close

အားကစား

close

May 13, 2023

မြန်မာ Mobile Legends အသင်း ဆီးမီးဖိုင်နယ်တက်ရောက်

၂၀၂၃ ခုနှစ် ကမ္ဘောဒီးယားဆီးဂိမ်း Mobile Legends Esport အားကစားပြိုင်ပွဲမှာ မြန်မာအသင်းဟာ မေ ၁၂ ရက်က စင်ကာပူနဲ့ အင်ဒိုနီးရှားအသင်းတို့ကို ၂ ပွဲဆက် အနိုင် ရရှိခဲ့တဲ့အတွက် ဆီးမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

မြန်မာအသင်းဟာ Group B မှာ အိမ်ရှင် ကမ္ဘောဒီးယား၊ စင်ကာပူ၊ အင်ဒိုနီးရှားတို့နဲ့ ကျရောက်နေပြီး နှစ်ပွဲကစားရမှတ် ၂ မှတ်နဲ့ အုပ်စုပထမနေရာကို ဦးဆောင်ကာ ကမ္ဘောဒီးယားက ရမှတ် ၂ မှတ်နဲ့ ဒုတိယ၊ စင်ကာပူနဲ့ အင်ဒိုနီးရှားက ရမှတ် မရရှိဘဲ တတိယနဲ့ စတုတ္ထ နေရာမှာ ရောက်ရှိနေပါတယ်။ 

စင်ကာပူနဲ့ပွဲစဉ်မှာ Rubby DDက MVP ရရှိခဲ့ပြီး အင်ဒိုနဲ့ပွဲစဉ်တွင် Justin က MVP ရရှိခဲ့ပါတယ်။

မြန်မာအသင်းမှာ Justin,Naomi,Rubby DD,Kenn,Zippy တို့ ပါဝင်ကစားပြီး နည်းပြအဖြစ် Sayar Gyi က ကိုင်တွယ်ခဲ့ပါတယ်။

မြန်မာအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မေ ၁၃ ရက်မှာ အိမ်ရှင် ကမ္ဘောဒီးယားအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

23 mins Ago

ရွှေတံဆိပ် ၁၅ ခုရထားသည့် မြန်မာအားကစားအဖွဲ့ နိုင်ငံအလိုက်အဆင့် ၈ တွင် ရပ်တည်

၃၂ ကြိမ်မြောက် ကမ္ဘောဒီးယားဆီးဂိမ်းမှာ မြန်မာအားကစားအဖွဲ့ဟာ မေ ၁၂ ရက်အပြီး ရွှေတံဆိပ် ၁၅ ခုနဲ့ နိုင်ငံအလိုက်အဆင့် ၈ မှာရပ်တည်နေပါတယ်။

မေ ၁၂ ရက် ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ဝူရှူးပြိုင်ပွဲကနေ ရွှေတံဆိပ်တခု ထပ်မံရရှိခဲ့ပြီး စုစုပေါင်းရွှေတံဆိပ် ၁၅ ခု၊ ငွေတံဆိပ် ၁၄ ခု၊ ကြေးတံဆိပ် ၄၃ ခုနဲ့ နိုင်ငံအလိုက် ရပ်တည်မှုမှာ အဆင့် ၈ နေရာမှာ ရပ်တည်နေတာပါ။ 

မြန်မာအားကစားအဖွဲ့အတွက် ရွှေတံဆိပ်ဆုတွေကို ဗိုဗီနမ်ကနေ ၄ ခု၊ ဗိုဗီနမ်ခွန်ဘိုကာတာ ကနေ ၁ ခု၊ ပိုကျော်ခြင်းကနေ ၂ ခု၊ ခြင်းလုံးကနေ ၄ ခု၊ ဝူရှူးကနေ ၁ ခု၊ ဘိလိယက်နဲ့စနူကာ ကနေ ၂ ခု၊ ပီတန်းကနေ ၁ ခုရရှိခဲ့တာပါ။ 

မေ ၁၂ ရက်အထိ ဗီယက်နမ်နိုင်ငံက ရွှေတံဆိပ် ၇၁ ခုနဲ့ နိုင်ငံအလိုက် အဆင့် ၁ မှာရပ်တည်နေပြီး ထိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင် နဲ့ မလေးရှားအသင်းတွေက အစဉ်လိုက် ရပ်တည်ပါတယ်။ 

အဆင့် ၈  မြန်မာအသင်းရဲ့အောက်မှာတော့ လာအို၊ ဘရူနိုင်းနဲ့ အရှေ့တီမောတို့ ရပ်တည်နေပါတယ်။ 

26 mins Ago

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လီဗာပူးကို ထည့်တွက်စရာမလိုဟု မန်ယူနည်းပြ ပြော

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လီဗာပူးအသင်းကို ထည့်တွက်စရာမလိုကြောင်း မန်ယူနည်းပြ တန်ဟတ်ဂ်က ပြောပါတယ်။ 

မန်ယူအသင်းဟာ လီဗာပူးထက် တပွဲလျော့အခြေအနေမှာ တမှတ်ပဲအသာရထားတာပါ။

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လီဗာပူးအသင်းရဲ့ ဖိအားပေးမှုအပေါ် မီဒီယာတွေက မေးမြန်းရာမှာတော့ ကိုယ်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးခွင့်ရှိနေတာဖြစ်လို့ လီဗာပူးအသင်းကို ထည့်တွက်စရာမလိုအပ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောခဲ့တာပါ။ 

“လီဗာပူးအကြောင်းကို မေ့ထားရမှာအမှန်ပါပဲ။ ဒါက အရေးလည်းမကြီးပါဘူး။ အရာအားလုံးက ကျနော်တို့ လက်ထဲမှာရှိပြီး လီဗာပူးအသင်းအပေါ် မူတည်နေတာမဟုတ်ပါဘူး။ အရေးကြီးဆုံး အရာက မနက်ဖြန်မှာ ရင်ဆိုင်ရမဲ့ ပြိုင်ဘက် ဝုဗ်အသင်းပဲဖြစ်တယ်။ သူတို့က ခြေစွမ်း ကောင်းမွန်နေပြီး အဲဒီ အပေါ်မှာပဲ အာရုံစိုက်ထားရမှာပါ။”

မန်ယူအသင်းအနေနဲ့ ဝုဗ်အသင်းကို အနိုင်ရရှိမယ်ဆိုရင် လီဗာပူးကို ၄ မှတ်ဖြတ်နိုင်မှာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေကောင်းသွားမှာဖြစ်ပါတယ်။ 

30 mins Ago

အဂျက်စီယိုနှင့်ပွဲတွင် အရေးယူခံထားရသည့် မက်ဆီ ကစားမည်

ဒီကနေ့ညကစားမဲ့ အဂျက်စီယိုနဲ့ ပြင်သစ်လိဂ်ပွဲစဉ်မှာ မက်ဆီကို ပွဲထွက်ကစားခွင့်ပေးမယ်လို့ ပီအက်စ်ဂျီနည်းပြ ဂယ်တီယာက အတည်ပြုသွားပါတယ်။ 

မက်ဆီဟာ ဧပြီ ၃၀ ရက်က ကစားခဲ့တဲ့ လော်ရီးယန့်နဲ့ပွဲစဉ်မှာပါဝင်ကစားခဲ့ပြီးနောက် ဆော်ဒီနိုင်ငံ ကို အလည်အပတ် ခရီးထွက်ခဲ့တာပါ။ 

အဲဒီခရီးစဉ်ကို ပီအက်စ်ဂျီအသင်းက ခွင့်ပြုထားတာမဟုတ်လို့ မက်ဆီကို အရေးယူခဲ့ပြီး မေ ၈ ရက်က ထရိုင်းရက်စ်ကို ၃ ဂိုး ၁ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ လူစာရင်းကနေ ချန်လှပ်ခဲ့ပါတယ်။

အစောပိုင်းက မက်ဆီကိုနှစ်ပတ်ပွဲပယ်မယ်လို့ သတင်းထွက်ခဲ့ပေမဲ့ မက်ဆီ ဘက်က တောင်းပန်စာ ထုတ်ပြန်ခဲ့ပြီးနောက်မှာ တပတ်ပဲ ပွဲပယ်ချမှတ်ခဲ့တာပါ။ 

ပီအက်စ်ဂျီအသင်းဟာ လက်ကျန် ၄ ပွဲ အလိုမှာ ဒုတိယနေရာက လန်းစ်အသင်းကို ၆ မှတ် ဖြတ် ထားပါတယ်။ မက်ဆီဟာ ရာသီကုန်ဆုံးချိန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ပီအက်စ်ဂျီက နေ ထွက်ခွာဖို့ ရှိပါတယ်။ 

33 mins Ago
Up