၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နဲ့ ၂၀၂၂ ခုနှစ်တွေအတွက်ပေးအပ်တဲ့ မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုတွေကို ပြေတီဦး၊ မြင့်မြတ်၊ စိုင်းစိုင်းခမ်းလှိုင်၊ ရွှေထူး၊ အုန်းသီး၊ မေသဥ္ဇာဦး၊ အိန္ဒြာကျော်ဇင်၊ စိုးပြည့်သဇင်၊ ရွှေမှုံရတီ၊ ခင်ဝင့်ဝါ စတဲ့အနုပညာရှင်တွေက ရရှိသွားပါတယ်။
(၆၄) ကြိမ်မြောက် အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို မေလ ၆ ရက် ညနေပိုင်းက နေပြည်တော် မြို့တော်ခန်းမ အနီးရှိ လဟာပြင်ကဇာတ်ရုံမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
ဆုချီးမြှင့်ရာမှာ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆု(၂၀၁၉) ကို “ရိုးမပေါ်ကျတဲ့ မျက်ရည်” ဇာတ်ကားနဲ့ မြင့်မြတ်၊ အကောင်းဆုံးအမျိုးသားဇာတ် ဆောင်ဆု (၂၀၂၀) ကို “ပိတောက်ကတဲ့ဂီတ” ဇာတ်ကားနဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု (၂၀၂၂) ကို “လိပ်ပြာထောင်ချောက်” ဇာတ်ကားနဲ့ ပြေတီဦးတို့က အသီးသီးရရှိပါတယ်။
အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု(၂၀၁၉) ကိုတော့ “ဟစ်တိုင်” ဇာတ်ကားနဲ့ အိန္ဒြာကျော်ဇင်၊ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု (၂၀၂၀) ကို “ရွှေမင်းသမီး” ဇာတ်ကားနဲ့ စိုးပြည့်သဇင်၊ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု (၂၀၂၂) ကို “ဝေးမနေချင်ဘူး” ဇာတ်ကားနဲ့ ရွှေမှုံရတီ တို့က အသီးသီးရရှိပါတယ်။
အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု(၂၀၁၉) ကို “လှပ်၍လွင့်သော” ဇာတ်ကားနဲ့ ခင်ဝင့်ဝါ၊ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု (၂၀၂၀) ကို “ရွှေမင်းသမီး” ဇာတ်ကားနဲ့ မေသဥ္ဇာဦး၊ အကောင်းဆုံးအမျိုးသား ဇာတ်ပို့ဆု(၂၀၁၉)ကို “ဒဏ္ဍာရီမိုး” ဇာတ်ကားနဲ့ ရွှေထူး၊ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု(၂၀၂၀)ကို “သောင်းတိုက်က ကြားစေသား” ဇာတ်ကားနဲ့ အုန်းသီးတို့က အသီးသီး ရရှိပါတယ်။
အကောင်းဆုံးရုပ်ရှင် ဇာတ်ကားဆု(၂၀၂၀)ကိုတော့ “ပိတောက်ကတဲ့ဂီတ” ဇာတ်ကားနဲ့ အကောင်းဆုံးရုပ်ရှင် ဇာတ်ကားဆု(၂၀၂၂) ကို “ဝေးမနေချင်ဘူး” ဇာတ်ကားတို့ကရရှိပြီး အကောင်းဆုံးရုပ်ရှင် ဒါရိုက်တာဆု (၂၀၂၀) ကို “ ပိတောက်ကတဲ့ဂီတ” ဇာတ်ကားနဲ့ ဒါရိုက်တာမီးပွား က ရရှိပါတယ်။
အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု (၂၀၁၉)ကို “ဒဏ္ဍာရီမိုး” ဇာတ်ကားနဲ့ အာကာတိုး၊ အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု (၂၀၂၀) ကို “ ပိတောက်ကတဲ့ဂီတ” ဇာတ်ကားနဲ့ ဖြိုးကျော်၊ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆု (၂၀၁၉) ကို “နို့ဘီလူး” ဇာတ်ကားနဲ့ ကျော်ကျော်ထွန်း၊ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆု (၂၀၂၀) ကို “ဂန္ဓဗ္ဗ” ဇာတ်ကားနဲ့ အောင်ကိုလတ်တို့က ရရှိပါတယ်။
အကောင်းဆုံးရုပ်ရှင်အသံဆု (၂၀၁၉) ကို “၁၀၁၄” ဇာတ်ကားနဲ့ ကြည်မင်းသိန်း၊ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု (၂၀၁၉)ကို “၁၀၁၄”ဇာတ်ကားနဲ့ ဂျီသရီး၊ ကျော်ခိုင်စိုး၊ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု(၂၀၂၂)ကို “လိပ်ပြာထောင်ချောက်” ဇာတ်ကားနဲ့ ကြည်သာ၊ အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆု (၂၀၁၉) ကို “နိုင်ငံကြီးသား” ဇာတ်ကားနဲ့ မောင်မြတ်ဆွေတို့က က ရရှိပါတယ်။
ဒါ့အပြင် ရုပ်ရှင်အထူးဆုဖြစ်တဲ့ ၂၀၂၀ ပြည့်နှစ်အတွက် အကောင်းဆုံး ဝတ်စားဆင်ယင်ထုံးဖွဲ့မှုဆုကို “ကမ္မဖလ” ဇာတ်ကားမှ ဌေးဌေးတင်နဲ့ အဖွဲ့က ရရှိသွားပါတယ်။
အခုတကြိမ် အကယ်ဒမီပေးပွဲဟာ ၂၀၁၉ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ ဇာတ်ကား (၉၇)ကား၊ ၂၀၂၀ ပြည့်နှစ်မှာ ရုံတင်ပြသခဲ့တဲ့ ဇာတ်ကား(၂၁) ကားနဲ့ ၂၀၂၂ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ ဇာတ်ကား ၂၀ ထဲက ရွေးချယ် ချီးမြှင့်ပေးအပ်တာဖြစ်ပါတယ်။
တော်လှန်ရေး အင်အားစုတွေကတော့ စစ်ကောင်စီရဲ့ အကယ်ဒမီပေးပွဲကို ပြည်သူတွေ မကြည့်ရှုဖို့ သပိတ်မှောက်ဖို့ တိုက်တွန်းထားပြီး စစ်ကောင်စီကလည်း အနုပညာရှင်တွေကို ဖိအားပေး တက်ခိုင်းတာ၊ မက်လုံးပေး စည်းရုံး တက်ခိုင်းတာတွေ ရှိနေပါတယ်။
၂၀၂၀ ပြည့်နှစ်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုတို့ကြောင့် အကယ်ဒမီပေးပွဲတွေ မကျင်းပနိုင်ခဲ့သလို မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ရုပ်ရှင်ရုံတွေမှာလည်း ရုပ်ရှင် ပြသမှုတွေ ရပ်ဆိုင်းထားခဲ့ရတာပါ။
၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း တစ်ရက်နေ့ကစပြီး ရုပ်ရှင်ရုံတွေ ပြန်လည်ဖွင့်လှစ်ပြသနေပေမဲ့ အနုပညာရှင်တွေကို ဖမ်းဆီးထောင်ချထားတဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ ရုပ်ရှင်ကြည့်ပရိတ်သတ်တွေက ရုပ်ရှင်ရုံတွေမှာ သွားရောက်မကြည့်ရှုကြပဲ သပိတ်မှောက်ထားတဲ့အတွက် ပုံမှန်အခြေအနေပြန်မရောက်သေးပါဘူး။
အကယ်ဒမီပေးပွဲကျင်းပတဲ့ မေ ၆ ရက်၊ မနက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနီးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက် ပျက်စီးမှု သတင်းတွေကတော့ မကြားသိရပါဘူး။
နေပြည်တော်မှာ မေလ ၆ ရက် ကျင်းပမယ့် စစ်ကောင်စီရဲ့ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ပြည်သူတွေ မကြည့်ဖို့၊ သွေးစွန်းအကယ်ဒမီကို သပိတ်မှောက်ကြဖို့ တော်လှန်ရေး အင်အားစုတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းထားပါတယ်။
ရန်ကုန်မြို့ ကြည့်မြင်တိုင်နဲ့ မရမ်းကုန်းမြို့နယ်က ဆန္ဒပြလူငယ်တချို့ဟာ မေလ ၄ ရက်က “သွေးစွန်းနေတဲ့ အကယ်ဒမီ” ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ရန်ကုန်မြို့က ရုပ်ရှင်ရုံတွေနားမှာ ပြောက်ကျား ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြမှုမှာ ပါဝင်ခဲ့တဲ့ တော်လှန်လူငယ်တယောက်က စစ်ကောင်စီဟာ တဖက်မှာ ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်နေပြီး အခုလို အကယ်ဒမီပေးပွဲကို စည်ကားအောင် ကျင်းပတာဟာ အတုအယောင် သွေးစွန်းအကယ်ဒမီပေးပွဲပဲလို့ ပြောပါတယ်။
“ကျနော်တို့က အကြမ်းဖက်စစ်တပ်ရဲ့ အကယ်ဒမီပေးပွဲမှ မဟုတ်ဘူး။ သူတို့ဝါဒဖြန့်ဖို့အတွက် လုပ်တဲ့ ဘယ်ပွဲမဆို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြရမှာပဲ။ ဘာကြောင့်လဲဆိုတော့ စစ်မှန် ပြည်သူလူထုရဲ့ဆန္ဒ မပါဘူး။ တဖက်မှာ ပြည်သူကို နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ပြီးတော့ သူတို့ ပုံရိပ်ကောင်းဖို့ရာအတွက် သူတို့ရဲ့ အုပ်ချုပ်နိုင်နေပြီလို့ ပြဖို့ရာ လုပ်ဖို့လုပ်တဲ့ ဘယ်ပွဲမဆို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြပါတယ်၊ လုံးဝ လက်မခံပါဘူး။ ဒီအကယ်ဒမီပေးပွဲဆိုလည်း ရှင်းနေတာပဲ။ သူတို့ အရမ်းကောင်းတဲ့ ဝါဒဖြန့် လှုံ့ဆော်ဖို့ရာ အခွင့်သာတဲ့ အနုပညာရှင်တွေကို အသုံးချပြီး ပုံရိပ်တခုကို ဖော်ပြတာပဲ။”
“တကယ့်တကယ် တဖက်မှာ ပြည်သူလူထုကို ညှဉ်းဆဲပြီးတော့ ပဇီကြီးလိုမျိုး အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး ဒီသတင်းတွေကို အမှောင်ချဖို့အတွက် ဒီလိုအချိန်မှာ အနုပညာရှင်တွေကို အသုံးချပြီးတော့ ဒီပွဲကို မဖြစ်ဖြစ်အောင် လုပ်တဲ့အတွက် ကျနော်တို့က ဆန့်ကျင်တယ်၊ ကန့်ကွက်တယ်၊ ဆန္ဒ ထုတ်ဖော်တယ်။ ဒီဟာကို အစစ်အမှန် အကယ်ဒမီလို့ မသတ်မှတ်ဘူး။ ဒီပွဲကိုတက်ရောက်တဲ့သူတွေကိုလည်း အနုပညာရှင်လို့ မသတ်မှတ်ဘူး၊ အနုပညာသေတွေပဲ ဖြစ်တယ်။ ပြည်သူကနေပြီးတော့ ပေးတဲ့ ထိုက်တန်တဲ့ဆုကိုလည်း ရမှာမဟုတ်ဘူး။ အတုအယောင် လူသတ်ပြီးတော့ သွေးစွန်းနေတဲ့လက်နဲ့ ပေးမယ့် အကယ်ဒမီအတု သွေးစွန်းနေတဲ့ဆုကိုပဲ ရမှာဖြစ်တယ်။”
စစ်ကောင်စီအနေနဲ့ အကယ်ဒမီပေးပွဲကို ငွေကြေးများစွာ အသုံးပြုပြီး ကျင်းပဖို့ လုပ်နေသလို အနုပညာရှင်တွေကိုလည်း မဖြစ်မနေ ပွဲတက်ဖို့ အတင်းအကျပ် ဖိအားပေး ခြိမ်းခြောက်တာ၊ မက်လုံးပေး စည်းရုံးဖိတ်ခေါ်တာတွေ ရှိနေပါတယ်။
နိုင်ငံအနှံ့ စစ်ဘေးရှောင် ထွက်ပြေးနေရတဲ့ ပြည်သူတွေ အပါအဝင် တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို စာနာတဲ့အနေနဲ့ ပြည်သူလူထုတရပ်လုံးက အကယ်ဒမီပေးပွဲကို ပြင်းပြင်းထန်ထန် သပိတ်မှောက်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တောင်းဆိုထားတာပါ။
ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း ဥက္ကဋ္ဌက “ပြည်သူတွေအတွက် သပိတ်မှောက်ဖို့ နည်းလမ်းကတော့ ထင်ထင်ရှားရှား ရှိနေပါတယ်။ ဒါကတော့ လူမှုကွန်ရက်တွေပေါ်မှာ အကယ်ဒမီပေးပွဲက ဘယ်သူရသွားတယ်၊ ဘယ်ဝါသွားတယ်ဆိုတာ မမျှပေးဘူး။ အကယ်ဒမီ ပေးပွဲ လွှင့်တဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေးလိုင်းတွေဖြစ်တဲ့ MRTV, MWD, MRTV-4, Channel-7 ဒီလိုင်းတွေကို အကယ်ဒမီပေးပွဲရှိနေချိန်မှာ မကြည့်ဘူး။ တခြားချန်နယ်တွေ ကြည့်လို့ရတဲ့ ရုပ်ရှင်တွေ ဇာတ်ကားတွေ အများကြီးရှိပါတယ်။ အကယ်ဒမီပေးပွဲ အကြောင်းကို အချင်းချင်း ရပ်ကွက်ထဲမှာလည်း မမျှဘူးဆိုရင် ဒါ အကယ်ဒမီပေးပွဲကို Boycott လုပ်ပြီးသား ဖြစ်ပါတယ်။ အဲ့တော့ စစ်မှန်တဲ့နည်းလမ်းနဲ့ ပြတ်သားစွာ သပိတ်မှောက် Boycott လုပ်ကြဖို့ ကျနော်တို့ ရေဘဝဲက နှိုးဆော်တိုက်တွန်းလိုက်ပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားလုပ်ပြီး သူတို့ပုံရိပ်ကောင်းအောင် အနုပညာရှင်တွေကို အသုံးချပြီး အကယ်ဒမီပွဲကို ကျင်းပတာလို့ သွေးစွန်းအကယ်ဒမီ သပိတ်မှောက် ဆန္ဒပြခဲ့တဲ့ တော်လှန်လူငယ်တယောက်က မှတ်ချက်ပြုပါတယ်။
“တဖက်မှာ အကြမ်းဖက်စစ်တပ်က ပြည်သူပိုင်ဘဏ္ဍာ ငွေကြေးကို အလွဲသုံးစားလုပ်ပြီး သူတို့လုပ်ချင်တဲ့ လုပ်ဇာတ်တွေ ပွဲတွေအတွက် အကုန်အကျခံနေတာ၊ ရှေ့မှာ သင်္ကြန်ပွဲလိုမျိုး၊ ကဆုန်လပြည့်နေ့က လုပ်သွားတဲ့ ဆွမ်းဆန်စိမ်းလိုမျိုး ၁၁ မီးငြိမ်းအောင် ယတြာချေ လျှောက်လုပ်တဲ့ အရာတွေကော ဒါတွေကို ကြည့်ခြင်းအားဖြင့် သူတို့သည် ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားလုပ်ပြီး ပုံရိပ်ကို ပုံဖော်နေတာ ဖြစ်တယ်။ အကယ်ဒမီပေးပွဲလည်း ဒီတိုင်းပါပဲ။ သူတို့နဲ့ပူးပေါင်းပြီးတော့ လုပ်ပိုင်ခွင့်တွေ ပေးမယ်ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဆီကနေ ငွေကြေးကောက်ခံတယ်။ ပြည်သူ့ဘဏ္ဍာငွေတွေနဲ့ ဒီပွဲလုပ်မယ်။ တက်ရောက်လာမယ့် သူတွေကို ရွှေရင်ထိုးပေးမယ်ဆိုပြီး မက်လုံးတွေနဲ့ မြှူဆွယ်ပြီးတော့ လုပ်နေတာ ဖြစ်တဲ့အတွက် အထင်ကြီးစရာ တကွက်မှမရှိဘူး။ ပြည်သူ့ငွေကြေးဘဏ္ဍာကို အလွဲသုံးစားလုပ်နေတဲ့ လူတစု အကြမ်းဖက်တွေ သူခိုးဓားပြတွေလို့ပဲ ခပ်ရှင်းရှင်း မှတ်ချက်ပြုချင်ပါတယ်။”
စစ်ကောင်စီက ၃ နှစ်စာပေါင်းလုပ်မယ့် အကယ်ဒမီပေးပွဲမှာ ရွှေစင်ရုပ်တုတွေ အပါအဝင် ကုန်ကျစရိတ်အားလုံးကို နိုင်ငံတော်အသုံးစရိတ်ထဲကနေ မတည်သုံးစွဲသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြောဆိုထားပါတယ်။
စစ်ကောင်စီကို ထောက်ခံတဲ့ အနုပညာရှင်တချို့က အကယ်ဒမီပေးပွဲ တက်ရောက်ဖို့ ဆန္ဒရှိကြပြီး အကယ်ဒမီပွဲမှာ စစ်ကောင်စီလက်အောက်ခံ အနုပညာရှင်တွေအပြင် ခံဝန်နဲ့ လွတ်လာတဲ့ အနုပညာရှင်တချို့ကို အကယ်ဒမီဆုတွေ ပေးနိုင်တယ်လို့ ခန့်မှန်း ပြောဆိုတာတွေ ရှိနေပါတယ်။
CDM စစ်တပ်အရာရှိတဦးအကြောင်းကို ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးပုံဖော်ထားတဲ့ “မသောက်မိသောမိုးခါးရေ” တော်လှန်ရေးရုပ်ရှင်ကို မေ ၆ ရက်မှာ ယူကျုကနေ အခမဲ့ ကြည့်ရှုနိုင်တော့မယ်လို့ သိရပါတယ်။
ဒီရုပ်ရှင်ကို ကမ္ဘာ့နိုင်ငံပေါင်း ၂၀ ကျော်မှာ လွန်ခဲ့တဲ့ ၇ လလောက်ကတည်းက လက်ရှိအချိန်တိုင်အောင် ပြသနေဆဲဖြစ်ကာ ရန်ပုံငွေ ကျပ်သိန်း ၁၀,၀၀၀ ကျော်ထိ ရရှိခဲ့ပါတယ်။
မသောက်မိသောမိုးခါးရေ ဇာတ်လမ်းတိုရုပ်ရှင်ကို မေလ ၆ ရက် ညနေ ၅ နာရီကစပြီး အားလုံးကြည့်ဖို့ တင်ပေးပါမယ်လို့ ဒါရိုက်တာ ကိုပေါက်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးပါတယ်။
“iPhone 11pro max အပေါ်မှာ ဇာတ်ညွှန်းရေး… iPhone 11pro max နဲ့ ရိုက်ကူး… iPhone 11pro max နဲ့ edit လုပ်… iPhone 11pro max နဲ့ ပိုစတာဒီဇိုင်းလုပ်/music လုပ်ခဲ့တဲ့ တောထဲက သဘာဝတော်လှန်ရေးသမားအစစ်များနဲ့ ရိုက်ခဲ့တဲ့ ရုပ်ရှင်ဟာ ကျပ်သိန်း ၁၀,၀၀၀ ကျော် ရန်ပုံငွေ ရရှိခဲ့ပါတယ်။… အခုတော့ မကြည့်ရသေးသော ပရိသတ်ကြီးအတွက် Kopauk youtube channel ကနေ ပြသပေးတော့မှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် subscribe လုပ်ထားပေးကြပါအုံး။”
“မသောက်မိသောမိုးခါးရေ” ရုပ်ရှင်ကို အိုင်ဖုန်းတလုံးတည်းနဲ့ ရိုက်ကူးခဲ့တာဖြစ်ပြီး တော်လှန်ရေးမှာ အမှန်တကယ် ပါဝင်နေတဲ့ ရဲဘော်တွေကိုယ်တိုင် သရုပ်ဆောင်ထားကြောင်းနဲ့ ရုပ်ရှင်ပြသရာမှာ ရရှိလာတဲ့ ရန်ပုံငွေတွေကိုလည်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကနေ တော်လှန်ရေးအဖွဲ့တွေထံ ထောက်ပံ့နေကြောင်းလည်း သိရပါတယ်။
ဒါရိုက်တာ ကိုပေါက်ဟာ စစ်အုပ်စုရဲ့ မတရားအာဏာသိမ်းကာလ စတင်ချိန်ကတည်းက ပြည်သူတွေနဲ့ တသားတည်းရပ်တည်ကာ စစ်ကာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့တဲ့ အနုပညာရှင်တယောက်ဖြစ်ပြီး ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခံထားရသူလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ လွတ်မြောက်နယ်မြေတနေရာကနေ သူတတ်ကျွမ်းတဲ့ အနုပညာနဲ့ စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်တော်လှန်ရင်း မြန်မာ့နွေဦးတော်လှန်ရေးမှာ တထောင့်တနေရာကနေ ပါဝင်နေတာ ဖြစ်ပါတယ်။“မသောက်မိသောမိုးခါးရေ” တော်လှန်ရေးရုပ်ရှင်ကို ကြည့်ရှုလိုသူတွေအနေနဲ့ ဒါရိုက်တာ ကိုပေါက်ရဲ့ ယူကျုဘ်ချန်နယ်လ်လင့်ခ်- https://www.youtube.com/@kopauk5911 ကနေ Subscribe လုပ်ပြီး စောင့်မျှော်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။