ထိုင်းဖက်က ဓာတ်အားလိုင်းတွေနဲ့ ဆက်သွယ်ရေး လိုင်းတွေကိုသောင်ရင်း မြစ်ကိုဖြစ်ပြီ တရားမဝင် ခိုးချိတ်ပြီး မြန်မာဖက်ကို သွယ်တန်းဖို့ ကြိုးစားခဲ့သူ တစ်ဦးကို ထိုင်းရဲတွေက နယ်စပ်မှာ ဖမ်းဆီးခဲ့ပါတယ်။
ရွိုင်အတ် ဒေသမှာ နေထိုင်တဲ့ အသက် ၃၀ အရွယ် ဂျွန်ရက် လီလာဟာ မဲဆောက်မှာရှိတဲ့ သောင်ရင်း (ထိုင်းအမည် မွိုင်) မြစ်နားမှာ ကြိုးတွေ ခိုးသွယ်ဖို့ ရည်ရွယ်ထားတဲ့ ကိရိယာ တန်ဆာပလာတွေနဲ့အတူ စက်တင်ဘာ ၁ ရက်နေ့ ညနေပိုင်းက အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
သူ့ကို နှစ်နိုင်ငံ နယ်စပ် ပိုင်းခြားထားရာ မြစ်နားက ဘန်မယ်ကစ်မိုင် ကျေးရွာမှာ ထိုင်းစစ်တပ်နဲ့ ရဲတွေ ပူးပေါင်းထားတဲ့ အဖွဲ့က ဖမ်းမိခဲ့တာပါ။
သူနဲ့အတူ သိမ်းဆည်းရမိတဲ့ထဲမှာ ရေရော့ကက် တစ်စင်းပါ ပါဝင်ခဲ့ပြီး အဲဒီ ကိရိယာဟာ မြစ်ကို ကျော်ဖြတ်ပြီး ကေဘယ်လ်ကြိုးတွေ လှမ်းချိတ်ဖို့ ပစ်ခတ်ရာမှာ အသုံးပြုလိမ့်မယ်လို့ ယူဆရကြောင်း ရဲတွေက ဆိုပါတယ်။
ဒါ့အပြင် သံပိုက် ၁၆ ချောင်း၊ ဝိုင်ယာကြိုးတွေနဲ့ ဖိုင်ဘာ ကေဘယ်လ်ကြိုး အခွေလိုက်၊ လေထိုးပိုက်၊ စက်သီး၊ ကြိုးတွေနဲ့ ခွတွေကိုပါ သူ့ဆီမှာ ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။
ဂျွန်ရက်ဟာ ဝိုင်ယာကြိုးတွေနဲ့ ဖိုင်ဘာကေဘယ်လ်တွေကို မြစ်ကမ်းနှစ်ဖက်ကြား ချိတ်ဆက် သွယ်တန်းဖို့အတွက် ရေရော့ကက်တွေကို အသုံးပြုဖို့ ရည်ရွယ်ထားတာ ဖြစ်နိုင်ကြောင်း ရဲတွေက ပြောပါတယ်။
သူ့ကို မဲဆောက် ရဲစခန်းဆီ ခေါ်ဆောင်သွားပြီး နောက်ဆက်တွဲ စုံစမ်း မေးမြန်းမှုတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
ကိုးကား- Bangkok Post