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာမှာ ဟစ်ဇ်ဘိုလာခေါင်းဆောင် ဆေယက်ဒ် ဟာဆန် နက်စ်ရာလာဟ် သေဆုံးခဲ့တာ ဖြစ်ပါတယ်။
အစ္စ္စရေးဟာ အဲဒီ တိုက်ခိုက်မှုကို လုပ်ဆောင်မယ် ဆိုတာကို အဓိက စစ်မဟာမိတ် နိုင်ငံဖြစ်တဲ့ အမေရိကန်ဆီ ကြိုတင် အသိမပေးခဲ့ကြောင်း၊ အခုလို လေကြောင်း တိုက်ခိုက်မှုမျိုးဟာ အရေးပါတဲ့ ပစ်မှတ်ကို ချေမှုန်းနိုင်စေခဲ့တဲ့တိုင် အရပ်သား ထိခိုက်သေကြေမှုတွေ ရှိနိုင်တာကို သဘောပေါက်ကြောင်း အမေရိကန် အစိုးရရဲ့ အမျိုးသား လုံခြုံရေးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဂျွန်ကာဘီက ဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ အမေရိကန်ဟာ မဟာမိတ် အစ္စရေးအပေါ် အားပေးထောက်ခံမှုတွေကို မယိမ်းမယိုင် ဆက်လက် ရပ်တည်ပေးနေမှာ ဖြစ်တယ်လို့လည်း ကာဘီက အတည်ပြုသွားပါတယ်။
ကာတာအခြေစိုက် သတင်းဌာန တစ်ခုဖြစ်တဲ့ Al Jazeeraကတော့ အစ္စရေးဟာ နက်စ်ရာလာဟ်ကို ပစ်မှတ်ထားခဲ့တဲ့ လုပ်ကြံ တိုက်ခိုက်မှုမှာ အမေရိကန်လုပ် ပေါင် ၉၀၀ ဗုံးတွေကို အသုံးပြုခဲ့တယ်လို့ ယုံကြည်ရကြောင်း ဖော်ပြထားခဲ့ပါတယ်။
နက်စ်ရာလာဟ် သေဆုံးမှုဟာ အစ္စရေးအတွက် စစ်ရေးအရ ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်လာတယ် ဆိုပေမယ့်လည်း အရှေ့အလယ်ပိုင်းမှာ လက်ရှိ ကြုံတွေ့နေတဲ့ စစ်ရေး ပဋိပက္ခတွေကို ပိုမို ဆိုးရွား ရှုပ်ထွေးလာစေဖွယ် ရှိနေပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာလည်း နယူးယောက်မြို့မှာ မိန့်ခွန်းပြောပြီး ဝါရှင်တန် ဒီစီကို ပြန်အလာ၊ လေဆိပ်ရောက်မှသာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု သတင်းကို ကြားခဲ့ရတာ ဖြစ်တယ်လို့ အနီးကပ် သတင်းရင်းမြစ် တချို့က ပြောပါတယ်။ အဲဒီ မတိုင်ခင်တုန်း နယူးယောက်မှာ ဘလင်ကန်က အရှေ့အလယ်ပိုင်း ဒေသရဲ့ လုံခြုံရေးဟာ သတိကြီးကြီးထား ချဉ်းကပ်ရမယ့် အခြေအနေတွေ ကြုံနေပြီလို့ သတင်းထောက်တွေကို ပြောခဲ့ပါသေးတယ်။
အစ္စရေးဟာ စစ်ရေး အခင်းအကျင်းတွေရဲ့ အာရုံစိုက်မှုကို လက်ဘနွန်ဆီ ကူးပြောင်းတော့မယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် စက်တင်ဘာလထဲမှာ ဟစ်ဇ်ဘိုလာတွေ အထိနာစေမယ့် မဟာဗျူဟာမြောက် တိုက်ခိုက်မှုတွေကို ဆက်တိုက် လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ လက်ဘနွန်မှာ အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေကို အလုံးအရင်း မြှင့်တင် လုပ်ဆောင်ခဲ့တာကြောင့် လူပေါင်း ၁၀၀၀ ကျော်သေဆုံးပြီး ၆၀၀၀ ကျော် ဒဏ်ရာရခဲ့သလို လူတစ်သန်းလောက် နေရပ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရတယ်လို့ လက်ဘနွန် အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
ကိုးကား: Guardian