close
Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုရန်​ကြောင့်ထွက်ပြေးတိမ်းရှောင်လာသည့် မြန်မာပြည်သူလူထုအပေါ် စာနာစိတ်ထားကာ ကူညီပေးရန် ထိုင်းနိုင်ငံအား NUCC မေတ္တာရပ်ခံ

ပြည်ပရောက် မြန်မာများအနေဖြင့်လည်း အိမ်ရှင်တိုင်းပြည်မှ ဒေသခံပြည်သူများနှင့် သဟဇာတရှိရှိ ချစ်ကြည်ရင်းနှီးစွာ ယှဉ်တွဲနေထိုင်သွားရန် တောင်းဆို

ဘန်ကောက်မြို့ရှိ စစ်ကောင်စီ၏ မြန်မာသံရုံးရှေ့၌ ထိုင်းအမျိုးသားရေးအဖွဲ့များ ဆန္ဒပြတောင်းဆိုနေစဥ်။ ဓာတ်ပုံ - ပေးပို့

ထားအိ/People’s Spring

အကြမ်းဖက် စစ်အုပ်စုထံမှ ထွက်ပြေးတိမ်းရှောင်လာသည့် မြန်မာပြည်သူလူထုအပေါ် စာနာစိတ်ထားကာ ကူညီကယ်ဆယ်ပေးရန် ထိုင်းနိုင်ငံအား အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က ယနေ့(စက်တင်ဘာ ၂၃ရက်) တောင်းဆိုသည်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူလူထု ရင်ဆိုင်နေရသော ဆိုးရွားခက်ခဲသည့် အခြေအနေအရပ်ရပ်အား သက်ဆိုင်ရာအိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာ အစိုးရများမှ နားလည်သိမြင်ပြီး ထောက်ပံ့ ကူညီ ပေးနေမှုများအပေါ် အလေးအနက် တန်ဖိုးထားအသိအမှတ်ပြုကြောင်း ယနေ့ထုတ်ပြန်ချက်၌​ဖော်ပြသည်။

ပြည်ပ နိုင်ငံများသို့ တိမ်းရှောင်လာရသော မြန်မာပြည်သူများအနေဖြင့် အသက်ရှင် ရပ်တည်နိုင်ရန် စိန်ခေါ်မှုများ၊ တရားဝင်နေထိုင်ခွင့်၊ အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေးစသည့် အခြေခံလိုအပ်ချက် များစွာရှိနေပါသောကြောင့် လူသားချင်းစာနာ ထောက်ထားသောအားဖြင့် ပိုမိုထိရောက် လေးနက်သည့် အကူအညီများ ပေးရန်လည်း မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

စစ်အာဏာသိမ်းမှုနောက်ပိုင်း ၄နှစ်နီးပါးရှိလာချိန်တွင် မြန်မာပြည်သူ သန်းနှင့်ချီကာ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းတိမ်းရှောင်ခိုလှုံနေကြရပြီး အဆိုပါရွှေ့ပြောင်းလာသော မြန်မာများနှင့်ပတ်သက်၍ ထိုင်းအမျိုးသားရေးလှုပ်ရှားသူအချို့က မေးခွန်းထုတ်ဆန့်ကျင်မှုများ ရှိလာခဲ့သည်။ ထိုအခြေအနေတွင် NUCC က သက်ဆိုင်ရာ နိုင်ငံများ၏ အစိုးရများ ပြည်သူများသို့ မေတ္တာရပ်ခံ ပန်ကြားချက်နှင့် ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိနေသော မြန်မာပြည်သူများအား တိုက်တွန်းနှိုးဆော်ချက် ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ပြည်သူလူထုသည် စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ မတရား ဖိနှိပ်မှုများ၊ မတရားစစ်မှုမထမ်းမနေရ ဥပဒေများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာရကြောင်း ဖော်ပြသည်။ စစ်အုပ်စု၏ ဖိနှိပ်မှု အမျိုးမျိုးကြောင့် ထွက်ပြေးလာကြရသော အပြစ်မဲ့အရပ်သား ပြည်သူများသည် အိမ်များ ဆုံးရှုံးခြင်း၊ စာရွက်စာတမ်းများ ပျက်စီးဆုံးရှံးခြင်းများကို ရင်ဆိုင်ကြုံတွေ့နေရသည့်အတွက် ထိုင်းနိုင်ငံအတွင်း ဝင်ရောက် ခိုလှုံရာတွင် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်းလည်း အသိပေးထားသည်။

ယင်းသို့ လူ့အခွင့်အရေးချိုးဖောက်နေသော အကြမ်းဖက် စစ်အုပ်စုထံမှ ထွက်ပြေးတိမ်းရှောင်လာသည့် မြန်မာပြည်သူလူထုအပေါ် စာနာစိတ်ထားကာ ကူညီကယ်ဆယ်ပေးရန်နှင့် အထောက်အထားမဲ့ မြန်မာပြည်သူများအား ထိုင်းနိုင်ငံအတွင်း ယာယီ နေထိုင်ခွင့်ပေးသည့် အစီအစဉ်များကို ရေးဆွဲ အတည်ပြုပေးစေလိုကြောင်း ထိုင်းနိုင်ငံကို တောင်းဆိုထားသည်။

ထို့အပြင် နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများအနေဖြင့် သက်ဆိုင်ရာနိုင်ငံအသီးသီးမှ ချမှတ်ထားသော ဥပဒေများ၊ စည်းမျဥ်းစည်းကမ်းများ၊ ယဥ်ကျေးမှု ဓလေ့ထုံးတမ်း အစဥ်အလာများကို လေးစားလိုက်နာပြီး အိမ်ရှင်တိုင်းပြည်မှ ဒေသခံပြည်သူများနှင့် သဟဇာတရှိရှိ ချစ်ကြည်ရင်းနှီးစွာ ယှဉ်တွဲနေထိုင်သွားရန်လည်း NUCC က တောင်းဆိုထားသည်။

မြန်မာပြည်သူလူထု၏ အန္တိမပန်းတိုင်ဖြစ်သော စစ်မှန်ပြည့်ဝသည့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံအဖြစ်သို့ စုစည်းတည်ဆောက်ပြီးချိန်တွင် ယခုကြုံတွေ့နေရသော အခက်အခဲ အကြပ်အတည်းအတွင်း ကူညီဖေးမမှုပေးခဲ့သော နိုင်ငံတကာ အစိုးရများနှင့် ပြည်သူများအား ကျေးဇူးဥပကာရတင်ရှိပါကြောင်း မှတ်တမ်းတင်သွားမည်ဖြစ်ပြီး လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးနှင့် လူမှုစီးပွားဖွံဖြိုးတိုးတက်ရေး စသည့် ဒေသအတွင်း အကျိုးပြုကိစ္စရပ်များတွင်လည်း ရှေ့

ဆက်၍ အတူတကွ လက်တွဲကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း NUCC က ထုတ်ပြန်သည်။

ထိုင်းနိုင်ငံအတွင်း မြန်မာများ ရွှေ့ပြောင်းအခြေချနေထိုင်လာမှု များပြားနေခြင်းအပေါ် ကန့်ကွက်သည့်အနေဖြင့် ထိုင်းအမျိုးသားရေးလှုပ်ရှားသူအချို့က ယနေ့ (စက်တင်ဘာ ၂၃ရက်​နေ့)တွင်ဘန်ကောက်မြို့ရှိ စစ်ကောင်စီ၏ မြန်မာသံရုံးရှေ့၌ ဆန္ဒပြတောင်းဆိုခဲ့ပြီး နာရီပိုင်းအကြာတွင် အိတ်ဖွင့်ပေးစာပေးပို့ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံအတွင်း မြန်မာများ ရွှေ့ပြောင်းအခြေချနေထိုင်လာမှု များပြားနေသည့်အပေါ် ကန့်ကွက်သည့်အနေဖြင့် ထိုင်းအမျိုးသားရေးလှုပ်ရှားသူအချို့က ယနေ့ ဘန်ကောက်မြို့ရှိ စစ်ကောင်စီ၏ မြန်မာသံရုံးရှေ့၌ ဆန္ဒပြတောင်းဆိုခဲ့ပြီး အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။

ဘာသာပြန်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၁ ရက်မှာ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းလိုက် ပြီးကတည်းက အလုပ်သမားတွေ၊ စစ်ရှောင်တွေ၊ နိုင်ငံရေး ခိုလှုံသူတွေနဲ့ တခြားသော လုံခြုံမှု အားလျော့တဲ့ အစုအဖွဲ့တွေက ထိုင်းနယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်မှုဟာ သိသိသာသာကြီး ထိုးတက်လာခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံရဲ့ ပြည်တွင်း ပဋိပက္ခတွေကြောင့် ပျက်စီးခဲ့တဲ့ အမှတ် ၁ အာရှ လမ်းမကြီးရဲ့ လမ်းပိုင်းနေရာတွေကို မြန်မာဖက်မှာ တိုက်ပွဲဖြစ်နေတဲ့ အစုအဖွဲ့ အသီးသီးနဲ့ ညှိနှိုင်းပြီး ပြုပြင်သွားလိုကြောင်း ထိုင်းအစိုးရက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အမျိုးသမီး တစ်ဦးဟာ စပါးအုံးမြွေ တစ်ကောင်က တိုက်ခိုက်ပြီး ရစ်ပတ်ထားမှုကို နှစ်နာရီ နီးပါးလောက် ကြုံတွေ့ခဲ့ရပြီးတဲ့နောက် အသက်ရှင် လွတ်မြောက်လာခဲ့ပါတယ်။

Facebook