close

စီးပွားရေး

close

May 12, 2023

ပြည်တွင်းပို့ကုန် ပဲစျေးနှုန်း မြင့်တက်

ပြည်တွင်း ပဲမျိုးစုံ အထွက်နှုန်းလျော့ကျမှုနဲ့အတူ ပို့ကုန်ပဲစျေးတွေ အမြင့်ဆုံး ရောက်ရှိလာတယ်လို့ ပဲကုန်သည်တွေက ပြောပါတယ်။

မြန်မာပြည်တွင်း ပဲအဓိကစိုက်ပျိုးတဲ့ ဒေသတွေမှာ နယ်မြေမတည်ငြိမ်မှုတွေကြောင့် စိုက်ဧကနဲ့ အထွက်နှုန်းတွေ လျော့ကျခဲ့ပါတယ်။ တဖက်မှာလည်း ရာသီဥတု ဖောက်ပြန်မှုကြောင့် ပဲအထွက်နှုန်း လျော့ကျမှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အိန္ဒိယနိုင်ငံမှာ ပြည်တွင်းပဲလိုအပ်ချက်က မြင့်တက်နေပြီး မြန်မာ့ပဲတွေကို ဝယ်လိုအား ရှိနေပါတယ်။

ဒါပေမဲ့ ပြည်တွင်းပဲစျေးကွက်မှာ ဝယ်လိုအားများပြီး ရောင်းလိုအား နည်းနေတာကြောင့် ပဲမျိုးစုံစျေးတွေ မြင့်တက်နေတာ ဖြစ်တယ်လို့ ပဲကုန်သည်တဦးက ပြောပါတယ်။

“အိန္ဒိယကလည်း လိုအပ်ချက်ရှိနေတယ်။ တောက်လျှောက် ဝယ်လိုအားရှိနေပေမဲ့ ရောင်းအားက နည်းနေတာ။ အထွက်နှုန်းကလည်း လျော့တယ်လေ။ အိန္ဒိယသွားတဲ့ပဲတင် မဟုတ်ဘူး၊ ပဲမျိုးစုံ အကုန်တက်နေတာ။”

လက်ရှိမှာ စျေးကွက်ထဲ ကုန်ရှားပါးနေပြီး လှောင်ကုန်တွေကိုသာ အဓိကရောင်းချနေကြတဲ့ အခြေအနေလို့လည်း ကုန်သည်တွေဆီက သိရပါတယ်။

လတ်တလော မြန်မာပြည်တွင်း ပဲစျေးကွက်မှာ ပြည်ပကို အများဆုံးတင်ပို့နေတဲ့ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းတို့လို ပို့ကုန်ပဲတွေအပြင် ပြည်တွင်းစားသုံးမှုများတဲ့ ပဲအမျိုးအစားတွေလည်း အထွက်နှုန်းလျော့ကျလို့ စျေးမြင့်တက်နေပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအနေနဲ့ သီးနှံစိုက်ပျိုးထုတ်လုပ်တင်ပို့မှု ကွင်းဆက်တလျှောက် ကုန်ကျစရိတ်တွေ အဆမတန် တိုးမြင့်လာတာကလည်း ပို့ကုန် ပဲမျိုးစုံတွေ မြင့်တက်လာဖို့ အကြောင်းတရပ် ဖြစ်နေပါတယ်။

မြန်မာနိုင်ငံက ထွက်ရှိတဲ့ မတ်ပဲနဲ့ ပဲစင်းငုံ စျေးကွက်ဟာ အိန္ဒိယနိုင်ငံရဲ့ ပဲလိုအပ်ချက်အပေါ် မူတည်နေပြီး ငွေတန်ဖိုးနဲ့ ဆိပ်ကမ်းအရောက်တန်ဖိုး (CNF) ပေါက်ဈေး၊ ပြည်တွင်းနဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ ရာသီဉတု၊ ပဲအထွက်နှုန်းတို့ အပေါ်မှာပဲ မူတည်နေတယ်လို့ စျေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

လတ်တလော နိုင်ငံတကာ စျေးကွက်မှာလည်း ပဲစျေးနှုန်းတွေ အမြင့်ပိုင်း ရောက်ရှိနေတာကြောင့် စျေးဆက်တက်နိုင်တယ်လို့ ကုန်သည်တွေက ခန့်မှန်းထားကြပါတယ်။

ပြီးခဲ့တဲ့နှစ် ကာလတူအချိန်မှာ မတ်ပဲတတန်ကို ၁,၄၄၀,၀၀၀ ကျပ်၊ ပဲစင်းငုံတတန်ကို ၁,၃၅၅,၀၀၀ ကျပ် ဝန်းကျင်မှာပဲရှိခဲ့ပြီး အခုနှစ်က ပဲစျေး စံချိန်တင်မြင့်တက်တဲ့နှစ် ဖြစ်ပါတယ်။

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင် စျေးကွက်မှာ လက်ရှိ မတ်ပဲ တတန်ကို ၂,၁၈၅,၀၀၀ ကျပ်၊ ပဲစင်းငုံတတန်ကို ၂,၄၉၇,၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေပြီး ပြီးခဲ့တဲ့နှစ်ထက် မတ်ပဲ တတန်ကို ကျပ် ၇ သိန်းကျော်၊ ပဲစဉ်းငုံတတန်ကို ၁၁ သိန်းကျော်ထိ မြင့်တက်လာပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပဲမျိုးစုံ ပြည်ပတင်ပို့ရာမှာ မတ်ပဲ၊ ပဲစင်းငုံနဲ့ ပဲတီစိမ်းကို အိန္ဒိယနိုင်ငံဆီ အဓိကတင်ပို့ပြီး ပဲတီစိမ်းကို တရုတ်နဲ့ ဥရောပနိုင်ငံတွေကို အများဆုံးတင်ပို့နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတို့ကနေ ပဲမျိုးစုံ စုစုပေါင်း တန်ချိန် ၁ ဒသမ ၉ သန်း တင်ပို့နိုင်ခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာတော့ တန်ချိန် ၂ သန်းကျော်ထိ တင်ပို့နိုင်ခဲ့တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

9 hours Ago

မြိတ်မြို့တွင် ကွမ်းသီးဈေးကျဆင်းပြီး အဝယ်ရပ်နားထားသဖြင့် ကွမ်းသီးရောင်းဝယ်သူများ အခက်တွေ့

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ကွမ်းသီးဈေးနှုန်း ဆက်တိုက်ကျဆင်းလာပြီး အဝယ်ဒိုင်တချို့ ရပ်နားလိုက်တာကြောင့် ကွမ်းသီးလုပ်ငန်း လုပ်ကိုင်သူတွေ အခက်အခဲ ဖြစ်နေကြတယ်လို့ ကွမ်းသီးလုပ်ငန်း လုပ်ကိုင်သူ‌တွေထံက သိရပါတယ်။

ကွမ်းသီးဈေးနှုန်းတွေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စပြီးတော့ တပိသာကို ၄,ဝဝဝ ကျပ်လောက်ကနေ ‌မတ်လအကုန်လောက်အထိ တပိသာကို ၄,၇ဝဝ ကျပ်အထိ ဈေးထိုးတက်လာတယ်လို့ သိရပြီး အခု ဧပြီလကစပြီး ကွမ်းသီးဈေးနှုန်း တဖြည်းဖြည်း ပြန်လည်ကျဆင်းလာကာ လက်ရှိ တပိသာကို ၃,၁ဝဝ ကျပ်လောက်သာ ရှိတော့တယ်လို့ ကွမ်းသီးရောင်းဝယ်နေသူတဦးက ပြောပါတယ်။

“ကွမ်းသီးတွေက ဈေးအနိမ့်ပေးပြီး သွားရောင်းတာတောင် ဝယ်မယ့်ဒိုင်မရှိဘူး။ ရှိတဲ့ဒိုင်တွေကလည်း လက်ငင်းမဝယ်ဘဲ အကြွေးနဲ့ပဲ လာရောင်းရင် လက်ခံတာဆိုတော့ ကွမ်းသီးတွေ မရောင်းရဘဲ သိုလှောင်ထားရတယ်။ အခုဆို ကွမ်းသီးရောင်းမထွက်လို့ အားလုံး ခက်ခဲနေကြရတယ်။”

မြိတ်မြို့အဝယ်ဒိုင်တွေမှာ ကွမ်းသီးဈေးနှုန်း ကျဆင်းလာတာတဲ့အတွက် ကွမ်းသီးအရောင်း မဖြစ်ထွန်းဘဲ သိုလှောင်ထားရတာကြောင့် ကွမ်းသီးအဝယ် ရပ်နားထားတာ ဖြစ်တယ်လို့ သိရပါတယ်။

“အဝယ်ဒိုင်တွေက ရန်ကုန်တို့ မြန်မာပြည်အပေါ်ပိုင်းဘက်ကို ကွမ်းသီး ပြန်တင်ပို့နေကြတာလေ။ အခု အဲ့ဘက်ကလည်း မဝယ်ကြတော့ သူတို့မှာလည်း မရောင်းရဘဲ သိုလှောင်ထားရတယ်။”

မြန်မာနိုင်ငံဘက်ကနေ အိန္ဒိယနိုင်ငံကို ကွမ်းသီးတွေ တင်ပို့ရာလမ်းဖြစ်တဲ့ တမူး-မိုရေး နယ်စပ်ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၅ ရက်ကစပြီး သုံးလကြာ ပိတ်ခဲ့တယ်လို့ သိရပြီး လက်ရှိအချိန်အထိ ဂိတ်ကို ပြန်ဖွင့်လှစ်ခြင်း မရှိသေးဘူးလို့ ပြောပါတယ်။

အဆိုပါနယ်စပ်ဂိတ်ကို မြန်မာနိုင်ငံဘက်က တရားမဝင် ဝင်ရောက်လာတဲ့သူ အရေအတွက် တိုးမြင့်လာနိုင်တာကြောင့် နယ်စပ်ဂိတ်ကို ပိတ်လိုက်တာဖြစ်ပြီး နှစ်ဖက် တရားဝင် ပြန်မဖွင့်မချင်း ကန့်သတ်ထားတယ်လို့ မဏိပူရပြည်နယ် အစိုးရက ထုတ်ပြန်ထားပါတယ်။

14 hours Ago

May 11, 2023

စိုက်ပျိုးရေးလုပ်ငန်းကနေ နိုင်ငံ့စီးပွားရေး တဟုန်ထိုး တိုးတက်သွားနိုင်ဟု စစ်ခေါင်းဆောင်ပြော

စိုက်ပျိုးရေးလုပ်ငန်းကို ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နိုင်မယ်ဆိုပါက နိုင်ငံ့စီးပွားရေး တစ်ဟုန်ထိုး တိုးတက်သွားနိုင်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

မေလ ၁၀ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ နဝရတ်ခန်းမမှာ ကျင်းပတဲ့ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအစည်းအဝေးမှာ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်က မိုးစပါး တစ်ဧကလျှင်ပျမ်းမျှ ၇၂ ဒသမ ၆၄ တင်း လောက်ထွက်ရှိကြောင်း၊ စိုက်ပျိုးဖို့ကျန်တဲ့ စိုက်ပျိုးမြေတွေမှာ ဧက ၄ သန်းလောက်ကို သီးထပ် စိုက်ပျိုးပြီး တစ်ဧကအထွက်နှုန်း ၇၂ ဒသမ ၆၄ တင်းနဲ့ တွက်ချက်မယ်ဆိုရင် ၂၈၉ ဒသမ ၅၄ တင်းသန်း ထွက်ရှိမယ်၊ တစ်တင်း လျှင် ၁၀၀၀၀ နှုန်းနဲ့ တွက် ချက်ကြည့်မယ်ဆိုရင် စပါးတင်းသန်း ၂၉၀ အတွက် ဘီလီယံ ၂၉၀၀ ရရှိပြီး တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်လာမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

စစ်ခေါင်းဆောင်က စပါးအထွက်နှုန်းကို စိတ်ကူးယဉ်တွက်ချက်ပြနေပေမဲ့ လက်တွေ့ မြေပြင်မှာတော့ စပါးအထွက်နှုန်းမကောင်းဘူးလို့ တောင်သူလယ်သမားတွေက ဒီဗွီဘီကို ပြောပါတယ်။  

ပဲခူးတိုင်းက စပါးစိုက် တောင်သူတဦးကတော့ “အထွက်နှုန်းမကောင်းပါဘူး။ မိုးစပါးတုန်းကအထွက် နှုန်းလျော့တယ်လေ။ ရာသီဥတုကလည်းမမှန်၊ ရေကလည်း မရဘူး။ ပြီးတော့ မြေသြဇာတွေက စျေးမြင့်တော့ လိုသလောက် မပက်နိုင်ဘူး။ မြေသြဇာမနိုင်တော့ အထွက်လည်း ကျတယ်။ စိုက်စရိတ် ကုန်ကျစရိတ်နဲ့ ဖြစ်နေတဲ့ စပါးစျေးနဲ့ တွက်ခြေသိပ်မကိုက်ဘူး” လို့ ပြောပါတယ်။

စပါးစျေးမကောင်းချိန်မှာ စိုက်ပျိုးရေးသွင်းအားစုစျေးတွေ အဆမတန်ကြီးမြင့်နေလို့ အပြည့်အဝ ထည့်သွင်းနိုင်ခြင်းမရှိတာကြောင့် မိုးစပါးအထွက်နှုန်း လျော့ကျခဲ့တယ်လို့လည်း ဧရာ၀တီတိုင်းက လယ်သမားတဦးက ပြောပါတယ်။

၂၀၁၉ ခုနှစ်သန်းခေါင်စာရင်းအရ မြန်မာလူဦးရေရဲ့  ၄၅ ရာခိုင်နှုန်းလောက်ဟာ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေနဲ့ နှီးနွယ်နေသူတွေဖြစ်လို့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေကို ဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ဆောင်ရွက်ပေးနိုင်မယ်ဆိုရင်  ကျေးလက်နေပြည်သူတွေရဲ့ တွေ ထူးခြားစွာ တိုးတက်ပြောင်းလဲလာမယ်လို့ သုံးသပ်တွေ့ရှိရတယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

လက်တွေ့မှာတော့ ကျေးလက်နေပြည်သူတွေ အထူးသဖြင့် စစ်ကိုင်းတိုင်းက ပြည်သူတွေပိုင်ဆိုင်တဲ့ နေအိမ်တွေ၊  အသက်မွေးဝမ်းကြောင်း စီးပွားရေးလုပ်ငန်းတွေနဲ့ သိုလှောင်ထားတဲ့ ဆန် စပါးတွေကို စစ်ကောင်စီတပ်တွေက အကြမ်းဖက် မီးရှို့ဖျက်ဆီးနေတာဖြစ်ပါတယ်။   

စစ်ခေါင်းဆောင်ကတော့ နိုင်ငံ့စီးပွားမြှင့်တင်ရေးဖို့အတွက် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်သွားမယ်၊ ရေခံမြေခံကောင်းတဲ့ နိုင်ငံအနေနဲ့ စိုက်ပျိုးရေးလုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်နိုင်မယ်၊ စိုက်ပျိုး ရေးထုတ်ကုန်ကို အရင်ကထက် ပိုမိုထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်ပသို့ပို့ကုန်တွေ ပိုမိုတင်ပို့နိုင်မှာဖြစ်ပြီး နိုင်ငံခြားဝင်ငွေ တိုးတက်လာကာ နိုင်ငံ့စီးပွား ပိုမိုတိုးတက်လာမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး မတည်ငြိမ်မှု ပြဿနာတွေကြောင့် မြန်မာ့စီးပွားရေး (ဂျီဒီပီ)က အနုတ် ၁၈ အထိ ရောက်ရှိခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ မြန်မာ့စီးပွားရေးအပေါ် စောင့်ကြည့်လေ့လာတဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေးမရေရာမှုတွေ၊ ပဋိပက္ခတွေနဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေနိုင်တာကြောင့် ကာလတိုအနေနဲ့ မြန်မာ့စီးပွားရေးဟာ ပြန်လည်သက်ဝင်လာဖို့က နှေးကွေးနေဆဲ ရှိနေမယ့်အပြင် ၂၀၂၃ ခုနှစ် အလွန်မှာလည်း မသေချာ မရေရာမှု အခြေအနေတွေနဲ့ ဆက်လက်မြင့်တက်နေဦးမယ်လို့ ကမ္ဘာ့ဘဏ်က သတိပေးထားပါတယ်။

အာဆီယံဒေသတွင်းနိုင်ငံတွေထဲမှာ မြန်မာက စီးပွားရေးတိုးတက်မှုနှုန်း အနိမ့်ဆုံးဖြစ်လာ နိုင်တယ်လို့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) က ခန့် မှန်းထားပါတယ်။

Photo-DSINFO

2 days Ago

ပြည်တွင်းရွှေဈေးနှင့် ဒေါ်လာဈေး ပြန်မြင့်တက်လာ

မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းက ပြင်ပဈေးကွက်မှာ တစ်ဒေါ်လာကို ၂၈၆၅ ကျပ်အထိ မြင့်တက်လာသလို အကယ်ဒမီမီးလင်း‌ရွှေ တစ်ကျပ်သားစျေးနှုန်းကလည်း ကျပ် သိန်း ၃၀ အထက်ကို ပြန်လည်မြင့်တက်လာပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက ရွှေဈေးမြင့်တက်လာလို့ YGEA ဦးဆောင်ပြီး ရွှေဈေးနှုန်းတည်ငြိမ်ရေး ဖိအားပေးလုပ်ဆောင်ခဲ့လို့ ဈေးအတန်အသင့် ပြန်ကျဆင်းလာပြီး အခုအခါ ကမ္ဘာ့ရွှေဈေး၊ ဒေါ်လာဈေးတို့နဲ့အတူ ဈေးပြန်လည်မြင့်တက်လာတာ ဖြစ်ပါတယ်။

ကမ္ဘာရွှေဈေးက မေလ အစောပိုင်းမှာ တအောင်စကို အမေရိကန်ဒေါ်လာ ၂၀၀၀ အောက်မှာပဲ ရှိခဲ့ပါတယ်။ မေ ၅ ရက်နေ့မှာတော့ တအောင်စကို အမေရိကန်ဒေါ်လာ ၂၀၄၀ အထိ မြင့်တက်ခဲ့ပြီး ပြည်တွင်း ဈေးကွက်မှာလည်း ရွှေဈေးနှုန်း လိုက်ပါမြင့်တက်လာပါတယ်။

အခု မေလ ၁၁ ရက် နေ့လယ်ပိုင်းမှာတော့ ကမ္ဘာ့ရွှေဈေး တအောင်စကို အမေရိကန်ဒေါ်လာ ၂၀၂၅ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ပြီး ဈေးပြန်လည်ကျဆင်းလာပေမယ့် ပြည်တွင်းဈေးကတော့ တစ်ကျပ်သားကို ကျပ် သိန်း ၃၀ အထက်မှာပဲ ဆက်ရှိနေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ ရည်ညွှန်းဈေးကဒီနေ့ နေ့လည်ပိုင်းမှာ ရွှေတကျပ်သားကို ၂,၃၉၃,၉၀၀ ကျပ် သတ်မှတ်ထားပါတယ်။

ရွှေစျေးအတက်ဘက်ကို ဦးတည်နေပေမယ့် ဈေးကွက်ထဲမှာတော့ အရောင်းအဝယ် ငြိမ်သက်နေတယ်လို့ ရွှေလုပ်ငန်းလုပ်ကိုင်သူတွေက ဆိုကြပါတယ်။

ဒေါ်လာဈေးကလည်း တစ်ဒေါ်လာကို ရောင်းဈေး ၂၈၆၀ ကျပ်၊ ဝယ်ဈေး ၂၈၄၅ ကျပ်နဲ့ ဈေးငြိမ်နေရာကနေ အခုရက်ပိုင်းမှာ ပြန်လည် မြင့်တက်လာတာဖြစ်တယ်လို့ နိုင်ငံခြားငွေကြေးရောင်းဝယ်သူတွေထံက သိရပါတယ်။

“ဒေါ်လာဈေးက ဒီရက်ပိုင်း တဖြည်းဖြည်းပြန်တက်တယ်။ အရင်ရက်က ဝယ်ဈေး ၂၈၄၀ ကျပ်ပဲရှိတယ်”လို့ နိုင်ငံခြား ငွေကြေးရောင်းဝယ်သူ တစ်ဦးက ပြောပါတယ်။

ပြည်တွင်းရွှေဈေး အတက်အကျက ပြည်တွင်းဒေါ်လာဈေးနဲ့ ကမ္ဘာ့ရွှေဈေး အတက်အကျအပေါ် မူတည်နေပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မှာလူထုရဲ့ ကျပ်ငွေအပေါ် ယုံကြည်မှု လျော့ကျခဲ့တာကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ ဩဂုတ်လနှောင်းပိုင်းက အမေရိကန် တစ်ဒေါ်လာ ကို ၄၅၀၀ ကျပ်အထိ စံချိန်တင် ထိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာနဲ့ တွက်ချက်ရောင်းဝယ်တဲ့ ပြည်တွင်းရွှေဈေးလည်း တစ်ကျပ်သားကို ကျပ် ၃၅ သိန်းကျော်ထိ ရောက်ရှိခဲ့ပါတယ်။

2 days Ago
Up