close

မှုခင်း/မူးယစ်ဆေး

close

May 13, 2023

ထီးချိုင့်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ တရားမဝင်သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါး အများအပြားကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က မေ ၁၁ ရက် ညနေ ၅ နာရီခွဲက ဖမ်းဆီးရမိထားတယ်လို့ ထီးချိုင်မြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတွေထံက သိရပါတယ်။  

မူးယစ်ဆေးတွေဟာ ရှမ်းပြည်တောင်ပိုင်းကနေ သယ်‌ဆောင်လာတာဖြစ်ပြီး မြစ်ကြီုးနားမြို့ကို ပို့ဆောင် ဖြန့်ဖြူး‌ရောင်းချဖို့ ဖြစ်တယ်လို့လည်း သယ်ဆောင်လာသူတွေက ပြောတယ်လို့ ဆိုပါတယ်။ 

ထီးချိုင့်မြို့နယ် ပကဖ တာဝန်ရှိသူ တဦးက “လူ ငါးယောက် ဆိုင်ကယ် ငါးစီးနဲ့သယ်လာတာကို ရှောင်တခင် စစ်ဆေးရာကတွေ့တာ။ ကာလတန်ကြေးနဲ့ဆိုရင် သိန်းပေါင်း ခြောက်ထောင် ကျော်ရှိမယ်။ ဘိန်းဖြူတွေပါ။ အရေအတွက်နဲ့ ဆိုရင် ဆပ်ပြာခွက် ၆၆၀ ခွက် ဖမ်းမိတာပါ။ မြို့နယ်ပလဖအဖွဲ့ထံ တရားဝင် လွှဲပြောင်း အပ်နှံထားပါတယ်”လို့ ပြောပါတယ်။ 

မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့သူတွေဟာ‌ မုံးကိုးမြို့နယ်နေ မောင်လခမ်း (၂၃ နှစ်)၊ မောင်ခေါင်ဟောင်း (၂၉) နှစ်၊ မောင်လွမ်းချင်း (၃၃ နှစ်)၊ လားရှိုးမြို့နယ်နေ မောင်ဇော်ဆိုင်း (၂၅ နှစ်)နဲ့ မောင်အောင်မြင်အသက် (၂၅ နှစ်)တို့ ဖြစ်တယ်လို့လည်း သိရပါတယ်။ 

မူးယစ်ဆေးဝါး သယ်ဆောင်လာသူများကို  NUG အစိုးရရဲ့ တရားဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း ထီးချိုင်နယ်ပလဖ တာဝန်ရှိသူက ပြောပါတယ်။

6 hours Ago

ရန်ကုန်တွင် အထပ်မြင့်တိုက်ခန်းများအပေါ်အထိတက်ပြီး သူခိုးများသောင်းကျန်းနေ

ရန်ကုန်မြို့မှာ လျှပ်စစ်မီး အချိန်မှန်မရရှိတဲ့အပြင် အပူချိန်မြင့်မားနေလို့ ပြတင်းပေါက်တံခါးတွေ ဖွင့်အိပ်ကြတာကို အခွင့်ကောင်းယူပြီး အထပ်မြင့်အခန်းတွေအထိ ဖုန်း၊ ပိုက်ဆံ စတဲ့ အဖိုးတန်ပစ္စည်းတွေကို ဝင်ရောက်ခိုးယူတာနဲ့ သံပန်းတံခါး တပ်ဆင်ထားတာတွေကိုပါ ဖြုတ်ပြီး ခိုးယူတာတွေ ကြုံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်မှ ကိုယ်တိုင်ကြုံရသူတဦးက “မေလ ၆  ရက်နေ့ မနက် ၄ နာရီဝန်းကျင်က မီးပျက်နေတဲ့အချိန်မှာ တိုက် နှစ်တိုက်ကြားကနေ ဟိုဘက်နင်း ဒီဘက်နင်း နံရံကို ခြေကန်တက်လာပြီး ၇ လွှာ အပေါ်ဆုံးထပ်ထိကို ဝင်လာတယ်။ သူတို့ဝင်လာတာကို မသိအောင် အိပ်ငွေ့ချနည်းတခုခု သုံးတယ်လို့ ထင်တယ်။ ခေါင်းအုံးအောက်မှာထားတဲ့ ဖုန်း ၃ လုံး ဝင်ခိုးသွားတာ။ ရာသီဥတု ပူတယ်၊ မီးပျက်တယ်ဆိုပြီး ပြတင်းပေါက်တွေ ဖွင့်မအိပ်ကြဖို့” လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တာမွေမြို့နယ် ၅ လွှာမှာနေတဲ့ တိုက်ခန်းတခုအတွင်းကို တိုက် ၂ ခုကြားက ခြေကန်တက်လာပြီး ဝရန်တာကနေ ဝင်ခိုးမှု ဖြစ်ပွားခဲ့တယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

“အိပ်ငွေ့ချတာလားတော့မသိဘူး၊ အဲဒီနေ့က အိပ်ရာထ နောက်ကျသွားတယ်။ လင်မယား နှစ်ယောက်လုံး လုံးဝကို အိပ်ပျော်သွားတာ။ နိုးလာတော့ တအိမ်လုံး ရှုပ်ပွပြီး ပိုက်ဆံအိတ်မှန်သမျှ ပြန့်ကျဲနေတာ၊ ပိုက်ဆံတွေနဲ့ တက်ဘလက် ပါသွားတယ်။” 

ကိုယ်တိုင်ကြုံရတဲ့ အမျိုးသမီးနောက်တဦးကလည်း “ဖုန်းကို ခေါင်းအုံးအောက် ထားအိပ်တာတောင် အိမ်ပေါ်အထိ တက်ခိုးသွားတာ၊ မသိလိုက်ဘူး။ အိပ်ငွေ့ချခံလိုက်ရတယ် ထင်တယ်။ ဖုန်းတွေ၊ ပိုက်ဆံတွေ၊ ပါဝါဘန့်တွေ အကုန်ခိုးသွားတယ်” လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီလက်ထက် တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေချိန် ရန်ကုန်မြို့ကြီးမှာ ညဘက် မီးပျက်တဲ့အချိန်တွေကို ပစ်မှတ်ထားပြီး အုပ်စုဖွဲ့ ဖောက်ထွင်းမှုတွေ၊ လုယက်မှုတွေ၊ ဓားပြတိုက်မှုတွေ ပေါ်ပေါ်တင်တင် ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း ပြည်တွင်းက ဒုစရိုက်မှုတွေနဲ့ မလုံခြုံမှုတွေကို အရေးယူခြင်းမရှိဘဲ ပြည်သူတွေကြုံရတဲ့ မလုံခြုံမှုတွေကို လျစ်လျူရှုထားတာ ဖြစ်ပါတယ်။

9 hours Ago

May 12, 2023

ရွှေပေါက်ကံမြို့သစ်ရှိ လူနေလိုင်းခန်းတွင် ဗုံးပေါက်ကွဲပြီး လူငယ် ၁ ဦးသေ၊ ဒဏ်ရာရသူ ၁ ဦး ဖမ်းဆီးခံရ

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ ၁၃  ရပ်ကွက်၊ ကျောက်ဆည်လမ်းရှိ လူနေလိုင်ခန်းမှာ မေလ ၁၁ ရက် ညပိုင်းက ဗုံးပေါက်ကွဲပြီး လူငယ် အမျိုးသား တယောက် သေဆုံးသွားကာ ဒဏ်ရာရရှိတဲ့ တယောက်ကိုတော့ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

လိုင်းခန်းအတွင်း အမျိုးသားနှစ်ယောက် ငှားရမ်းနေထိုင်တဲ့ အခန်းမှာ မနေ့ည ၈ နာရီဝန်းကျင်က ဗုံးပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတစ်ဦးကပြောပါတယ်။

"အဲ့လိုင်းခန်းမှာ ဗုံးပေါက်တာ အသံအကျယ်ကြီး၊ လိုင်းခန်းကလူတွေလည်း အပြင်ကိုပြေးထွက်ကုန်တယ်။ စစ်တပ်နဲ့နီးတော့ စစ်တပ်က ကားနဲ့ရောက်လာတာ။ ဒဏ်ရာရတာတစ်ယောက်၊ သေတာတစ်ယောက်။ ခြေထောက်ထိတဲ့ကောင်လေးကို စစ်တပ်က ဖမ်းသွားတယ်။”

ဗုံးပေါက်ကွဲလို့ သေဆုံးသူမှာ ရန်နိုင်ဖြစ်ပြီး  ဒဏ်ရာနဲ့ ဖမ်းဆီးခံရသူကတော့  အောင်မြင့်မြတ်ဖြစ်တယ်လို့  အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

"ဗုံးပေါက်တာတော့မဟုတ်ဘူး။ လက်လုပ်မိုင်းကွဲတာဖြစ်မယ်။ မိတဲ့ကောင်လေးဆီမှာ သေနတ်နဲ့ ကျည်တွေ တွေ့တယ်လို့လည်း ပြောတယ်။   သေချာတော့ မသိသေးဘူး။”

ဒဏ်ရာရရှိတဲ့လူငယ်ကို စစ်ကောင်စီတပ်က မင်္ဂလာဒုံတပ်နယ်မှူးရုံးကို  ဖမ်းဆီးခေါ်ဆောင်သွားပြီး ပေါက်ကွဲမှုဖြစ်ခဲ့တဲ့  လိုင်းခန်းကို စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။ 

1 day Ago

သံဖြူဇရပ်-ရေးလမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပြီး ၅ ဦး ဒဏ်ရာရ

မွန်ပြည်နယ် သံဖြူဇရပ် - ရေး လမ်းမပေါ်မှာ မေ ၁၁ ရက် မနက် ၁၁ နာရီကျော်က ယာဉ်တိုက်မှုဖြစ်ခဲ့ပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့  ဒေသခံလူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ရန်ကုန်မှ ရေးဘက်သို့လာတဲ့ ကုန်ကားနဲ့ ထားဘက်ကနေ ရန်ကုန်ကိုသွားမယ် အိမ်စီးကားတို့ တိုက်မိခဲ့တာဖြစ်ပြီး အိမ်စီးကားပေါ်ပါ ခရီးသည် ၅ ဦး ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။

လူမှုကယ်ဆယ်ရေးသမားက “အိမ်စီးကားပေါ်မှာ ဘုန်းကြီး ၁ ပါးနဲ့ အမျိုးသား ၃ ယောက် အမျိုးသမီး ၁ ယောက် ပါတယ်။ ခရီးသည်အမျိုးသား ၁ ယောက်ကတော့ ပြင်းထန် ဒဏ်ရာ ရခဲ့တယ် လမိုင်းဆေးရုံကနေ မော်လမြိုင်ပြည်သူ့ဆေးရုံကိုအရေးပေါ်ပို့ရတယ်”လို့ ဆိုပါတယ်။

အိမ်စီးကားပေါ်က ဒဏ်ရာရ ခရီးသွားတွေဟာ ဘယ်မြို့နယ်ကလဲဆိုတာ မသိရသလို ဒဏ်ရာရတဲ့ သူကတော့ လမိုင်းပြည်သူ့ဆေးရုံမှာ ဆေးကုသနေတယ်လို့ သိရပါတယ်။

ရေး-သံဖြူဇရပ်ကားလမ်းမှာ ယာဥ်မဆင်ခြင်မောင်နှင်မှုတွေကြောင့် ယာဥ်တိုက်မှုတွေ မကြာခဏ ဖြစ်ပွားနေပြီး လူ သေဆုံး ထိခိုက်ဒဏ်ရာ ရတာလည်း ရှိပါတယ်။

1 day Ago

မြိတ်မြို့တွင် မီးလောင်မှုဖြစ်ပြီး တည်းခိုခန်းနှင့် နေအိမ်ပျက်စီး

တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ကန်ခေါင်းရပ်ကွက်၊ စကားဝါလမ်းမှာ မေလ ၁၁ ရက် က မီးလောင်မှုဖြစ်ပွားခဲ့လို့  တည်းခိုခန်းနဲ့ နေအိမ်တလုံး ပျက်စီးသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

မနေ့ ညနေ ၅ နာရီလောက်မှာ မီးကစတင်လောင်ကျွမ်းခဲ့ပြီး  ည ၇ နာရီမှာ မီးငြိမ်းသတ်နိုင်ခဲ့ကာ မီးကြွင်းကျန်ရှိနေသေးလို့ ည ၈ နာရီလောက်မှာ တစ်ခေါက်ပြန်သွားပြီး မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မီးသတ်ရာမှာ ကူညီပေးသူတစ်ဦးက “ဗဟိုမီးသတ်ဌာန၊ ရေပုန်း၊ မြိတ်တောင်၊ ထားဝယ်စုရပ်ကွက်က အရန်မီးသတ်ဌာနတွေက ပါဝင်မီးငြှိမ်းသတ်ခဲ့ကြပြီး၊  စကားဝါတည်းခိုခန်းနဲ့ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့တယ်”လို့ ပြောပါတယ်။

အဆိုပါမီးလောင်မှုရာမှာ ပိတ်မိနေတဲ့ကလေးတစ်ဦးကို ကယ်နိုင်ခဲ့ပြီး မြိတ်ဆေးရုံမှာ ဆေးကုသမှုခံနေရတယ်လို့ နာရေးကူညီမှုအသင်းသားတစ်ဦးက ပြောပါတယ်။

မျက်မြင်တွေ့ရှိသူတစ်ဦးက “အပြင်မှာ ရုတ်ရုတ်သဲသဲဖြစ်နေတာနဲ့ ထွက်ကြည့်တော့ မီးကစလောင်နေပြီ။ တဖြည်းဖြည်းနဲ့ မီးကပိုကြီးလာတယ်။ လောင်သွားတဲ့အိမ်တွေကလည်း သစ်အိမ်တွေချည်းပဲ”လို့ ပြောပါတယ်။

ဝိုင်ယာကြိုးရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားတာလို့ ဒေသခံတွေက ပြောပေမဲ့ မီးလောင်ရတဲ့ အကြောင်းအရင်းကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

မီးလောင်တဲ့ နေရာနဲ့ မြိတ်ဗဟိုမီးသတ်ဦးစီးဌာနက  မီတာ ၂၀၀ သာကွာဝေးပြီး မီးလောင်မှုကြောင့် သေဆုံးသူမရှိဘူးလို့လည်း ဒေသခံတွေထံမှ သိရပါတယ်။

မြိတ်မြို့မှာ ပြီးခဲ့တဲ့မတ်လအတွင်း အပူရှိန်မြင့်မားပြီး အမှိုက်ပုံကနေ မီးလောင်မှု ၃ ကြိမ်၊ လယ်ကွင်းကနေမီးလောင်မှု ၁ ကြိမ်၊ တောမီးလောင်မှု ၁ ကြိမ်၊ ပရိဘောဂအလုပ်ရုံမီးလောင်မှု ၁ ကြိမ် စုစုပေါင်း ၆ ကြိမ်ရှိခဲ့ပါတယ်။

1 day Ago
Up