ထီးချိုင့်မြို့တိုက်ပွဲ ပြင်းထန်နေပြီး ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် တကောင်းနီကယ်စက်ရုံအနီး ရှိ မောင်းကုန်းကျေးရွာကို စစ်ကောင်စီကလေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူခြောက်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။
မောင်းကုန်းရွာကို စက်တင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ပေါင်၅၀၀ ဗုံးကြဲချတိုက်ခိုက်ခြင်းဟု သိရသည်။တရုတ်က ဒေါ်လာသန်း ၈၀၀ ကျော်ရင်းနှီးမြှပ်နှံထားပြီး PDF များကသိမ်းပိုက်ထိန်းချုပ်ထားသော တကောင်းနီကယ်စက်ရုံ နှင့်မောင်ကုန်းရွာ သည် နှစ်မိုင် ဝန်းကျင်သာကွာဝေးသည်။
“တိုက်ပွဲဖြစ်နေတာကမြို့ထဲပိုင်းမှာပါ။ မောင်းကုန်းမှာဘာမှမဖြစ်ပါဘူး။ အဲ့ဒီတော့ ဒေသခံတွေကလည်း အမှုမဲ့နေကြတာ။ ဒါကို လာပစ်တာ” ဟု မောင်းကုန်းကျေးရွာဒေသခံတဦးကပြောသည်။
ပြီးခဲ့သည့်ဩဂုတ်လဆန်းက ထီးချိုင့်မြို့၊ မောင်းကုန်းကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီး ယင်းနေရာအနီးရှိ စစ်ကောင်စီတပ်စွဲထားသည့် တကောင်းနီကယ်စက်ရုံကိုလည်းထိန်းချုပ်ခဲ့သည်။မောင်းကုန်းကျေးရွာသည် စစ်ကောင်စီကင်းစင်နယ် မြေဖြစ်ပြီဟုအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကဩဂုတ်လ ၂ရက်တွင်ထုတ်ပြန် ကြေညာထားသည်။
ထို့နောက်ပိုင်းတွင် မောင်ကုန်းကျေးရွာ၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထီးချိုင့်မြို့အဝင်ရှိ ထီးချိုင့်မြို့ ခံစစ်အတွက် အဓိကကျသော မြတောင်ရွာမှ စစ်ကောင်စီ စခန်းများကို တော်လှန်ရေးတပ်များကအပြင်းအထန်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့သည်။
ထို့နောက်ထီးချိုင့်မြို့ပေါ်ရှိ မြသိန်းတန်တောင်ပေါ် ရှိ စစ်တပ်စခန်း နှင့် ထီးချိူင့်တံတား၌ဘန်ကာအခိုင်အမာတည်ဆောက်တပ်စွဲထားသည့် စစ်ကောင်စီစခန်းများကို တော်လှန်ရေးတပ်များကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
ယခုအခါတွင် မြသိန်းတန်တောင်ပေါ် စခန်းနှင့် ထီးချိူင့်တံတားမှ စစ်ကောင်စီစခန်းများကို တိုက်ခိုက်နေပြီး တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေသည်။
“မောင်ကုန်းက တကောင်းနီကယ်စက်ရုံနဲ့နီးတော့ မပစ်ဘူးထင်တာ။တိုက်ပွဲလည်းဖြစ်မနေဘူးလေ။ အခုက ရွာထဲကိုပစ်ချတာရှင့်။ လေကြောင်းရန်ကြောက်လို့ နာရေးတောင် သေချာ မလုပ်နိုင်ကြဘူး”ဟု ဒေသခံတဦးကပြောသည်။
သေဆုံးသူများနှင့်ပတ်သက်သည့်အချက်အလက်များကို အသေးစိတ်မသိရှိရသေးပေ။
တကောင်းနီကယ် စက်ရုံကို တရုတ်နိုင်ငံပိုင်သတ္ထုတူးဖော်ရေးကုမ္ပဏီ Myanmar CNMC Nickel နှင့် စစ်အစိုးရ၏ အမှတ် ၁ သတ္တုတွင်းလုပ်ငန်းတို့က ၂၀၀၈ ခုနှစ် ဇူလိုင်လမှစ၍ အကျိုးတူပူးပေါင်းလုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ တစ်နှစ်လျင် နီကယ်တန်ချိန် ရှစ်သောင်းခွဲထုတ်လုပ်ရန် လျာထားပြီး စီမံကိန်းစာချုပ်ကာလမှာ နှစ် ၂၀ဖြစ်သည်။
၂၀၁၁ မှစတင်စတင် ၍ နီကယ်တူးဖော်ထုတ်လုပ်ခဲ့ပြီး ၂၀၃၁ အထိ့ဆက်လက်တူးဖော်မည်ဖြစ်သည်။ တရုတ် နိုင်ငံပိုင် ကုမ္ပဏီကအမေရီကန် ဒေါ်လာ သန်း ၈၀၀ ကျော်ရင်းနှီးမြှပ်နှံထားခြင်းဖြစ်သည်။
တကောင်းနီကယ်စက်ရုံကို PDFများက ၂၀၂၄ ဝူလိုင်လကုန်ပိုင်းတွင် သိမ်းပိုက်ထိန်းချုပ်ပြီး တရုတ်ကုမ္ပဏီ နှင့် ညှိ နှိုင်း၍ စက်ရုံဆက်လက်လည်ပတ်နေသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က တရုတ်ရင်းနှီးမြှုပ်နှံမှုများအပါအဝင် တရားဝင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်စောင့်ရှောက်မည်ဟုမူဝါဒချမှတ်ထားပြီး မူအတိုင်း တကောင်းနီကယ်စက်ရုံပုံမှန်လည်ပတ်နိုင်ရန် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက People’s Spring သို့ သြဂုတ်လဆန်းတွင်ပြောသည်။
ထိုကြောင့် တကောင်းနီကယ်စက်ရုံကို PDF များသိမ်းပိုက်ပြီးနောက် ပထမဆုံးအကြိမ် စီမကိန်းအနီးရှိရွာကို စစ်ကောင်စီက ဗုံးကြဲခဲ့ခြင်းဖြစ်သည်။ PDF များက တကောင်းမြို့ကိုလည်း သြဂုတ်လတွင် အပြီးသတ်သိမ်းပိုက်ခဲ့သည်။
ထီးချိုင့်မြို့တွင် ယနေ့(စက်တင်ဘာလ ၂ရက်)တွင်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီကလေကြောင်းမှဆက်လက်တိုက်ခိုက်နေသည်။
ဧရာဝတီမြစ် ကြောင်းမှလည်း သင်္ဘောငါးစီးကို ဆန်တက်လာပြီး လေကြောင်းမှ အကာအကွယ်ပေးကာ စစ်စခန်းများအတွက် လက်နက်ခဲယမ်း၊ရိက္ခာ၊စစ်ကူ အင်အားဖြည့်ရန်ကြိုးစားနေသည်။ မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း လေကြောင်းလုံခြုံရေးယူကာ တက်လာသော စစ်ကောင်စီသင်္ဘောငါးစင်းသည် သပိတ်ကျင်း၊တကောင်း၊ ထီးချိုင့်မြို့များကို ဖြတ်ကာ ကသာမြို့နယ်သို့ရောက်ရှိနေသည်။ အဆိုပါစစ်ကောင်စီသင်္ဘော ၅ စီးအား တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေပြီး စက်တင်ဘာ ၁ ရက်တွင် စစ်ရေယာဥ် ၂ စီးကို ထိမှန်အောင်တိုက်ခဲ့ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကပြောသည်။
တကောင်းနီကယ်စက်ရုံကို PDFများသိမ်းပိုက်ခဲ့သောသတင်းအပြည့်အစုံကို အောက်ပါလင့်တွင်ဖတ်ရှုနိုင်ပါသည်။
(ထီးချိုင့် မြို့ နှင့် မောင်ကုန်းကျေးရွာအနီးဝန်းကျင်ကို Google Earth တွင်တွေရမှု)