close

နိုင်ငံတကာ

close

May 13, 2023

ဂါဇာဒေသကို အစ္စရေးလေကြောင်းတိုက်ခိုက်၊ ၂၉ ဦး သေဆုံးပြီး ၉၀ ကျော်ဒဏ်ရာရ

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၉ ဦးထက်မနည်း သေဆုံးပြီး ၉၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

မေ ၁၁ ရက်က ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁ ဦး သေဆုံးခဲ့ပါတယ်။ 

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းအစ္စလာမ္မစ်ဂျီဟတ် (PIJ) ရဲ့ အကြီးတန်းတပ်မှူး ၁ ဦးနဲ့ လက်နက်ကိုင် တပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းဘက်က မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။ 

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သားတွေလည်း သေဆုံးတာ၊ ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။ 

မေ ၁၁ ရက် ည ၈ နာရီအထိ ပါလက်စတိုင်း လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အစ္စရေးဘက်ကို ဒုံးကျည်နဲ့ မော်တာကျည် ၈၀၀ ကျော် ပစ်ခတ်ခဲ့ပြီး အဲဒီထဲက ကျည်ပေါင်း ၆၂၀ ထက်မနည်း နယ်စပ်ကို ကျရောက်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။

နိုင်ငံအလယ်ပိုင်းခရိုင် ရီဟို့တ်မြို့ရှိ အဆောက်အအုံတခုကို ဒုံးကျည်ထိမှန်တာကြောင့် လူ ၁ ဦး သေဆုံးပြီး ၈ ဦးထက် မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။ 

မေ ၁၁ ရက်ကလည်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုဟာ လေကြောင်း တိုက်ခိုက်မှုတွေကို ကြားဖြတ်ဟန့်တားပြီး လက်တုံ့ပြန်မယ်လို့ ပြောပါတယ်။ 

အဲဒီနေ့မှာပဲ ပါလက်စတိုင်း အစ္စလာမ္မစ်ဂျီဟတ်၊ ဟားမတ်စ်နဲ့ တခြားပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့တွေက အစ္စရေးဟာ အကြီးတန်းတပ်မှူးတွေကို သတ်ဖြတ်ခြင်းအားဖြင့် သူတို့ရဲ့ ခြိမ်းခြောက်မှုကို တွက်ကိန်းမှားယွင်းနေကြောင်းနဲ့ သူတို့မှာ အစ္စရေးရဲ့ စစ်ဆင်ရေးတွေကို တုံ့ပြန်နိုင်တဲ့ စွမ်းရည်လည်း ရှိကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ 

1 hour Ago

ပစိဖိတ်သမုဒ္ဒရာအတွင်း ရေငုပ်သင်္ဘောပေါ်မှ ကိုကင်း ၃ တန် ကိုလံဘီယာအာဏာပိုင်များ သိမ်းဆည်းရမိ

ကိုလံဘီယာ အာဏာပိုင်တွေဟာ  မေ ၁၀ ရက်က  ရေငုပ်သင်္ဘောအတွင်း ကိုကင်း ၃ တန်ကို သိမ်းဆည်း ရမိခဲ့ကြောင်း တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

ရေတပ်ရဲ့ အဆိုအရ ပစိဖိတ်သမုဒ္ဒရာအတွင်း ကြားဖြတ်ဟန့်တားခဲ့တဲ့ ရေငုပ်သင်္ဘောပေါ်ဟာ ဗဟိုအမေရိကကို ဦးတည်သွားနေကြောင်း၊ ရေငုပ်သင်္ဘောပေါ်မှာ ကိုလံဘီယာနိုင်ငံသား ၃ ဦးလိုက်ပါလာခဲ့ပြီး သင်္ဘောအတွင်းထဲမှာ ကိုကင်း ဟိုက်ဒရိုကလိုရိုက် ၃ တန် ပါရှိကြောင်း ကိုလံဘီယာ ရေတပ်ခေါင်းဆောင် ကပ္ပတိန် ဟွမ်န် ပီနေးလာ က ပြောပါတယ်။ 

ရေငုပ်သင်္ဘောမှာ ရေယိုစိမ့်မှုရှိတယ်လို့ သုံးသပ်ရတာကြောင့် ရေတပ်အရာရှိတွေဟာ သင်္ဘောသားတွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်စောင့်ရှောက်ဖို့ အာရုံစိုက်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။ 

အခုဖမ်းဆီးရမိမှုဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့ အဖွဲ့အစည်းတွေအတွက် ဒေါ်လာ ၁၀၃ သန်းလောက် ဆုံးရှုံးခဲ့ကြောင်း ကိုလံဘီယာ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို ဆယ်စုနှစ်ချီ တွန်းလှန်ခဲ့ပေမယ့်လည်း ကိုလံဘီယာဟာ ကမ္ဘာ့ထိပ်တန်း ကိုကင်းထုတ်လုပ်တဲ့ နိုင်ငံတခုအဖြစ် ရှိနေသေးတာ ဖြစ်ပါတယ်။ 

2 hours Ago

ထိုင်ဝမ်လေပိုင်နက်သို့ တရုတ်လေယာဥ်နှင့်ဒရုန်းများ ကျူးကျော် ပျံသန်း

ထိုင်ဝမ်ကျွန်း လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန် air defense identification zone (ADIZ) ထဲကို တရုတ်နိုင်ငံရဲ့လေယာဉ်နဲ့ဒရုန်း ၁၃ စင်းက  မေ ၁၁ နဲ့ ၁၂ ရက်တွေက ကျူးကျာ်ကာ ဝိုင်းပတ်ပျံသန်းခဲ့တယ်လို့ Focus Taiwai သတင်းမှာာ ဖော်ပြပါတယ်။ 

အဆိုပါဒရုန်းတွေက ၁၈ မီတာ လုံးပတ်နဲ့ ၈ ဒသမ ၅ မီတာ ရှည်တဲ့ ထောက်လှမ်းရေး နဲ့ တိုက်ခိုက်ရေးဒရုန်းတွေဖြစ်ပြီး အဲဒီဒရုန်းတွေထဲမှာ လေကြောင်းကနေ မြေပြင်ကို ပစ်ခတ်နိုင်တဲ့ ဒုံးစနစ်ပါဝင်တဲ့  CH-4အမျိုးစား ဒရုန်းတွေပါဝင်ခဲ့ပြီး အဲဒီဒရုန်းတွေက မီတာ ၅ဝဝဝ အထက်ကို ပျံသန်းနိုင်တာပါ။

ထိုင်ဝမ်စစ်ရေးထိန်းချုပ်နယ်မြေ ထိုင်ဝမ်ကျွန်းအရှေ့ဘက်ခြမ်းကို အဆိုပါဒရုန်းတွေက နာရီ  လက်တံပုံစံ လက်ယာရစ်ပျံသန်းခဲ့တာဖြစ်ပြီး ဧပြီ ၂၈ နဲ့ မေ ၃ ရက်တွေက ပျံသန်းခဲ့တာနဲ့ လမ်းကြောင်းမတူညီဘဲ လေကြောင်းရန် ကာကွယ်ရေးသတ်မှတ်ဇုန်ထဲကို ဝင်ရောက် ပျံသန်းခဲ့တာလို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံရဲ့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် People's Liberation Army (PLA) ရဲ့ တခြားလေယာဥ်တွေဖြစ်တဲ့ TB-001 ၁ စင်း၊ BZK-005 ၁ စင်း၊ Sukhoi SU-30 ဖိုက်တာဂျက်လေယာဉ် ၂ စင်း၊ J-10 ၆ စင်း၊ J-16 ဖိုက်တာ ၁ စင်းနဲ့ Y8 အီလက်ထရောနစ် လေယာဉ် ၁ စင်း တို့ဟာ  မေ ၁၁ ရက်မနက် ၆ နာရီကနေ မေ ၁၂ ရက် မနက် ၆ နာရီကြားထဲမှာ ထိုဝမ်ကျွန်းလေကြောင်းနယ်နိမိတ်ထဲကို ကျူးကျော်ခဲ့သေးတယ်လို့ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာတော့ ထိုင်ဝမ်ကျွန်းနား လေကြောင်းရန် ကာကွယ်ရေး သတ်မှတ်ဇုန်အတွင်းထဲကို ဝင်ရောက်တာမျိုးမရှိပေမဲ့ တရုတ်လေယာဉ် ၁၉ စင်းနဲ့ စစ်သင်္ဘော ၄ စင်းလည်း လာရောက်ခဲ့သေးတယ်လို့ သိရပါတယ်။

Source - FocusTaiwan

ဓာတ်ပုံ-NHK

3 hours Ago

Happy Water ကို မသုံးစွဲရန် ထိုင်းဆေးပညာဌာန သတိပေး

ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာတဲ့ နိုင်ငံခြားသားခရီးသွားတွေအနေနဲ့ တရားမဝင် မူးယစ်ဆေးဝါး တွေနဲ့ ပေါင်းစပ်ထုတ်လုပ်လာတဲ့ Happy Water ကို မသုံးစွဲကြဖို့ ထိုင်းဆေးပညာဌာနက သတိပေး ထုတ်ပြန်လိုက်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် The Thaiger သတင်းမှာ ဖော်ပြထားပါတယ်။ 

Happy Water ကော့တေးဟာ  Ketamine၊ Ecstasy၊ Methamphetamine၊ Diazepam၊ Caffeine၊ Taramadolနဲ့ တခြားဆက်စပ်မူးယစ်ဆေးဝါးတွေနဲ့ အားလုံးကို ပေါင်းစပ် ဖျော်ထားတာဖြစ်ပြီး ဘေးထွက်ဆိုးကျိုးအနေနဲ့ အန္တရာယ်အရမ်းကြီးမားကြောင်း ထိုင်းနိုင်ငံဆေးပညာဌာန ဒုတိယညွှန်ကြားရေးမှုချုပ် ဒေါက်တာမာ့နက်ဖိုသဖုန်က သတိပေးတားမြစ်လိုက်တာပါ။

စိတ်ကိုပြောင်းလဲစေတဲ့ မူးယစ်ဆေးဝါးနဲ့ပေါင်းစပ်ဖျော်စပ်ထားတဲ့ Happy Water က စိတ်လှုံ့ဆော်မှု၊ အမြင်မှားစေမှု၊ စိတ်ငြိမ်မှု၊ စိတ်ကျမှု စတာတွေအားလုံးကို ဖြစ်စေနိုင်ပြီး မူးယစ်ဆေးဝါးများစွာကို အရက်နဲ့ပေါင်းစပ်ပြီး တပြိုင်တည်းသုံးစွဲထားတာကြောင့် ကိုယ်တွင်းကလီစာတွေနဲ့ ခန္ဓာကိုယ်ကို ဆိုးရွားစွာထိခိုက်စေပြီး အခန့်မသင့်ရင် အသက်ပါသွား နိုင်တယ်လို့ ဒေါက်တာမာ့နက်ဖိုသဖုန်က ဆိုထားပါတယ်။

အခုလို ထုတ်ပြန်ရတာဟာလည်း လူ့အခွင့်ရေးကို ပိတ်ပင်တာ မဟုတ်ဘဲ မူးယစ်ဆေးဝါး တရားမဝင်မှောင်ခိုရောင်းချသူတွေက  Happy Water ကို ကလပ်တွေ၊ ဖျော်ဖြေရေးဇုန် နေရာ တွေမှာ ရောင်းချဘာတာ အရမ်းထင်ပေါ်လာတဲ့အတွက် ထုတ်ပြန်ရတာလို့ ဖော်ပြထားပြီး ဒီထုတ်ပြန်ချက်မှာ နိုင်ငံသားတွေအနေနဲ့ သက်ရောက်မှု ရှိ၊ မရှိကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်ထဲမှာ ဧပြီ ၁၂ ရက်ကလည်း မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့ မှောင်ခိုလက်နက်ကိုင်အဖွဲ့တွေနဲ့ ထိုင်းနယ်ခြားစောင့်တို့ တိုက်ပွဲအသေးစားတခုဖြစ်ပွားခဲ့ပြီး လက်နက်ကိုင်အလောင်း ၃ လောင်း၊ စိတ်ကြွဆေးဝါး တစ်သိန်းခြောက်သောင်းပြား၊ ဘိန်းဖြူကီလို ၂၀ နဲ့ လက်နက်တွေဖမ်းဆီးရမိခဲ့ပါတယ်။ 

ထိုင်းနိုင်ငံရဲ့နယ်စပ်တွေမှာ လက်ရှိ အိုက်စ်၊ happy water စတဲ့ မူးယစ်ဆေးဝါးတွေ ဝင်ရောက်မှုများပြားလာတဲ့အတွက် ထိုင်းနယ်ခြားစောင့်တပ်တွေနဲ့ မူးယစ်နှိမ်နင်းရေးတပ်ဖွဲ့တွေ ဖမ်းဆီးနိုင်ဖို့ အထူးကြပ်မတ်ထားတယ်လို့ ထိုင်းမူးယစ်နှိမ်နင်းရေး ဗျူရိုရဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ပြောကြားခဲ့ပါတယ်။

Source - The Thaiger

3 hours Ago

အဆိုတော် ဂျင်မီအယ်လန် လိင်ပိုင်းဆိုင်ရာစော်ကားမှုဖြင့် တရားစွဲခံရ

ဂရမ်မီ ဆန်ခါတင်စာရင်းဝင် နိုင်ငံကျော် ပလတ်တီနမ်ကြယ်ပွင့် အဆိုတော် ဂျင်မီအယ်လန်ဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ တရားစွဲခံရပြီးနောက် သူရဲ့အေဂျင်စီ UTA နဲ့ မန်နေဂျာတို့က သူနဲ့လက်တွဲဆောင်ရွက်နေတဲ့ကိစ္စတွေကို ဆိုင်းငံ့ လိုက်ပါတယ်။

အယ်လန်ကို  မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ နှောင့်ယှက်မှုတို့နဲ့ သူ့ရဲ့ စီမံခန့်ခွဲမှု ကုမ္ပဏီ ဟောင်းက မန်နေဂျာတဦးက တိုင်ကြားထားတာဖြစ်ပြီး လိင်ဆက်ဆံမှုမှာ ရိုင်းစိုင်းတဲ့ လိင်ဆက်ဆံမှုနဲ့ ကြိုးကိုင်ခြယ်လှယ်တာကို ခံခဲ့ရတယ်လို့လည်း စွပ်စွဲထားပါတယ်။

တရားစွဲဆိုမှုမှာ အယ်လန်ဟာ ၁ နှစ်ခွဲကျော်ကြာအောင် လိင်ပိုင်းဆိုင်ရာ ကြိုးကိုင်ခြယ်လှယ်မှုတွေ ရှိခဲ့ပြီး အလုပ်ကိစ္စအတွင်းမှာလည်း အယ်လန်ဟာ သူ့ကို မကြာခဏလိင်ပိုင်းဆိုင်ရာစော်ကားခဲ့ ကြောင်း စွပ်စွဲခဲ့ပါတယ်။

ဓာတ်ပုံရိုက်ကူးမှု၊ အစမ်းလေ့ကျင့်မှုနဲ့ ဖျော်ဖြေပွဲ လူမြင်ကွင်းတွေမှာလည်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခဲ့တယ်လို့ သူကပြောပါတယ်။

အယ်လန်ဟာ ထိုအမျိုးသမီးနဲ့ လိင်ဆက်ဆံခံကြောင်း ဝန်ခံခဲ့ပေမဲ့ သဘောတူညီမှုရရှိခဲ့တယ်လို့ အခိုင်အမာဆိုခဲ့ပြီး ကြေညာချက်တခုမှာ အဆိုပါစွပ်စွဲချက်တွေဟာ အလွန်စိတ် အနှောင့်အယှက် ဖြစ်စေပြီး နာကျင်စေတယ်လို့ ဆိုပါတယ်။

အယ်လန်ဟာ တရားစွဲဆိုခံပြီးနာရီပိုင်းအတွင်း BBR တေးဂီတအုပ်စုကနေ ဆိုင်းငံ့ခြင်း ခံခဲ့ရပြီး သူရဲ့သီချင်းသစ်နဲ့ ပရိုမိုးရှင်းအပါအဝင် အဆိုတော်နဲ့ စီးပွားရေးဆိုင်ရာလုပ်ငန်းအားလုံးကို ရပ်ဆိုင်းထားပါတယ်။

UTA ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “မကြာသေးခင်က စွပ်စွဲချက်တွေကြောင့် ဂျင်မီအယ်လန်ကို ကျနော်တို့ အေဂျင်စီရဲ့ကိုယ်စားပြုကနေ ဆိုင်းငံ့လိုက်ပါတယ်” လို့  ပြောပါတယ်။

အယ်လန်ဟာ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက ကယ်လီဖိုးနီးယားအခြေစိုက် စီမံခန့်ခွဲမှု ကုမ္ပဏီ The Familie နဲ့ လက်တွဲလုပ်ဆောင်ခဲ့ပြီး ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက "မေလ ၁၁ ရက်က စွဲချက်တင်ခံရတဲ့စွပ်စွဲချက်တွေကြောင့် The Familie ဟာ ဂျင်မီအယ်လန်နဲ့ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းအားလုံးကို ချက်ချင်းရပ်ဆိုင်းဖို့ဆုံးဖြတ်ခဲ့တယ်" လို့ ပြောပါတယ်။

Source - Variety

3 hours Ago

အီတလီတွင် အောက်ဆီဂျင်အိုးသယ်ကား ပေါက်ကွဲသဖြင့် ၁ ဦး ဒဏ်ရာရ

အီတလီနိုင်ငံ၊ မီလန်မြိုရဲ့လမ်းတလမ်းမှာ အောက်ဆီဂျင်ဓာတ်ငွေ့ ဆလင်ဒါအိုးတွေကို သယ်ဆောင်လာတဲ့ ဗင်ကားတစီးဟာ မေ ၁၁ ရက်မှာ ပေါက်ကွဲခဲ့ရာမှာ လူ ၁ ဦး ဒဏ်ရာရခဲ့ပြီး အနီးနားရှိ ကားတွေ ဆိုင်ကယ်တွေ မီးလောင်ကျွမ်းသွားခဲ့တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောကြားပါတယ်။

မြို့တော်ဝန် ဂူဆက်ပယ်ဆာလာက ဒီဖြစ်ရပ်မှ ဘယ်သူမှ သေဆုံးခြင်းမရှိကြောင်း အတည်ပြုခဲ့ပါတယ်။ 

ဗန်ကားမောင်းသူဟာ သူ့ရဲ့အင်ဂျင်မှာ မီးစလောင်ကျွမ်းခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ကို ပြောကြားခဲ့တယ်လို့ ဆာလာက ပြောပါတယ်။

“သူက သူ သယ်လာတဲ့ အောက်ဆီဂျင်ဆလင်ဒါတွေကို အမြန်ဆွဲယူလိုက်ပြီး အပျက်အစီးတွေ နည်းအောင်လုပ်ဖို့ ကြိုးစားပေမယ့် ပေါက်ကွဲမှု ဖြစ်သွားတယ်” လို့ မြို့တော်ဝန်က ပြောပါတယ်။

ယာဉ်မောင်းမှာ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ပြီး မီးသတ်သမားတွေဟာ မီးခိုးတွေကို မြန်မြန်ဆန်ဆန် ငြှိမ်းလိုက်နိုင်ခဲ့ပါတယ်။ 

အနီးနားရှိ အဆောက်အအုံတစ်ခုကိုလည်း မီးကူးစက်ခဲ့ပြီး ဘေးလွတ်ရာကို ပြောင်းရွှေ့ သွားခဲ့ကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။ ဒေသခံကျောင်း တကျောင်းကိုလည်း ဘေးလွတ်ရာပြောင်းရွှေ့ခဲ့ပါတယ်။ 

5 hours Ago

ကိပ်တောင်း၌ ရုရှားကုန်တင်သင်္ဘော ဆိုက်ကပ်မှုအပေါ် အမေရိကန် စိုးရိမ်

တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့တော်က ရေတပ်ဆိပ်ကမ်းမှာ ပြီးခဲ့တဲ့နှစ်က ဒဏ်ခတ်ပိတ်ဆို့ထားတဲ့  ရုရှားကုန်တင်သင်္ဘော Lady R ကို ဆိုက်ကပ်ခဲ့တာနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေရှိခဲ့ကြောင်းနဲ့ ဒီကိစ္စဟာ တောင်အာဖရိကအရာရှိ အများအပြားနဲ့ တိုက်ရိုက်သက်ဆိုင်မှုတွေရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက မေ ၁၁ ရက်မှာ ပြောပါတယ်။

ရုရှားသင်္ဘောဟာ ဒီဇင်ဘာလတုန်းက လက်နက်တွေနဲ့ခဲယမ်းမီးကျောက်တွေကို တောင်အာဖရိက မှ တင်ဆောင်ခဲ့တယ်လို့ ဝါရှင်တန်က ယုံကြည်ကြောင်း တောင်အာဖရိက နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရူဘင်ဘရီဂတ်တီက ပြည်တွင်းသတင်းထောက်တွေကို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

ဒီသတင်း အမှန်ဖြစ်တယ်ဆိုရင် ယူကရိန်းပဋိပက္ခမှာ ပရီတိုးရီးယားရဲ့ ကြားနေရေးကို ချိုးဖောက်တာ ဖြစ်နိုင်ကြောင်း ရိုက်တာသတင်းမှာ ရေးပါတယ်။ 

ပါလီမန်မှာ သမ္မတစီရေးလ်ရာမာဖိုဆာဟာ အဲဒီအဆိုကို အတည်လည်းမပြု၊ ငြင်းဆိုခြင်းလည်း မရှိပေမဲ့ အစီရင်ခံစာကိုတော့ အစိုးရက စစ်ဆေးနေကြောင်း အောက်လွှတ်တော်က အာမခံခဲ့ပါတယ်။ 

အငြိမ်းစား တရားသူကြီးတယောက် ဦးဆောင်တဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး တရပ်ကို အစိုးရက စတင်လုပ်ဆောင်နေတယ်လို့ သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

5 hours Ago

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းကို အာမခံဖြင့် ပြန်လွှတ်

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းကို အစ္စလာမာဘတ်တရားရုံးချုပ်က  ၂ ပတ်အာမခံနဲ့  ပြန်လွှတ်ပေးလိုက်ပါတယ်။

မစ္စတာခန်းဟာ မြေယာလိမ်လည်မှု၊ အကျင့်ပျက်ခြစားမှုစွပ်စွဲချက်တွေနဲ့ မေလ ၉ ရက်က ဖမ်းဆီးခံခဲ့ရပြီးတဲ့နောက် ပါကစ္စတန်နိုင်ငံတဝန်း အစိုးရဆန့်ကျင် ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ကာ အကြမ်းဖက်မှုတွေကြောင့် လူ  ၁၀ ဦးသေဆုံးပြီး ဒါဇင်နဲ့ချီဒဏ်ရာရခဲ့ ကြပါတယ်။

မစ္စတာခန်းဟာ သူ့ကိုယ်ပိုင်လုံခြုံရေးနဲ့ ရဲတပ်ဖွဲ့ဧည့်ခန်းမဆောင်မှာ တစ်ညအိပ်ခဲ့ရပေမဲ့ တရားရုံးက နောက်ပိုင်းမှာ ဥပဒေမဲ့ဖမ်းဆီးခံရတာဆိုပြီး လုပ်ငန်းစဉ်ကို နောက်ဆုတ်ဖို့အမိန့်ချခဲ့ ပါတယ်။

သူရဲ့ဖမ်းဆီးမှုကို ဆက်လက်လုပ်ဆောင်ဖို့ ကနဦးဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားဖို့ အစ္စလာမာဘတ်  အထက်လွှတ်တော်က အောက်လွှတ်တော်ကိုတောင်းဆိုခဲ့ပါတယ်။

မစ္စတာခန်းက "သူတို့က ကျနော့်ကို ဖမ်းဖို့ ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက်မရှိဘူး။ ကျနော်ပြန်ပေးဆွဲခံရတာ။‌ တောတွင်း ဥပဒေသလိုပဲ"လို့ The Independent သတင်းစာကို ပြောပါတယ်။

ဝန်ကြီးချုပ်ရှဘတ်ဇ်ရှရိဖ်က မစ္စတာ ခန်းဟာ အကျင့်ပျက်ခြစားမှုကြီးရှိတယ်လို့ မေလ ၁၂ ရက် က တရားရုံးချုပ်ကို တင်ပြခဲ့ပါတယ်။

မစ္စတာခန်းဟာ အဂတိလိုက်စားမှုအများအပြားမှာ အလားတူတရား သူကြီးတွေကို အကာကွယ်ပေးရေး သူရဲ့ရှေ့နေတွေနဲ့ အသနားခံစာတင်ခဲ့ပြီး အစိုးရက သူ့ကိုထပ်ဖမ်းဆီးနိုင်တဲ့ တရားဝင်လမ်းကြောင်းကို ပိတ်ဖို့ ကြိုးစားနေပါတယ်။

နိုင်ငံတကာ ခရစ်ကတ်ကစားသမားဟောင်းလည်းဖြစ်တဲ့ မစ္စတာခန်း အဖမ်းခံရတာကို ပါကစ္စတန် ပြန်ကြားရေးဝန်ကြီး မာရီရန်မ် အေရောင်ဇက်ဘ်က ကာကွယ်ပြောဆိုပေးထားပါတယ်။

သီတင်းပတ် အစောပိုင်းက အသက် ၇၀ အရွယ် လူသိများတဲ့ အတိုက်အခံခေါင်းဆောင် အင်မ်ရန်ခန်းကို အကျင့်ပျက်ခြစားမှုစွဲချက်တွေနဲ့ ပါကစ္စတန်နိုင်ငံရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

Source -Sky News

5 hours Ago
Up