ပဇီကြီးကျေးရွာလေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကောင်စီစစ်တပ်ရဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေကို ကန့်ကွက်ရှုတ်ချတဲ့ ဆန္ဒပြပွဲတခုကို သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ဧပြီ ၁၆ ရက်က ကျင်းပခဲ့ပါတယ် ။
ဆန္ဒပြပွဲကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာ ထွန်းအောင်ရွှေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေအပါအဝင် ဆစ်ဒနီမြို့နေ မြန်မာပြည်ထောင်စုဖွားတိုင်းရင်းသားတွေနဲ့ အားပေးထောက်ခံသူတွေ တက်ရောက်ဆန္ဒပြခဲ့ကြပါတယ်။
ဧပြီ ၁၁ ရက်က မြန်မာအကြမ်းဖက်စစ်တပ်က တိုက်လေယာဥ်တွေနဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၇၀ နီးပါး သေဆုံးခဲ့ရတာဖြစ်ပါတယ်။
မြန်မာအကြမ်းဖက်စစ်တပ်ရဲ့ လူမဆန်စွာတဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကို ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနဲ့ ကမ္ဘ့ာနိုင်ငံတွေက ပြင်းပြင်းထန်ထန် ရှုတ်ချနေသလို အကြမ်းဖက်မှုမှာ တာဝန်ရှိသူတွေကို အပြစ်ပေးအရေးယူမှု ပြုလုပ်နိုင်ဖို့ တောင်းဆိုတိုက်တွန်းနေပါတယ်။
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်ထဲမှာ ဧပြီ ၁၆ ရက် ညနေပိုင်းက PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ပစ်ခတ်မှုဖြစ်ပွါးပြီး ရွာသား ၃၀၀ ကျော်လောက် ထိုင်းနိုင်ငံဘက်ကို စက်လှေတွေနဲ့ ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။
မနေ့ ညနေပိုင်းက PDF တပ်ဖွဲ့ဝင် ၁၀ ဦးလောက်ဟာ ခမောက်ကြီးမြို့နယ် ဆိတ်ဖူးကျေးရွာထဲကို မော်တော်ဆိုင်ကယ် ၅ စီးနဲ့ ဝင်ရောက်လာပြီး ကျေးရွာပြည်သူ့စစ်ခေါင်းဆောင်နဲ့ လက်ထောက်တို့ကို ဝင်ရောက်ပစ်ခတ်ရာမှာ နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုရှိခဲ့တယ်လို့ Siamrath ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
အဆိုပါပစ်ခတ်မှုကြောင့် ပြည်သူ့စစ်ခေါင်းဆောင် ကျော်ဝင်းနဲ့ ဒုခေါင်းဆောင် မြင့်အောင် တို့ သေဆုံးပြီး ရွာသား ၃၀၀ ကျော်ဟာ ကရပူရီမြစ်ကို လှေနဲ့ကူးဖြတ်ကာ ထိုင်းဘက်ခြမ်း ရနောင်းခရိုင်၊ ကရပူရီမြို့နယ်၊ နမ့်ကျစ်အုပ်စု၊ ဘန့်ဟိုထနွန်ရွာဘက်ကို ထွက်ပြေးလာကြတယ်လို့ ဆိုပါတယ်။
ထွက်ပြေးတိမ်းရှောင်လာတဲ့ ရွာသားတွေကို ကရပူရီမြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ညွှန်ကြားချက်အရ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ယာယီတဲထိုးကာ နေရာချထားပေးပြီး ကရပူရီမြို့နေပြည်သူများက အစာရေစာ ချက်ပြုတ်ကျွေးမွေးကြတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။
ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ ညနေ ၄ နာရီမှာ ခမောက်ကြီးမြို့ ဆိတ်ဖူးရွာနေ ပြည်သူ့စစ်ခေါင်းဆောင် ကျော်ဝင်းနဲ့ ဒုခေါင်းဆောင် မြင့်အောင်ကို ကော့သောင်း ပကဖက ရှင်းလင်းခဲ့တယ်လို့ တနင်္သာရီ ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဆိုပါပြည်သူ့စစ်အဖွဲ့ကနေ အေကေ ၄၇ အမျိုးအစား သေနတ် ၂ လက်၊ ကျည် ၁၁၉ တောင့်၊ ၉မမ ပစ္စတို ၁ လက်၊ ကျည်ကာ ၄ ထည်၊ ဆုံလည် ဂက်စ်သေနတ် ၁ လက် ၊ ကျည်ဘောက် ၅ ခုနဲ့ ဓားတွေ သိမ်းဆည်းရရှိခဲ့ပါတယ်။
ကော့သောင်းမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ပျူစောထီးတွေအနေနဲ့ လူထုနဲ့အတူ အမြန်ဆုံးပူးပေါင်းဖို့နဲ့ မပေါင်းရင် ဆက်လက်ချေမှုန်းသွားမယ်လို့ တနင်္သာရီ PDF က သတိပေးထုတ်ပြန်ထားပါတယ်။
PHOTO -Siamrath/kHAODOD
မြန်မာနှစ်ဆန်း ၁ ရက် ဒီကနေ့မနက် ရွှေတိဂုံဘုရားကို ရဟန်းရှင်လူပြည်သူတွေ အများအပြား ဘုရားဖူးလာရောက်ခဲ့ကြပြီး အာဏာသိမ်းစစ်တပ်နဲ့ ရဲတွေရဲ့ လုံခြုံရေးချထားတာမရှိဘဲ ဘုရားလုံခြုံရေးတွေသာ မြင်တွေ့ခဲ့ရတယ်လို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။
သင်္ကြန်တွင်းကာလမှာ ရန်ကုန်မြို့ရဲ့ လမ်းမတွေဟာ တိတ်ဆိတ်ခြောက်ကပ်ခဲ့ပေမဲ့ နှစ်ဆန်းတရက်နေ့မှာတော့ ရန်ကုန်မြို့ရဲ့လမ်းတွေဟာ သွားလာသူတွေနဲ့ ပြန်လည်စည်ကားလာခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ စစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန်ရင်း ကျဆုံးခဲ့တဲ့ အာဇာနည် ရဲဘော် ၁၀ ဦး ၂ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ကနီမြို့နယ် နွေဦးတော်လှန်ရေး သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေက မုံရွာ- ယာကြီး - ကလေးဝ ကားလမ်း တနေရာမှာ ဧပြီ ၁၄ ရက် မနက်က ပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် သင်္ကြန်အကြတ်နေ့က ကနီနယ် လှည်းဘီးတိုက်ပွဲမှာ ရဲဘော် ၇ ဦးနဲ့ နှစ်ဆန်း ၁ ရက်နေ့ ဆယ်ရွာချောင်တိုက်ပွဲမှာ ရဲဘောက် ၃ ဦး စုစုပေါင်း ၁၀ ဦးဟာ စစ်အာဏာရှင်ရဲ့ အကြမ်းဖက်တပ်တွေကို တူမီးလက်နက်ကိုင် ဆွဲတိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တာဖြစ်ပါတယ်။
အောက်မေ့ဖွယ်အခမ်းအနားမှာ သွေးသစ္စာသီချင်းသံပြိုင်သီဆိုတာ၊ စစ်အာဏာရှင် ဆန့်ကျင် ကြွေးကြော်သံတွေ ကြွေးကြော် ဆန္ဒပြခြင်း ၊ သပိတ်ဦးဆောင်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးတရားတွေဟောပြောတာနဲ့ လွမ်းသူ့ပန်းခွေချတာတွေ ပြုလုပ်ခဲ့ကြကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုက ထုတ်ပြန်ထားပါတယ်။