close

စစ်အာဏာသိမ်းကာလ စုံစမ်းမရဘဲ အစအနပျောက်ဆုံးနေသူ ၇၅ ဦးရှိဟု အေအေပီပီ ထုတ်ပြန်

မြန်မာနိုင်ငံမှာ မတရားစစ်အာဏာသိမ်းမှုကာလအတွင်း နွေဦးတော်လှန်ရေးမှာ စုံစမ်း ရှာဖွေမရဘဲ အစအနပျောက်ဆုံးနေသူအရေအတွက်ဟာ ၇၅ ယောက်ထိ ရှိနေတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က သတင်းထုတ်ပြန်ပါတယ်။

သူတို့ထဲက လုံးဝ ပျောက်ဆုံးနေသူ ၁၉ ယောက်ရှိနေပြီး ယင်းမာပင်၊ ကနီမြို့နယ်တွေမှာ အာဏာသိမ်းစစ်အုပ်စုက ရွာထဲကို အကြမ်းဖက် ဝင်ရောက် စီးနင်းပစ်ခတ်တာကြောင့် ထွက်ပြေးရင်း ပျောက်ဆုံးသွားသူ ၁၄ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

မမိုးဆန်းစုကြည် အပါအဝင် ၄ ယောက်ကတော့ သူတို့ တိမ်းရှောင်နေတဲ့ နေအိမ်ကနေ ပျောက်ဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတာ သေချာပြီးနောက် အစအန ပျောက်ဆုံးနေသူ  ၄ ယောက်ရှိနေပြီး အဲဒီထဲက ၃ ယောက်က CDM ထောက်ပံ့မှု၊ ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်မှုတွေနဲ့ ဖမ်းဆီးခံရပြီး မြောင်းမြထောင်ကို ပို့မယ်လို့ သတင်းကြားရပေမယ့် ဒီကနေ့အထိ မိသားစုနဲ့ အဆက်အသွယ် မရဘဲ အစအန ပျောက်ဆုံးနေကာ ၁ ယောက်ကတော့ ယင်းမာပင်မြို့မှာ ဖမ်းဆီးခံရပြီး မိသားစုနဲ့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

၂၄ ယောက်ကတော့ နေအိမ်တွေကနေ အကြောင်းကိစ္စ တခုခုနဲ့ အပြင်ကို ထွက် သွားပြီး ရက်ပေါင်းများစွာအထိ အိမ်ပြန်မရောက်သူတွေဖြစ်ကာ သူတို့ထဲမှာ ဆန္ဒထုတ် ဖော်ရာမှာ ပါဝင်ဖို့ နေအိမ်က ထွက်သွားသူတွေ၊ ဘဏ်တွေမှာ ငွေသွားထုတ်သူတွေ၊ ဈေးဝယ်ထွက်သူတွေ၊ အစားအစာ ထွက်စားသူတွေလည်း ပါဝင်နေတယ်လို့ အေအေပီပီက ဆိုပါတယ်။

နောက်ထပ် ၂၈ ယောက်ကတော့ အဖမ်းရတာ သေချာပေမယ့် ဘယ်နေရာမှာ ချုပ် နှောင်ထားတယ်ဆိုတာ မိသားစုက မသိရှိရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီထဲက ၁ ယောက်ကတော့ စစ်အုပ်စုက ပစ်ခတ်လို့ သေနတ်မှန်ခဲ့ပြီး သူ့ကို ဒရွတ်တိုက် ဆွဲခေါ်ခံခဲ့ ရကာ ဒီကနေ့အထိ မိသားစုနဲ့ အဆက်အသွယ်မရပဲ ပျောက်ဆုံးနေခဲ့သူဖြစ်တယ်လို့ဆိုပါတယ်။

အဆိုပါအရေအတွက်ဟာ အေအေပီပီက အချက်အလက်ကောက်ယူ စုဆောင်းထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ် အစဖျောက်ခံရသူတွေဟာ အခုထက်ပိုများနိုင်ကြောင်းလည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

       ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့၊ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်အာဏာကို သိမ်းယူပြီးချိန်ကစတင်ကာ ပြည်သူလူထုအပေါ် ညှဉ်းပန်းနှိပ်စက်တာတွေ၊ သတ်ပစ်တာ တွေအပါအဝင် ကြီးလေးတဲ့ ရာဇဝတ်မှုတွေကို အစဉ်တစိုက် ကျူးလွန်နေပြီး တရားမဲ့ ဖမ်းဆီးတာ၊ အလောင်းဖျောက်ဖျက်ပစ်တာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်သူ ပြည်သူတွေဟာ နေအိမ်ဆီ ပြန်မရောက်နိုင်ကြသလို စုံစမ်းရှာဖွေမရဘဲ ပျောက်ဆုံးနေတာတွေ ရှိနေပါတယ်။

အစအနပျောက်ဆုံးသူတွေထဲ တချို့က အသက်သေဆုံးသွားခဲ့သူတွေ ရှိနိုင်သလို တချို့ကတော့ အကျဉ်းထောင်တွေ၊ စစ်ကြောရေးစခန်းတွေမှာလည်း ရှိနေနိုင်ပြီး ဒါဟာ အာဏာသိမ်းစစ်အုပ်စုက ပြည်သူတွေကို ဖမ်းဆီးပြီးနောက် ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကို မဖော်ပြတာ၊ ရှေ့နေနဲ့ တွေ့ဆုံခွင့်မပြုတာ၊ သက်ဆိုင်ရာ မိသား စုဆီ အကြောင်းကြားမှု မရှိတာတွေက အဓိကအချက်တွေဖြစ်တယ်လို့ အေအေပီပီက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up