close

ပညာရေး/နည်းပညာ

close

May 13, 2023

စစ်ကိုင်းနှင့် မကွေးတိုင်းက ကြားကာလပညာရေးကျောင်းများ၌ ဆရာများ လိုအပ်

မြန်မာနိုင်ငံက PDF တွေစိုးမိုးတယ်ဆိုတဲ့ စစ်ကိုင်းနဲ့ မန္တလေးတိုင်းက ကြားကာလပညာရေး ကျောင်းတွေမှာ ဆရာလိုအပ်ချက် မြင့်မားလာတယ်လို့  ကြားကာလပညာရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။

မကွေးတိုင်းတွင်း ကြားကာလပညာသင်ကျောင်းက ဆရာမ တဦးက  "စစ်ကိုင်းကော၊  မကွေးကော  လိုအပ်ချက်ရှိနေတာပါ။ အဓိကကတော့ အထက်တန်းသင်ဆရာ၊ ဆရာမတွေ ပိုလိုနေပါတယ်။ ရပ်ရွာက မိဘပြည်သူတွေကလည်း လုံခြုံရေး  စား၀တ်နေရေး  အစစအရာရာ တာ၀န်ယူ ပေးနေပါတယ်။ လာဖို့ စိတ်ကူးနေတဲ့ CDM ဆရာတွေကိုလည်း အမြဲကြိုဆို အားကိုးနေကြပါတယ်" လို့ ပြောပါတယ်။

ထောက်ပံ့မှုကတော့ ကျေးရွာအလိုက် မတူညီဘဲ သင့်လျော်သလို အတတ်နိုင်ဆုံး လိုလေသေးမရှိ ကူညီနေကြပြီး ထမင်းကအစ ရပ်ရွာက အလှည့်ကျ ချက်ပြုတ်ကျွေးမွေးကြတဲ့အထိ အညာဒေသလူထုရဲ့ ပညာရေးလိုလားချက် မြင့်မားနေပါတယ်။ 

စစ်ကိုင်းတိုင်းတွင်း ကျောင်းသားမိဘတဦးက  "အရီးတို့က ဘွဲ့တွေ၊ ကန္နားတွေ လိုချင်တာရယ်လည်း မဟုတ်ပါဘူး။ အရီးတို့ကလည်း သေစာ ရှင်စာလောက်ဖတ်တတ်တာ ဆိုတော့ မြို့ပေါ်က ပညာတတ်ကလေးကို အားကိုးနေရတေပေါ့ကွယ်"လို့ ပြောပါတယ်။

ကြားကာလပညာရေးဟာ  အလွန်အရေးကြီးပြီး ပညာရေးနဲ့ အဆက်ပြတ်သွားတဲ့အခါ လူငယ်တွေ အရွယ်မတိုင်မီ အိမ်ထောင်ပြု ကြတာမျိုးတွေ ရှိလာနေပါတယ်။ 

ဒါ့အပြင် တော်လှန်ရေးကာလဟာ ဘယ်အတိုင်းတာထိ ကြာမယ်မသိသေးတဲ့အတွက် စေတနာ့ ဝန်ထမ်း CDM ဆရာ၊ ဆရာမတွေနဲ့ ရပ်ရွာလူထုတွေပူးပေါင်းပြီး ကြားကာလ ပညာရေး အဆက်မပြတ် သင်ကြားပေးနိုင်မှ  ကလေးတွေအတွက် စိတ်လေတာမျိုးမဖြစ်ဘဲ  အဆင်မြင့်ပညာတွေပါ တိုးချဲ့  သင်ကြားနိုင်မှာဖြစ်တဲ့အတွက် ကျောင်းဆရာ၊ ဆရာမတွေ အများအပြား လိုအပ်နေတာလို့ သိရပါတယ်။

ကြားကာလ ပညာသင်ကျောင်းတွေမှာ တနိုင်ငံလုံးအတိုင်းအတာအရ ကျောင်းသား၊ ကျောင်းသူပေါင်း ၈၀၀,၀၀၀ ကျော်ကို ပညာသင်ကြားပေးနေတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ ပညာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်က ဆိုပါတယ်။

6 hours Ago

May 11, 2023

ကျောင်းအပ်ချိန်တွင် ငွေကြေး လက်ဆောင် တောင်းခံခြင်းမပြုရန် စစ်ကောင်စီပညာရေးဌာန တားမြစ်

၂၀၂၃-၂၄ ပညာသင်နှစ်ရဲ့ ကျောင်းအပ်ချိန်ကို အခု မေလ ၂၃ ရက်ကနေ ၃၁ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး အဲ့ဒီအချိန်မှာ ငွေကြေး၊ လက်ဆောင်ပစ္စည်းတွေ ကောက်ခံတာ၊ တောင်းရမ်းတာမျိုးတွေ မပြုလုပ်ရဘူးလို့ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ပညာရေးဌာနက ကြေညာထားပါတယ်။

ပညာရေးဝန်ထမ်းတွေအနေနဲ့ ငွေကြေး၊ လက်ဆောင်တွေကို ကျောင်းသားမိဘတွေထံကနေ ကောက်ခံတာ၊ တောင်းရမ်းတာ ဒါမှမဟုတ် မိဘတွေကိုယ်တိုင် ပေးကမ်းတာတွေလည်း မပြုလုပ်ဖို့ တားမြစ်ထားပြီး အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နဲ့ တခြားဘယ်ပစ္စည်းမှလည်း မရောင်းရဘူးလို့ တားမြစ်ထားပါတယ်။

ရန်ကုန်တိုင်းပညာရေးမှူးရုံးမှ အရာရှိတဦးက “ဒါက အရင်အစိုးရလက်ထက်ကတည်းက ထုတ်လာတဲ့ စည်းကမ်းတွေပါ။ တချို့ကျတော့ အလှူငွေဆိုပြီး ကောက်နေတာ ရှိနေတုန်းပါ။ ကျောင်းထွက်လက်မှတ်ယူတာဖြစ်ဖြစ်၊ ကျောင်းသားသစ် အပ်တာဖြစ်ဖြစ်၊ တခုခု လိုအပ်ချက် ရှိရင် အလှူငွေဆိုပြီး ကောက်ရင်ကောက်၊ မကောက်ရင် ဘာလိုတယ် ဝယ်ပေးဆိုတာမျိုး လုပ်ကြတာ။ ကျောင်းသားမိဘတွေက ကိုယ့်သားသမီး အဆင်ပြေအောင် လက်သိပ်ထိုးလုပ်ကြတော့ ဒါမျိုးတွေက ပြဿနာနည်းနည်းကြီးမှ ရုံးကို တိုင်စာကရောက်တာ” လို့ ပြောပါတယ်။

ကျောင်းအပ်ချိန်မှာ ကျောင်းသားမိဘတွေအနေနဲ့ သတ်မှတ်ထားတဲ့ နယ်မြေတွေမှာသာ အပ်နှံကြဖို့ အသိပေးထားပြီး အလယ်တန်း၊ အထက်တန်းအဆင့်တွေကို ကျောင်းထွက်သူမရှိဘဲ ဆက်လက်ပညာသင်ကြားနိုင်ဖို့ ဆရာ ဆရာမတွေနဲ့ ပူးပေါင်းဆောင်ရွက်ပါလို့လည်း ညွှန်ကြားထားပါတယ်။

ပြီးခဲ့တဲ့ ပညာသင်နှစ်က အခြေခံပညာကျောင်းတွေမှာ ကျောင်းသားကျောင်းသူ ၇ သန်းကျော် တက်ရောက်ခဲ့ပြီး ၃ သန်းကျော်လောက် ပညာသင်ခွင့်ဆုံးရှုံးခဲ့ရကာ လာမယ့်ပညာသင်နှစ်မှာ ကျောင်းတက်သူက ၈ သန်းကနေ ၉ သန်းလောက်အထိ တိုးလာမယ်လို့ စစ်ကောင်စီ ပညာရေးဌာနက ခန့်မှန်းထားပါတယ်။

2 days Ago
Up