ရုရှားရဲ့ Il-38 အမျိုးအစား ကင်းထောက် လေယာဉ်ဟာ ဂျပန် မြောက်ပိုင်း၊ ဟော့ကိုင်းဒိုး ကျွန်းကြီးရဲ့ ကမ်းလွန်မှာရှိတဲ့ ရီဘွန်ကျွန်းနားက ဂျပန် လေပိုင်နက်ထဲကို စက်တင်ဘာ ၂၃ ရက်နေ့မှာ သုံးကြိမ်တိုင် ကျူးကျော် ဝင်ရောက်ခဲ့တယ်လို့ ဂျပန် ကာကွယ်ရေး ဝန်ကြီး မီနိုရူ ကီဟာရာက ပြောပါတယ်။
ဒါဟာ ၂၀၁၉ ခုနှစ်နောက်ပိုင်း ဂျပန်လေပိုင်နက်ထဲ ရုရှား စစ်လေယာဉ်တစ်စီး ပထမဆုံး နယ်ကျော်ဝင်ရောက်မှု ဖြစ်စဉ်လို့လည်း ဝန်ကြီးက အတည်ပြုခဲ့ပါတယ်။ အဲဒီအတွက် ဂျပန်ဟာ တိုက်လေယာဉ်တွေကို အရေးပေါ် ပြန်တက်စေခဲ့ပြီး ရုရှား ကင်းထောက်လေယာဉ်ကို ရေဒီယိုနဲ့ ဆက်သွယ်ခဲ့သလို သတိပေး မီးကျည်တွေလည်း ပစ်ဖောက်ခဲ့တယ်လို့ သိရပါတယ်။
ကီဟာရာက ရုရှားရဲ့ Il-38 ကင်းထောက်လေယာဉ်ဟာ ရီဘွန်ကျွန်း မြောက်ဖက်က ဂျပန်ပိုင်နက် ရေပြင်ကို သုံးကြိမ်တိုင် ကျူးကျော် ဝင်ရောက်ခဲ့တယ် ဆိုတာကို အတည်ပြုနိုင်ကြောင်း၊ အခုလို လေပိုင်နက် ကျူးလွန်တဲ့ ကိစ္စမျိုးဟာ စိုးရိမ်စရာ အခြေအနေဖြစ်ပြီး ရုရှား အစိုးရကို သံတမန်ရေးရာ လမ်းကြောင်းတွေကနေတဆင့် အလေးအနက် ကန့်ကွက်ခဲ့သလို ဖြစ်စဉ်ကို ပြန်သုံးသပ်ပြီး အလားတူ ထပ်မကြုံဖို့ တောင်းဆိုထားကြောင်း ဂျပန်က ထုတ်ပြန်ခဲ့ပါတယ်။
ဂျပန်ဟာ ရုရှားနဲ့ ယူကရိန်း စစ်ပွဲမှာ အနောက်မဟာမိတ် နိုင်ငံတွေနဲ့အတူ ယူကရိန်းဖက်က ရပ်တည်နေပြီး ငွေကြေးနဲ့ လက်နက် မဟုတ်တဲ့ ပစ္စည်းတွေကို ထောက်ပံ့ပေးနေပါတယ်။ ဒါ့အပြင် ဂျပန်နဲ့ ရုရှားကြားမှာလည်း ရေပိုင်နက် အငြင်းပွားမှုကို အခြေခံတဲ့ တင်းမာမှုတချို့ အရင်ကတည်းက ရှိခဲ့ပြီး ဖြစ်ပါတယ်။
ဝန်ကြီး ကီဟာရာက ရုရှား စစ်လေယာဉ်တစ်စီး ဂျပန် လေပိုင်နက်ထဲ ကျူးကျော်ခဲ့တာဟာ ၂၀၁၉ ခုနှစ်၊ ဇွန်လတုန်းက ပထမဆုံး အကြိမ်ဖြစ်ပြီး Tu-95 ဗုံးကြဲ လေယာဉ်တစ်စီးဟာ အိုကီနာဝါ တောင်ပိုင်း ရေပြင်နဲ့ တိုကျိုတောင်ပိုင်းက အဇူကျွန်းစု ရေပြင်တွေ တဝိုက်မှာ ပျံသန်းခဲ့တယ်လို့ ပြောပါတယ်။
၂၀၂၃ ခုနှစ်တုန်းကလည်း ရုရှားပိုင်လို့ ယူဆရတဲ့ လေယာဉ်တစ်စီးဟာ ဂျပန်လေပိုင်နက်ထဲ ခဏတာ ကျူးကျော် ဝင်ရောက်ခဲ့ပေမယ့် ရုရှားလေယာဉ် ဆိုတာကိုတော့ တိတိကျကျ အတည်မပြုနိုင်ခဲ့ပါဘူး။
ဂျပန်ဟာ အခုလထဲမှာလည်း Tu-142 ကင်းထောက်လေယာဉ်တွေ ရေပိုင်နက်နား ချဉ်းကပ်လာတာကြောင့် တိုက်လေယာဉ်တွေ စေလွှတ်ပြီး စောင့်ကြည့်စေခဲ့ရပါသေးတယ်။ ဒါပေမဲ့လည်း အဲဒီတုန်းကတော့ ရုရှား လေယာဉ်တွေဟာ ဂျပန်လေပိုင်နက်ထဲ ဝင်ရောက်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။
ကိုးကား: AFP