မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၅၀၉ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၂,၂၁၁ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ မေ ၁၂ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၇,၉၁၈ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၅,၈၉၃ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၂ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၄ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၄,၂၉၃ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေ ၁၀ ရက် မနက် ၁၀ နာရီကနေ ညနေ ၅ နာရီလောက်အထိ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ညောင်ပင်သာကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် အဆိုပါစစ်အုပ်စု စစ်ကြောင်းက ညောင်ပင်သာကျေးရွာက အသက် ၁၈ နှစ်နဲ့အောက် ကလေး ၆ ယောက် အပါအဝင် အရပ်သား ၁၈ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး သူတို့ရဲ့ ရုပ်အလောင်းတွေကို စုပုံပြီးတော့ မီးရှို့ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့က အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးခံထားရတဲ့ ကလေး ပင်မသပိတ်အဖွဲ့ဝင် ၄ ယောက်ဖြစ်ကြတဲ့ ကိုသန်းစိုးဦး၊ မကျင်ဒိတ်ကင်၊ မနှင်းစံနဲ့ ကိုမျိုးကိုဝင်း တို့ကို ပြီးခဲ့တဲ့ မေ ၁၀ ရက်မှာ မြို့နယ်တရားရုံးကနေ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ သူတို့ ၄ ယောက်ကို ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်က စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်နေချိန် အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားခဲ့တာလို့ အေအေပီပီက ပြောပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။
မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ အကျပ်အတည်းတွေကြားမှာ အာဆီယံ အနေနဲ့ မြန်မာနဲ့ အရင်ကအတိုင်း ပြန်သွားလို့မရနိုင်တော့ဘူးလို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၄၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ရောက်ရှိနေချိန် မေ ၁၁ ရက် အလွတ်သဘော အစည်းအဝေးမှာ သတင်းထောက်တွေကို ခုလိုပြောလိုက်တာပါ။
“အခုပြောရရင် ကောင်းပြီ၊ ငါတို့ (မြန်မာ့အကျပ်အတည်းနဲ့ ပတ်သက်ပြီးတော့) ဒါကို မေ့ထားပြီး တခုမှ အမှားအယွင်း မရှိခဲ့သလို ပုံမှန်အတိုင်းပဲ ဆက်သွားလိုက်ရင် ဘာတိုးတက်မှုမှ မရှိသေးဘူးဆိုတာကို သက်သေပြဖို့ကလွဲလို့ ဘာအောင်မြင်မှုတွေ ရခဲ့သလဲ။”
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ အကြမ်းဖက် စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတာကို ဖြေရှင်းဖို့ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားခဲ့ပေမဲ့ မြန်မာစစ်အာဏာပိုင်တွေက ပူးပေါင်းဆောင်ရွက်မှု မရှိဘူးဆိုပြီး ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။
ဒါ့အပြင် အာဆီယံဥက္ကဋ္ဌတာဝန် ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံကိုလည်း မြန်မာစစ်အစိုးရရဲ့ ရက်စက်ယုတ်မာမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့၊ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဖိအားပေးမှုတွေလည်း တိုးလာနေတာပါ။
အခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌလည်းဖြစ်တဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုကတော့ “ကျနော် ပွင့်ပွင့်လင်းလင်း ပြောရပါမယ်။ (မြန်မာစစ်အုပ်စုအနေနဲ့) အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်-5PC ကို အကောင်အထည်ဖော်ရာမှာ သိသာထင်ရှားတဲ့ တိုးတက်မှု မရှိသေးပါဘူး။ ဒါကြောင့်မို့ အာဆီယံအနေနဲ့ နောက်အဆင့်တွေမှာ ဆုံးဖြတ်ဖို့ လိုအပ်တယ်” လို့ ပြောထားပါတယ်။
လတ်တလောမှာတော့ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဆီယံရဲ့ ဘယ်အစည်းအဝေးတွေမှာမှ တက်ခွင့်မပြုဖို့ အာဆီယံနိုင်ငံတွေက ဆုံးဖြတ်ထားကြတာဖြစ်ပြီး ဒီကာလတွေအတွင်း အာဆီယံအနေနဲ့ မြန်မာနိုင်ငံမှာ တပ်မတော်ခေါင်းဆောင်ပိုင်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အပါအဝင် နိုင်ငံရေးအရ ပါဝင်ပတ်သက်သူတွေအားလုံး တွေ့ဆုံညှိနှိုင်း အဖြေရှာနိုင်ရေးအတွက် ဆက်လက်ပြီးတော့ လုပ်ဆောင်ရမယ်လို့လည်း စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောပါတယ်။
“ဒါဟာ အရာရာ ပိုမိုကောင်းမွန်အောင် တွန်းအားပေးဖို့၊ နိုင်ငံရေးအရ ပါဝင်သက်ဆိုင်သူတွေ အချင်းချင်း ညှိနှိုင်းပြောဆိုဖို့၊ (ဒီပဋိပက္ခကာလတွေအတွင်း) ပြင်းပြင်းထန်ထန် ထိခိုက်ခံစားနေကြရတဲ့ ပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့” ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
“ဖြစ်နိုင်ရင် အကြမ်းဖက်မှု ရပ်စဲရေးကိုလည်း အားပေးတယ်။ ဒါက လုပ်ဆောင်ရတာ အရမ်းခက်ခဲပြီး အချိန်တော့ အတော်ကြာပါလိမ့်မယ်။”
ဒါ့အပြင် အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာနဲ့ ခုလို အလားတူအခြေအနေမျိုး ပြီးခဲ့တဲ့ ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းမှုတုန်းကလည်း ကြုံခဲ့ဖူးပြီး ရွေးကောက်ပွဲတွေကိုတော့ ၂၀၁၀ ပြည့်နှစ်မှာမှ ကံကောင်းထောက်မစွာ ကျင်းပနိုင်ခဲ့ကြောင်းလည်း မစ္စတာလီက ဆိုပါတယ်။
“ခုအချိန်က ဖြေရှင်းရလွယ်ကူမယ်လို့ ကျနော် မျှော်လင့်မထားဘူး။ နောက်ပြီး ကျနော်တို့ စိတ်ရှည်ရမယ်။ ဒါ့အပြင် မြန်မာနဲ့ အာဆီယံအတွက် အကောင်းဆုံးရလဒ်တွေ ရရှိနိုင်ဖို့ အတွက် တသမတ်တည်း တည်ငြိမ်မှုရှိတဲ့ မူဝါဒကို ထိန်းသိမ်းထားနိုင်ရမှာ ဖြစ်ပါတယ်။”
ဒါ့အပြင် မြန်မာနိုင်ငံအတွက် လတ်တလော ပဋိပက္ခတွေဟာ ပြည်တွင်းအခြေအနေတခုသာ ဖြစ်တယ်လို့လည်း သူကပြောလိုက်ပြီး “ဒါဟာ မတူညီတဲ့ အုပ်စုတွေကြားက အာဏာပြိုင်ဆိုင်မှုပါ။ သူတို့အတွက်ကတော့ သေခြင်းနဲ့ ရှင်ခြင်းပါပဲ။ အာဆီယံရဲ့ လွှမ်းမိုးမှုဟာ ကြီးမားမှာမဟုတ်ဘဲ သူတို့ရဲ့ အဓိက ထည့်သွင်းစဉ်းစားမှုလည်း မဟုတ်ပါဘူး။ ဒါကို ကျနော်တို့ နားလည်ဖို့ လိုအပ်ပါတယ်” လို့ ပြောပါတယ်။
ဩစတြေးလျနဲ့ နယူးဇီလန် နှစ်နိုင်ငံဆီ ခရီးထွက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းဟာ ခရီးစဉ်အတွင်း သက်ဆိုင်ရာနိုင်ငံအတွင်းက တရားဥပဒေတွေကို အသုံးပြုပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ကို အရေးယူနိုင်မယ့် လုပ်ငန်းစဉ်တွေ ပေါ်ထွက်လာနိုင်ဖို့ ကြိုးစားဆောင်ရွက်သွားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
NUG လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းဟာ ဩစတြေးလျနိုင်ငံကို မေလ ၁၀ ရက်က စတင်ရောက်ရှိလာပြီး မေလ ၁၁ ရက်နေ့မှာ သြစတြေးလျ လွှတ်တော်အတွင်း နိုင်ငံတကာဖွံ့ဖြိုးရေးဆိုင်ရာ တာဝန်ရှိသူတွေ၊ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ကြတာပါ။
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကော်မရှင်ကို ပူးတွဲတည်ထောင်သူ၊ သြစတြေးလျ လူ့အခွင့်အရေးဆိုင်ရာနှင့် ဥပဒေရေးရာပြုပြင်ပြောင်းလဲရေး မဟာမင်းကြီးဟောင်းလည်းဖြစ် လက်ရှိ ကုလသမဂ္ဂကော်မရှင်တခုရဲ့ မဟာမင်းကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်နေသူ ပါမောက္ခ ခရစ္စဆီဒေါ့တီကလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံ ကိုယ်စားလှယ်ရုံးမှာ ပြည်ထောင်စုဝန်ကြီးကို လာရောက်တွေ့ဆုံကာ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဆောင်ရွက်နေတ့ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေကို ဆွေးနွေးခဲ့ကြပါတယ်။
ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ဝန်ကြီး ဦးအောင်မျိုးမင်းက “ဒီခရီးစဉ်မှာ နှစ်နိုင်ငံ သွားပါမယ်။ အကြမ်းဖက်စစ်ကောင်စီကို ထိရောက်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ပိုတိုးတက်လာဖို့၊ စစ်ရေးအကူအညီ လုံးဝအထောက်အပံ့မပေးဖို့။ သူတို့နိုင်ငံတင်မကဘဲ သူတို့မဟာမိတ်နိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေကြားထဲမှာ ဒါနဲ့ပတ်သက်ပြီး ပိုမိုထိရောက်တဲ့လုပ်ဆောင်မှုတွေဖြစ်ဖို့ ကျနော်တို့ မျှော်လင့်တယ်။ ဒါ့အပြင် လူသားချင်းစာနာမှုအကူအညီတွေကို စစ်ကောင်စီနဲ့ပူးပေါင်းခြင်းမပြုဘဲ နယ်စပ်ဖြတ်ကျော်မှု၊ ဒါတွေကူညီပြီးတော့ ဖြစ်နိုင်တဲ့ ကြားထဲက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ လူသားချင်းစာနာမှုအကူအညီတွေ၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကြားထဲကို တကယ်ရောက်ရှိနိုင်ဖို့ ကူညီမှုတွေ ဖြစ်လာမယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ဖြစ်လာဖို့လည်း ကျနော် ကြိုးစားပါမယ်။ တချိန်တည်းမှာ အခုချိန်မှာ အာဆီယံကို မျှော်လင့်မှုတွေ၊ တာဝန်ပေးမှုတွေ ရှိတယ်။ ဒါပေမဲ့ အာဆီယံ တခုတည်းနဲ့ လုပ်လို့မရတာ အားလုံး ထင်ထင်ရှားရှားပါ။ အာဆီယံနဲ့အနီးစပ်ဆုံး ပစိဖိတ်မှာရှိနေတဲ့ ဩစတြေးလျနိုင်ငံ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့ သံတမန်ရေးအရ ရင်းနှီးမှုတွေ၊ ဆက်ဆံမှုတွေ ရှိနေတဲ့ ဒီနှစ်နိုင်ငံက သူတို့ရဲ့ အားကောင်းတဲ့ သံတမန်နည်းတွေကို အသုံးပြုပြီး အာဆီယံလည်း ဒီထက်ပိုရွေ့လာအောင်၊ အာဆီယံ တခုတည်းမကဘဲ ကမ္ဘာတခုလုံးကနေ ပူးပေါင်းပါဝင်တဲ့ အရေးယူဆောင်ရွက်မှုတွေ ဖြစ်လာမယ်။ သူတို့ကနေ ပူးပေါင်းဆောင်ရွက်မယ်။ လိုအပ်တဲ့နေရာမှာ ဦးဆောင်ပြီးလုပ်ဆောင်ဖို့ မျှော်လင့်ထားပါတယ်”လို့ပြောပါတယ်။
NUG လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းဟာ ဩစတြေးလျနိုင်ငံ ခရီးစဉ်အပြင် နယူးဇီလန်ကိုလည်း သွားရောက်မှာ ဖြစ်ပြီး နှစ်နိုင်ငံ ခရီးစဉ်အတွင်း Universal jurisdiction အရ နိုင်ငံအတွင်း တရားဥပဒေတွေအသုံးပြုပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ကို အရေးယူနိုင်မယ့် လုပ်ငန်းစဉ်တွေ ပေါ်ထွက်လာနိုင်ဖို့ ကြိုးစားဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
ဦးအောင်မျိုးမင်းက “ဩစတြေးလျနိုင်ငံပြီးရင် နယူးဇီလန်ကို ကျနော် သွားပါမယ်။ ဒီနိုင်ငံတွေမှာ ပေါ်လစီတွေ ပြောင်းဖို့တင်မကဘဲ ရက်စက်ယုတ်မာစွာ ရာဇဝတ်မှု ကျူးလွန်တဲ့ အကြမ်းဖက် စစ်အုပ်စုကို Universal Jurisdiction လို့ခေါ်တဲ့ နိုင်ငံတွင်းရဲ့ တရားဥပဒေကို သုံးပြီးတော့ အရေးယူနိုင်တဲ့ လုပ်ငန်းစဉ်တခု နှစ်နိုင်ငံလုံးမှာ ပေါ်ထွက်လာဖို့ ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ၊ အကြံပြုချက်တွေနဲ့ပတ်သက်ပြီး ပူးပေါင်းလုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေ ချမှတ်ဖို့ ဒီခရီးစဉ်ကို ကျင်းပတာ ဖြစ်ပါတယ်”လို့ပြောပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းရဲ့ ဒီခရီးစဉ်အတွင်း သြစတြေးလျတက္ကသိုလ်တွေမှာ လူထုနှီးနှောဖလှယ်ပွဲတွေ ကျင်းပသွားဖို့လည်း ရှိနေပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ခွန်းဗဟန်းထန်ကလည်း မြန်မာပြည်တွင်း လက်ရှိ ဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ ဘယ်လက်နက်ကိုင်အဖွဲ့ပဲ ဖြစ်ဖြစ် မှတ်တမ်းယူ စိစစ်စုံစမ်းနေပြီး မတရားခံခဲ့ရတဲ့ ပြည်သူတွေအတွက် တရားမျှတမှု ဖော်ဆောင်ပေးသွားမယ်လို့ ပြောပါတယ်။
“ဘယ်ဘက်ပဲဖြစ်ဖြစ် မတရားအသတ်ခံရတာတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်တဲ့ ဘယ်အဖွဲ့အစည်းမဆိုရော၊ ပြည်သူ့ကာကွယ်ရေးတပ်တွေကိုလည်း ပြည်သူ့အစိုးရ NUG က Code of Conduct (ကျင့်ဝတ်စည်းကမ်း) ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေတွေကို လိုက်နာဖို့ အတိအကျ ပြောထားပါတယ်။ ဒီလိုမျိုး ကျူးလွန်မှုရှိခဲ့တယ်ဆိုရင် လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ တနေ့ တချိန် တရားမျှတမှု ပြန်လည်ဖော်ဆောင်ရာမှာ ဘယ်သူပဲဖြစ်ဖြစ် ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှု ပြန်လည်ဖော်ဆောင်ပေးဖို့ ကျနော်တို့ရဲ့ တာဝန်ဖြစ်တယ်။ ဒီလိုအခြေအနေတွေနဲ့ပတ်သက်ပြီး ဘယ်ဘက်ကပဲ ကျူးလွန် ကျူးလွန်၊ လူ့အခွင့်အရေးဝန်ကြီးဌာနက သက်သေအထောက်အထားနဲ့ တကွ သေချာမှတ်တမ်းတင်ပြုစုထားတယ်။”
၇ ရက်မနက်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်မှာ စစ်ဘေးရှောင်တွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေပေးအပ်ဖို့သွားတဲ့ အာဆီယံလူသားချင်းစာနာ မှုအကူအညီပေးရေး စင်တာ(AHA)ရဲ့ ယာဉ်တန်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး အာဆီယံအစည်းအဝေးမတိုင်ခင် စစ်ကောင်စီက တမင်သက်သက် နိုင်ငံရေးအရ ထိုးနှက်ချက်တခုအနေနဲ့ လုပ်ကြံဖန်တီး စွပ်စွဲတာလို့ လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ခွန်းဗဟန်းထန်က ပြောပါတယ်။
“ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေ၊ NUG ကနေဖွဲ့စည်းထားတဲ့ ခုခံကာကွယ်ရေးတပ် PDF တွေလုပ်တယ်ဆိုပြီး စွပ်စွဲတာ ကျနော်တို့ တွေ့ရတယ်။ EROs တဖွဲ့ဖွဲ့က လုပ်တာလားဆိုတဲ့ပုံစံမျိုး သူတို့ စွပ်စွဲနေတာတွေ တွေ့ရတယ်။ တစ်အချက် ဒီဧရိယာထဲက အခုဖြစ်ပွားသွားတဲ့ နေရာက NUG ရဲ့ PDF တွေ လှုပ်ရှားတဲ့နေရာလည်း မဟုတ်သလို၊ လက်ရှိ စစ်ကောင်စီနဲ့ တိုက်နေတဲ့ EROs အဖွဲ့တွေ လှုပ်ရှားနေတဲ့ ဧရိယာလည်း မဟုတ်ဘူး။ ဒါကြောင့် အခုဖြစ်ပွားတဲ့နေရာက စစ်ကောင်စီနဲ့ PNO လို့ခေါ်တဲ့ ပအို့ဝ်အမျိုးသားကာကွယ်ရေးတပ်က ထိန်းချုပ်ထားတဲ့ ဧရိယာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ စွပ်စွဲထားတွေနဲ့ပတ်သက်ပြီး ကျနော့်အနေနဲ့ ရှင်းရှင်းလင်းလင်း ပြောချင်တာက ကျနော်တို့ဘက်က လုပ်တာ လုံးဝမဟုတ်ဘူးလို့ ပြောပြချင်တယ်။ ဒါက စစ်ကောင်စီက တမင်သက်သက် အာဆီယံအစည်းအဝေးမတိုင်ခင်မှာ နိုင်ငံရေးအရ ထိုးနှက်ချက်တခုအနေနဲ့ လုပ်ကြံဖန်တီး စွပ်စွဲတာလို့ ပြောချင်ပါတယ်။”
ဒီယာဉ်တန်းမှာ စစ်ကောင်စီလက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့အတူ AHA Centre မှကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံနဲ့ စင်ကာပူနိုင်ငံသံရုံးတွေက ကိုယ်စားလှယ်တွေ လိုက်ပါလာတာဖြစ်ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘဲ မော်တော်ယာဉ်တစ်စီးမှာ လက်နက်ငယ်ကျည်တချို့ထိမှန်ခဲ့ပါတယ်။
ABSDF စစ်ကြောင်း-၃ တပ်ရင်းအမှတ်-၁၂ ရှိ ရဲဘော်တွေအတွက် ရည်ရွယ်ပြီး တပ်တွင်းသတင်းလွှာတွေ စတင်ထုတ်ဝေခဲ့ပါတယ်။
သတင်းလွှာထုတ်ဝေချိန်ကာလ ၁ လတာကြာမြင့်နေပြီဖြစ်ပြီး A4 အညံ့စားတွေနဲ့ ကိုယ်ထူကိုယ်ထစနစ်နဲ့ ထုတ်လုပ်ထားတာပါ။
တပ်ရင်းမှာ အင်တာနက်သတင်းတွေ အချိန်နဲ့တပြေးညီ သိရှိဖို့ ခက်ခဲပြီး ရန်ပုံငွေအခက်အခဲနဲ့ အချိန်အခက်ခဲတွေကြောင့် ရေဒီယိုနဲ့ တီဗွီ ရုပ်သံသတင်းတွေကို ကြည့်ရှုဖို့ စီစဥ်ဆောင်ရွက်မပေးနိုင်တဲ့အချိန်မှာ သတင်းတွေနဲ့ မဝေးကွာဖို့ သတင်းစာအနေနဲ့ လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။
ABSDF အမှတ်-၃ စစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ရဲဘော်မင်းဌေး (ဗဟိုကော်မတီဝင်) က “နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ ရဲဘော်တွေဟာ ရှေ့ဆက်ပြီးတော့မှ နိုင်ငံရေးလုပ်ငန်းစဥ်မှာ ဆက်ပြီးလုပ်မယ်ဆို သတင်းတွေနဲ့ အဆက်မပြတ်ဖို့ လိုတယ်လို့ စိတ်ကူးမိပြီး သတင်းဆွေးနွေးပွဲ လုပ်ဆောင်ရင်း မလာနိုင်တဲ့ရဲဘော်တွေ ဖတ်နိုင်အောင် ရည်ရွယ်ပြီး ထုတ်တာဖြစ်တယ်” လို့ ပြောပါတယ်။
မြန်မာပြည်သတင်းတွေအကြောင်း တပတ်တကြိမ် ဆွေးနွေးပွဲလုပ်ပြီး ရှေ့တန်းမှာ တာဝန်ကျနေတဲ့ ရဲဘော်တွေ ဖတ်ရှုနိုင်ဖို့ မြန်မာပြည်အရေးနဲ့ ပတ်သက်တဲ့ အရာတွေကို သတင်းလွှာအနေနဲ့ ထုတ်ဝေပြီး ဖြန့်ဝေတာဖြစ်တယ်လို့လည်း သိရပါတယ်။
မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဖြတ်သန်းသွားလာနေကြတဲ့ ခရီးသွားပြည်သူတွေအနေနဲ့ အခု မေလ ၁၂ ရက်ကစပြီး ည ၈ နာရီကနေ မနက် ၅ နာရီအထိ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ကနေ သတိပေး ထုတ်ပြန်ထားပါတယ်။
အဆိုပါ ပြည်ထောင်စုကားလမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်က အရပ်သား ပြည်သူ့ကားတွေကို အသုံးပြုပြီး ရိက္ခာတင်ပို့လာတာရှိသလို ခရီးသည်တင်ကား၊ ကုန်ကားတွေကို အကာအကွယ်ယူပြီး ယာဉ်တန်းသွားလာနေတာတွေ ရှိနေတဲ့အတွက် အခုလို သတိပေး ထုတ်ပြန်ရတာဖြစ်တယ်လို့ ပြောပါတယ်။
မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူကတော့ “ပြည်သူကိုပြောချင်တာက ကျနော်တို့အနေနဲ့က မစ်ရှင်တခု လုပ်တဲ့အခါမှာ အရပ်သားပြည်သူ ထိခိုက်မှုမရှိအောင် လုပ်ဆောင်နေပါတယ်။ ဒါကြောင့် စကစယာဉ်တန်းနဲ့ ခပ်ကွာကွာ လိုက်ပေးပါလို့လည်း အသိပေးလိုပါတယ်” လို့ ပြောပါတယ်။
လက်ရှိ တနင်္သာရီမြို့နယ်အတွင်းမှာ စစ်ကောင်စီဘက်ကနေပြီး စစ်ကြောင်းထိုး တက်လာတာတွေ ရှိနေပေမဲ့လည်း နှစ်ဖက် ထိပ်တိုက်ထိတွေ့မှုတွေကတော့ မရှိသေးဘူးလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်ထောင်စုလမ်းမပေါ်က ဘန်းလမွတ်ကျေးရွာဘက်မှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အဲဒီယာဉ်တန်းနဲ့ ကပ်ပါလာတဲ့ ခရီးသည်ကား ၁ စီး မိုင်းစထိမှန်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြည်ထောင်စုကားလမ်းမကြီးပေါ်မှာ ဆက်လက်ဖြတ်သန်းသွားလာနေကြတဲ့ ခရီးသည်ကားတွေ အနေနဲ့လည်း အမိုးတာလပတ် အုပ်ပြီးတော့ ဖြတ်သန်းသွားလာတာတွေ မလုပ်ကြဖို့နဲ့ ကားမှန်ချပြီး မောင်းနှင်ပေးကြဖို့ကိုလည်း ပြည်သူ့ကာကွယ်ရေးဘက်ကနေ သတိပေးထားပါသေးတယ်။
အဆိုပါ သတိပေးတားမြစ်ထားတဲ့ကြားကနေ ဖြတ်သန်းသွားလာနေပါက ဖြစ်လာမယ့် ထိခိုက်ပျက်စီးမှုတွေကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ကနေ တာဝန်ယူမှာ မဟုတ်ကြောင်းနဲ့ နောက်ထပ် ကြေညာချက် မထုတ်ပြန်ခင်အထိ ပြောင်းလဲသတ်မှတ်သွားမှာ မဟုတ်ကြောင်းကိုလည်း သတိပေး ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့က စစ်ကောင်စီရဲ့ ဖမ်းဆီးခံထားရတဲ့ ကလေးပင်မသပိတ်အဖွဲ့ဝင် ၄ ဦးကို စစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါသပိတ်အဖွဲ့ဝင် ၄ ဦးကို မေ ၁၀ ရက် မနေ့က မြို့နယ်တရားရုံးမှာ အမိန့်ချခဲ့တာဖြစ်ပြီး ဆူပူဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကာ ပြည်သူတွေကို အကြမ်းဖက်လှုပ်ရှားမှုတွေမှာ ပါဝင်လာစေဖို့ လှုံ့ဆော်တာကြောင့် ၅၀၅(က) အရ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့တာလို့ စစ်ကောင်စီသတင်းတွေ အမြဲဖော်ပြနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားထားပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ မိသားစုဝင်တဦးက “၄ ယောက်လုံးနဲ့ တွေ့ခွင့်ရခဲ့တယ်။ ၄ ယောက်လုံးကို အချုပ်ကနေ ထောင်ထဲပို့လိုက်ပြီ။ ကျန်တဲ့အမှုတွေနဲ့ တရားစွဲဆိုတာတော့ မရှိပါဘူး” လို့ ပြောပါတယ်။
ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့က ကလေးပင်မသပိတ်အဖွဲ့ဝင် ကိုသန်းစိုးဦး၊ ကိုမျိုးကိုဝင်း၊ မနှင်းစံနဲ့ မကျင်ဒိတ်ကင်တို့ဟာ တော်လှန်သင်္ကြန်သပိတ် ပြုလုပ်စဉ် စစ်ကောင်စီပတ်ကင်းနဲ့ တွေ့ဆုံကာ ဖမ်းဆီးခံခဲ့ရတာပါ။
ကလေးမြို့ ပင်မသပိတ်ဟာ စစ်အာဏာသိမ်းပြီးချိန်ကစပြီး ပျက်ရက်မရှိ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြ တော်လှန်လာခဲ့ကြရာ ရက်ပေါင်း ၈၀၀ အထိ ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း စစ်ကောင်စီအခြေစိုက်တပ်ရင်း ခလရ ၁၀၆ မှာ မေ ၉ ရက်က ဘဲလုမုကျေးရွာအုပ်စုက ရွာလူကြီးတွေကို ဆင့်ခေါ်ပြီး ခြိမ်းခြောက်ပြောဆိုတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကိုယ့်ရွာမှာ လက်နက်ကိုင်အဖွဲ့စည်းတွေ တွေ့ရင်၊ သူစိမ်းတွေ ဝင်ရောက်လာရင်၊ ရွာထဲမှာရှိနေခဲ့ရင် စစ်တပ်ကို သတင်းပေးကြဖို့ ဖိအားပေး ခြိမ်းခြောက်ခံရတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။
အခုလို ခေါ်ယူသတိပေးထားပြီးမှ လိုက်နာခြင်းမရှိပါက နောက်ပိုင်း စစ်ဆင်ရေးမှာ လေယာဥ်နဲ့ တိုက်ခိုက်သွားမှာဖြစ်ပြီး ထိခိုက်နစ်နာမှာက ရွာတွေသာဖြစ်ကြောင်း စစ်ကောင်စီဘက်က ပြောဆိုတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဘက်က အခုလို ခေါ်ယူသတိပေး ပြောဆိုအပြီး ၂၄ နာရီအတွင်းမှာ ရေးမြောက်ပိုင်းဘက် နေရာတွေကို လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဝါပသဲ စာသင်ကျောင်းကိုထိပြီး ပျက်စီးသွားကာ လူတွေတော့ ထိခိုက်မှုမရှိဘဲ တညလုံး လေယာဥ်တွေ ဝဲပျံနေတာ စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေးမြောက်ပိုင်း PDF မှ တာဝန်ရှိသူတယောက်က “စစ်ကောင်စီဘက်က မေ ၁၀ ရက် ည ၁၀ နာရီ ၃၃ မိနစ်မှာ ရေးမြောက်ပိုင်းက PDF စခန်းနေရာတခုကို လေယာဥ်နဲ့ ဗုံး ၁ လုံး လာကြဲသွားတယ်။ ညဘက် မိုးကလည်းရွာတော့ ဘာမှမသိရဘူး။ အခု ညတွင်းချင်း ရွှေ့ပြောင်းနေရတယ်။ လေယာဥ်က ပတ်ဝဲပြီး ပျံနေတုန်းပဲ” လို့ ပြောပါတယ်။
အခုလို စစ်ကောင်စီတပ်ဘက်က လေယာဥ်နဲ့တိုက်ခိုက်နေတာ PDF တွေရဲ့ အခြေစိုက်စခန်းတွေကို မြေပြင်က သတင်းပေးတွေကြောင့် ဖြစ်နိုင်သလို အခု စစ်ကောင်စီက PDF ရဲဘော်တွေ ဖုန်းဆက်သွယ်ပြောဆိုတဲ့ နေရာကနေ ကြားဖြတ်ခြေရာခံလိုက်ပြီး စခန်းရဲ့ တည်နေရာ မြေပုံအညွှန်းတွေကို ရရှိသွားပြီး တိုက်ခိုက်နေတာလို့ စစ်ရေးလေ့လာသူတွေရဲ့ အဆိုအရ သိရပါတယ်။
ရေးမြို့နယ်မြောက်ပိုင်း ဘဲလမုကျေးရွာအုပ်စုရှိ ချောင်း ၂ ခွရွာနဲ့ ဝါပသဲရွာကို စစ်ကောင်စီတပ်က မေ ၈ ရက် မနက် ၁၁ နာရီ ၃၅ မိနစ်က လေယာဥ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား အမျိုးသမီးတယောက် သေဆုံးပြီး လူနေအိမ် ၁ လုံး မီးလောင်ပြာကျခဲ့သလို အမျိုးသမီးတယောက်လည်း ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ကာ ရွာသားတွေ လွတ်မယ့်နေရာ ဗုံးခိုကျင်းတွေဘက်ကို အကုန်လုံး ပြေးပုန်းရတယ်လို့ သိရပါတယ်။
မေ ၇ ရက် ည ၁၁ နာရီ ၅၀ မိနစ်ကလည်း ရေးမြောက်ပိုင်း ကျားဖြူတပ်ခွဲ ၁ စစ်ကြောင်း အခြေစိုက်စခန်းတခုကို လေယာဥ်နဲ့ တိုက်ခိုက်ခံရလို့ PDF ရဲဘော် ၃ ယောက် ကျဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ မေလ ၁၀ ရက် ညပိုင်းက ကန်ဒေါင့်နယ်မြေရဲစခန်း စီးနင်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၁၀ ယောက်လောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး PDF ရဲဘော် ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့-CGF ကနေ သိရပါတယ်။
CGF တာဝန်ခံ ဗိုလ်ဘကွန်းက “ပုလဲမြို့နယ် ကန်ဒေါင့်ရဲစခန်းကို မနေ့ မေလ ၁၀ ရက် ည ၈ နာရီ ၄၅ မိနစ်လောက်မှာ ကျနော်တို့ CGF၊ ချောက်မြို့နယ်ပကဖ အပါအဝင် ဒေသကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ အင်အားများများနဲ့ စီးနင်းတိုက်ခိုက်ခဲ့တာ” လို့ ပြောပါတယ်။
နှစ်ဖက် အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားကာ ည ၁၂ နာရီနီးပါးလောက်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
“တိုက်တုန်းကတော့ ကျနော်တို့ မဟာမိတ်တွေ အင်အားများများနဲ့ တပ်ရင်းတွေေရာ၊ Local PDF တွေရော၊ ပကဖတွေရော ပေါင်းပြီး စခန်းသိမ်းဖို့ တိုက်ခိုက်ခဲ့ပေမဲ့ ကျနော်တို့ မသိမ်းနိုင်ခဲ့ဘူး။ ဘာလို့မသိမ်းနိုင်တာလဲဆိုတော့ ဝင်လမ်းကလည်း ကျဥ်းတယ်ဗျ။ ကန်ဒေါင့်ရဲစခန်းနားမှာ တိုက်ကြီးတွေရှိတယ်။ ဒီကောင်တွေက အဲဒီတိုက်ကြီး ၂ လုံးပေါ်ကနေ နေရာကို ကြိုယူထားပြီး အဲဒီအပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ကြတာ” လို့ ဗိုလ်ဘကွန်းက ပြောပါတယ်။
စခန်းသိမ်းခါနီးစဲစဲမှာ မသိမ်းနိုင်ခဲ့ဘဲ ပြန်လည်ဆုတ်ခွာလာချိန် ကာကွယ်ရေးရဲဘော်တွေနားကို လက်နက်ကြီးကျည်တလုံး ကျရောက်ပေါက်ကွဲပြီး CGF ရဲဘော် ကျောက်ဆူးရဲ့ ဘယ်ဘက်ခြေထောက်မှာ ၄၀ မမ ကျည်ထိမှန်ဒဏ်ရာ ရရှိကာ မဟာမိတ်ရဲဘော် ၅ ယောက် ဒဏ်ရာရရှိပြီး ၁ ယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်လို့ ပြောပါတယ်။
အဲဒီကန်ဒေါင့်နယ်မြေရဲစခန်းကို အရင်ကလည်း ညီနောင်မဟာမိတ်တွေနဲ့ပူးပေါင်းပြီး ၂ ရက်ဆက်တိုက် ၂ ခါ သွားရောက်တိုက်ခိုက်ခဲ့ဖူးသေးတယ်လို့ ဆိုပါတယ်။
ပုလဲမြို့နယ်မှာပဲ စစ်ကောင်စီတပ်စွဲထားတဲ့ ခြေကုပ်စခန်းတခုကို Chindwin Toe Na Yar PDF နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။
ယင်းမာပင်ခရိုင်၊ ပုလဲမြို့ပေါ်က စစ်ကောင်စီအင်အား ၁၀၀ လောက်နဲ့ အခြေချ တပ်စွဲထားတဲ့ ခြေကုပ်စခန်းတခုကို မေ ၁၀ ရက် ညက စစ်ကောင်စီစခန်းရဲ့ မြောက်ဘက် မီတာ ၂၀၀ ခန့်ကနေ လက်နက်ကြီးတွေနဲ့ ကနဦး ပစ်ခတ်ခဲ့ပြီး လက်နက်ငယ်တွေနဲ့ ထပ်မံပစ်ခတ်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အသေအပျောက် များနိုင်တယ်လို့ Chindwin Toe Na Yar PDF တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။
“ကျနော်တို့ ည ၇ နာရီ ၄၅ လောက်ကစပြီး သွားတိုက်တာပါ။ အဓိကကတော့ ကန့်ထောက်ပြည်သူ့ကာကွယ်ရေးစခန်းကို တိုက်ဖို့ ပုလဲမြို့ပေါ်က စစ်ကူမလာနိုင်အောင် ကျနော်တို့က ဦးအောင်တိုက်တာပါ။ ကန့်ထောက်စခန်းကိုလည်း ဒီကောင်တွေ မသိမ်းလိုက်နိုင်ပါဘူး။ အတွင်းသတင်းအရတော့ ဒီကောင်တွေဆီက ၉ ယောက်လောက် သေတယ်ကြားပါတယ်။ ကျနော်တို့အနေနဲ့ လက်နက်ခဲယမ်းဝယ်ယူဖို့ တပ်ရန်ပုံငွေလည်း လိုအပ်နေလို့ ထောက်ပံ့ပေးစေလိုပါတယ်ဗျ။”
လက်နက်ကြီးပစ်ခတ်မှုအပြီးမှာ နှစ်ဖက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က ၉ ယောက်ခန့် သေဆုံးနိုင်တယ်လို့ ပြောဆိုထားပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေ ပြန်ဆုတ်လာချိန်မှာတော့ လက်နက်ငယ်တွေနဲ့ ကျေးရွာတွေဘက်ကို ရမ်းသန်းပစ်ခတ်တာမျိုးတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါပစ်ခတ်မှုတွေကို Chindwin Toe Na Yar PDF၊ ကျောင်းသားသမဂ္ဂများအဖွဲ့၊ Real Hero၊ ပုလဲဂျော်ကာ၊ မုဆိုးလေး၊ သခင်ဒေါင်းညို တပ်ဖွဲ့တွေနဲ့ တခြား ညီနောင်မဟာမိတ် တပ်ဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက် အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေ ၂ ရက်ကလည်း Chindwin Toe Na Yar တပ်ဖွဲ့နဲ့ ပူးပေါင်းတပ်တွေက ပုလဲမြို့၊ ဇီးဖြူကုန်း ပျူကျေးရွာကို သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးတာတွေ ရှိခဲ့ပါသေးတယ်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မူးတိမ်ချောင်းတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ မေ ၁၀ ရက် နေ့လယ် ၁ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂ ဦးသေဆုံးကာ သေနတ်တချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ခင်ဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဟာ တပ်စွဲထားရာ နေရာကနေ ခင်ဦး-ရေဦး ကားလမ်းပေါ် ရောက်ရှိလာစဉ် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ခင်ဦးဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
“သူတို့ဘက်က ကျနော်တို့ပိုင်တဲ့ နယ်မြေဘက်ကို ကင်းပုန်းတိုးဝပ်တဲ့ သဘော ထင်တယ်ဗျ။ အဲဒါကို ကိုယ့်ဘက်က အရင်ကင်းပုန်းထားတာဆိုတော့ လက်ဦးမှုရယူပြီး ပစ်ခတ်နိုင်ခဲ့တာပါဗျ။ စစ်သား ၂ ယောက်ကတော့ နေရာတင် သေဆုံးသွားတယ်။ လက်နက်တွေလည်း ကျနော်တို့ဘက်က ရလိုက်တယ်။ အမျိုးအစားတွေကတော့ MA 1 ၁ လက်၊ AK 47 ၁ လက်၊ 5.56 ကျည် ၁၅ တောင့်၊ ကျည်ဘောက် ၃ ဘောက် ရခဲ့တယ်။ ပစ္စည်းတွေကိုတော့ မြို့နယ်ပကဖအဖွဲ့က သိမ်းဆည်းသွားတယ်။”
ဒီနောက် မူးတိမ်ချောင်းတံတားက စစ်ကောင်စီတပ်သားတွေဟာ ဂွေးကုန်းရွာဘက်ကို အင်အားအလုံးအရင်းနဲ့ အလောင်းရှာဖွေတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုကို ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ နယ်မြေခံ ကာကွယ်ရေးအဖွဲ့ (LDF) တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ပြည်သူကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ခင်ဦးမြို့နယ်မှာ ပြီးခဲ့တဲ့ မတ် ၃ ရက်ကလည်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ နယ်ထိန်းခေါင်းဆောင် ၁ ယောက်ကို ပစ်သတ်ခဲ့ပြီး G3 သေနတ် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းစသိမ်းခဲ့တဲ့ ၂ နှစ်ကျော်ကာလကတည်းက အာဆီယံနဲ့ သဘောတူညီထားခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ပါ ငြိမ်းချမ်းရေးအစီအစဉ်ကို မြန်မာစစ်ကောင်စီက ပြီးမြောက်အောင် အကောင်အထည်မဖော်နိုင်ခဲ့ဘူးလို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောလိုက်ပါတယ်။
အခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌလည်းဖြစ်တဲ့ ဂျိုကို ဝီဒိုဒိုက လတ်တလော အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ အာဆီယံ ထိပ်သီးအစည်းအဝေး ဒုတိယမြောက်နေ့မှာ ခုလိုပြောလိုက်တာပါ။
“ကျနော် ပွင့်ပွင့်လင်းလင်း ပြောရပါမယ်။ (မြန်မာစစ်အုပ်စုအနေနဲ့) အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်-5PC ကို အကောင်အထည်ဖော်ရာမှာ သိသာထင်ရှားတဲ့ တိုးတက်မှု မရှိသေးပါဘူး။ ဒါကြောင့်မို့ အာဆီယံအနေနဲ့ နောက်အဆင့်တွေမှာ ဆုံးဖြတ်ဖို့ လိုအပ်တယ်။”
မြန်မာနိုင်ငံ အကျပ်အတည်းကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ် ဆိုတာကို ဆုံးဖြတ်ဖို့ အာဆီယံအစုအဖွဲ့က စည်းလုံးညီညွတ်မှုကို ပြသရမယ်လို့ လည်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားလိုက်ပါတယ်။
အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးဟာ အာဆီယံပြည်သူတွေ စောင့်မျှော်နေတဲ့ အရာတွေထဲက တခုဖြစ်တာမို့လို့ မြန်မာနိုင်ငံ အရေးကိစ္စဟာ အာဆီယံ အသိုက်အဝန်း တည်ဆောက်ရေး အရှိန်အဟုန်ကို အဟန့်အတား မဖြစ်စေချင်ကြောင်းလည်း သူက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက ပြင်းထန်တဲ့ အကြမ်းဖက်မှုတွေ အရှိန်လျော့သွားစေမယ့် နည်းလမ်းကို အစီအစဉ်ရေးဆွဲဖို့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံကို သမ္မတ ဝီဒိုဒိုက တောင်းဆိုလိုက်ပါတယ်။
“အာဆီယံဥက္ကဋ္ဌ အနေနဲ့ အင်ဒိုနီးရှားနိုင်ငံဟာ အချက် ၅ ချက်ပါ သဘောတူညီချက်ကို အကောင်အထည် ဖော်ရာမှာ တိုးတက်မှုရရှိအောင် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်နေပြီး ပါဝင်ပတ်သက်တဲ့ ဘက်အသီးသီးနဲ့ ထိတွေ့ဆက်ဆံမှုတွေကတဆင့် အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စဉ်ဆက်မပြတ် တိုက်တွန်းခဲ့တယ်” လို့ အာဆီယံဥက္ကဋ္ဌက ပြောပါတယ်။
အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့နဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအတွက် အာဆီယံညှိနှိုင်းရေးစင်တာဖြစ်တဲ့ AHA Center နဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးတဲ့လုပ်ငန်းတွေမှာ ကူညီဆောင်ရွက်ပေးကြောင်းလည်း ဆိုပါတယ်။
၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ပင်လယ်အပန်းဖြေ စခန်းရှိရာ လာဘူအန်ဘာဂျိုမြို့မှာ ပြီးခဲ့တဲ့ မေ ၁၀ ရက်မနက်ပိုင်းက စတင်ကာ ကျင်းပနေတာ ဖြစ်ပါတယ်။
ဒီအစည်းအဝေးကိုတော့ အာဆီယံဒေသတွင်းနိုင်ငံတွေက ခေါင်းဆောင်တွေ ပါဝင်တက်ရောက်ခဲ့ကြပေမဲ့ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ ဖိတ်ကြားမခံရတဲ့အတွက် တက်ရောက်ခွင့် မရခဲ့ပါဘူး။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျပ်အတည်းတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ပေါ်ပေါက်နေတာကို ဖြေရှင်းဖို့ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားခဲ့ပေမဲ့ မြန်မာစစ်အာဏာပိုင်တွေက ပူးပေါင်းဆောင်ရွက်မှု မရှိဘူးဆိုပြီး ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။
ဒါ့အပြင် အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံကိုလည်း မြန်မာစစ်အစိုးရရဲ့ ရက်စက်ယုတ်မာမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဖိအားပေးမှုတွေလည်း တိုးလာနေတာပါ။
အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ကောင်ကင်မ်ဟောင်ကတော့ ဒီထိပ်သီးအစည်းအဝေးမှာ အကြမ်းဖက်မှု အဆုံးသတ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်ဆွေးနွေးမှုတွေ ပါဝင်တဲ့ အစီအစဉ်ဟာ စစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံမှုအတွက် အခြေခံအုတ်မြစ်အနေနဲ့ ဆက်လက်တည်ရှိနေဦးမယ်လို့ ရိုက်တာသတင်းကို ဖြေကြားခဲ့ ပါတယ်။
“အာဆီယံဘက်ခြမ်းက မြန်မာနိုင်ငံကို ကူညီဖို့ ဆန္ဒပြင်းပြပေမဲ့ လွယ်တော့ မလွယ်ပါဘူး။ ရောမကို တညတည်းနဲ့ မတည်ဆောက်နိုင်သလိုပဲပေါ့။ ကျနော်တို့ လုပ်သင့်တာက အကြမ်းဖက်မှုတွေ ပပျောက်အောင်လုပ်ဖို့ပါပဲ။ အဲဒါက အဓိကအချက်ပါ။”
မြန်မာနိုင်ငံမှာတော့ စစ်တပ်က မတရားအာဏာသိမ်းမှုအပြီး အမေရိကန်နဲ့ ဗြိတိန် အပါအဝင် နိုင်ငံအများအပြားက ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားသလို အာဏာသိမ်းပြီးနောက် ပြည်တွင်း မငြိမ်မသက်မှုတွေကြောင့် အရပ်သားရာထောင်ချီ သေဆုံးပြီး ဒေသခံပြည်သူ သိန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။
ကချင်ပြည်နယ်၊ မိုးကောင်းမြို့ အထွေထွေအုပ်ချုပ်ရေးရုံးအနီးမှာ မေ ၁၀ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ် အထိုင်ကင်းရှိရာ နတ်ကြီးကုန်းရပ်ကွက်က အစိုးရရုံးတွေရှိတဲ့ နေရာအနီးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ဒေသခံ အမျိုးသားတဦးက “ည ၇ နာရီကျော်လောက် ဗုံးပေါက်တာ။ နတ်ကြီးကုန်းရပ်ကွက်က ဥပဒေရုံး၊ ရဲစခန်း၊ ထွေအုပ်ရုံးတွေအနီးမှာ ပေါက်ကွဲမှုဖြစ်တာ။ စစ်တပ်က ထွေအုပ်ရုံးထဲမှာ အထိုင်ကင်းရှိတယ်။ ထိခိုက်သေဆုံး ရှိ၊ မရှိတော့ တိတိကျကျ မသိရသေးဘူး။ အဲဒီအနီးနားမှာ စစ်တပ်နဲ့ ရဲက လမ်းပိတ်စစ်နေတယ်” လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားအပြီး စစ်ကောင်စီတပ်က အခင်းဖြစ်ရာ အနီးတဝိုက်နဲ့ မြို့တွင်းမှာ အစစ်အဆေး တင်းကျပ်နေပါတယ်။
မိုးကောင်းမြို့နယ်မှာ ၂၀၂၂ ခုနှစ် ဇူလိုင် ၁ ရက်က မြို့နယ်စည်ပင်ရုံးကို လူငယ်တဦးပေးခဲ့တဲ့ ကြက်ပေါင်းခေါက်ဆွဲချိုင့်အတွင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဇူလိုင် ၁၀ ရက်ကလည်း စည်ပင်သာယာဈေးအနီးမှာ စစ်(--)၊ ရဲ(--)လို့ ရေးထားတဲ့ အလံကို ခြေထောက်နဲ့ပြေးကန်တဲ့ နယ်ထိန်းရဲတပ်ကြပ်တဦး ဗုံးပေါက်ကွဲပြီး သေဆုံးခဲ့ပါတယ်။
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ၈၆လမ်း (၂၁×၂၂) လမ်းကြားရှိ အောင်မြေသာစံမြို့နယ် သမဝါယမဦးစီးဌာနရှေ့ရှိ ကားတစီးပေါ်မှာ မေ ၁၀ ရက်က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
မနက် ၁၁ နာရီခွဲလောက်က သမဝါယမရုံးရှေ့ ရပ်ထားတဲ့ အဖြူရောင် ဆူဇူကီး ဟိုက်ဂျက်ကား နောက်ခန်းကို ဆိုင်ကယ်တစီးပေါ်ကနေ လက်ပစ်ဗုံးနဲ့ ပစ်ပေါက်ခဲ့တာပါ။
မန္တလေးမြို့ခံတဦးက “၈၆ လမ်း သမဝါယမရုံးအရှေ့နားမှာ ဖြစ်တာ၊ ဦးစီးမှူးကားပေါ် ပေါက်ကွဲတာလို့ ပြောတယ်။ မြင်ရသလောက်တော့ ဗုံးစံတွေက ကားနောက်ဘီးနဲ့ အကာတော့ ထိထားတယ်။ ၁၁ နာရီခွဲ ကျော်ကျော်ကလေးပဲ၊ လမ်းတော့ ခဏပိတ်ထားကြတယ်” လို့ ပြောပါတယ်။
လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် ကားညာဘက်ခြမ်း၊ နောက်ဘီးတာယာနဲ့ လေကာမှန် ထိမှန်ပျက်စီးသွားပြီး အဆိုပါကားဟာ သမဝါယမဦးစီးမှူးရဲ့ကား ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဆူဇူကီးကားပေါ်ကို အမျိုးသား ၂ ဦးက တရုတ်ကြိုးဆွဲလက်ပစ်ဗုံးနဲ့ လာရောက်ပစ်ပေါက်တာလို့ ဖော်ပြထားပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားပြီးချိန် အောင်မြေသာစံရဲစခန်းက လာရောက်စစ်ဆေးသွားတယ်လို့ သိရပြီး လက်ပစ်ဗုံး ပေါက်ကွဲမှုကြောင့် လူထိခိုက်သေဆုံးမှု မရှိဘူးလို့ သိရပါတယ်။