စိုက်ပျိုးရေးလုပ်ငန်းကို ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နိုင်မယ်ဆိုပါက နိုင်ငံ့စီးပွားရေး တစ်ဟုန်ထိုး တိုးတက်သွားနိုင်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
မေလ ၁၀ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ နဝရတ်ခန်းမမှာ ကျင်းပတဲ့ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအစည်းအဝေးမှာ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်က မိုးစပါး တစ်ဧကလျှင်ပျမ်းမျှ ၇၂ ဒသမ ၆၄ တင်း လောက်ထွက်ရှိကြောင်း၊ စိုက်ပျိုးဖို့ကျန်တဲ့ စိုက်ပျိုးမြေတွေမှာ ဧက ၄ သန်းလောက်ကို သီးထပ် စိုက်ပျိုးပြီး တစ်ဧကအထွက်နှုန်း ၇၂ ဒသမ ၆၄ တင်းနဲ့ တွက်ချက်မယ်ဆိုရင် ၂၈၉ ဒသမ ၅၄ တင်းသန်း ထွက်ရှိမယ်၊ တစ်တင်း လျှင် ၁၀၀၀၀ နှုန်းနဲ့ တွက် ချက်ကြည့်မယ်ဆိုရင် စပါးတင်းသန်း ၂၉၀ အတွက် ဘီလီယံ ၂၉၀၀ ရရှိပြီး တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်လာမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
စစ်ခေါင်းဆောင်က စပါးအထွက်နှုန်းကို စိတ်ကူးယဉ်တွက်ချက်ပြနေပေမဲ့ လက်တွေ့ မြေပြင်မှာတော့ စပါးအထွက်နှုန်းမကောင်းဘူးလို့ တောင်သူလယ်သမားတွေက ဒီဗွီဘီကို ပြောပါတယ်။
ပဲခူးတိုင်းက စပါးစိုက် တောင်သူတဦးကတော့ “အထွက်နှုန်းမကောင်းပါဘူး။ မိုးစပါးတုန်းကအထွက် နှုန်းလျော့တယ်လေ။ ရာသီဥတုကလည်းမမှန်၊ ရေကလည်း မရဘူး။ ပြီးတော့ မြေသြဇာတွေက စျေးမြင့်တော့ လိုသလောက် မပက်နိုင်ဘူး။ မြေသြဇာမနိုင်တော့ အထွက်လည်း ကျတယ်။ စိုက်စရိတ် ကုန်ကျစရိတ်နဲ့ ဖြစ်နေတဲ့ စပါးစျေးနဲ့ တွက်ခြေသိပ်မကိုက်ဘူး” လို့ ပြောပါတယ်။
စပါးစျေးမကောင်းချိန်မှာ စိုက်ပျိုးရေးသွင်းအားစုစျေးတွေ အဆမတန်ကြီးမြင့်နေလို့ အပြည့်အဝ ထည့်သွင်းနိုင်ခြင်းမရှိတာကြောင့် မိုးစပါးအထွက်နှုန်း လျော့ကျခဲ့တယ်လို့လည်း ဧရာ၀တီတိုင်းက လယ်သမားတဦးက ပြောပါတယ်။
၂၀၁၉ ခုနှစ်သန်းခေါင်စာရင်းအရ မြန်မာလူဦးရေရဲ့ ၄၅ ရာခိုင်နှုန်းလောက်ဟာ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေနဲ့ နှီးနွယ်နေသူတွေဖြစ်လို့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေကို ဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် ကျေးလက်နေပြည်သူတွေရဲ့ တွေ ထူးခြားစွာ တိုးတက်ပြောင်းလဲလာမယ်လို့ သုံးသပ်တွေ့ရှိရတယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။
လက်တွေ့မှာတော့ ကျေးလက်နေပြည်သူတွေ အထူးသဖြင့် စစ်ကိုင်းတိုင်းက ပြည်သူတွေပိုင်ဆိုင်တဲ့ နေအိမ်တွေ၊ အသက်မွေးဝမ်းကြောင်း စီးပွားရေးလုပ်ငန်းတွေနဲ့ သိုလှောင်ထားတဲ့ ဆန် စပါးတွေကို စစ်ကောင်စီတပ်တွေက အကြမ်းဖက် မီးရှို့ဖျက်ဆီးနေတာဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ကတော့ နိုင်ငံ့စီးပွားမြှင့်တင်ရေးဖို့အတွက် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်သွားမယ်၊ ရေခံမြေခံကောင်းတဲ့ နိုင်ငံအနေနဲ့ စိုက်ပျိုးရေးလုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်နိုင်မယ်၊ စိုက်ပျိုး ရေးထုတ်ကုန်ကို အရင်ကထက် ပိုမိုထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်ပသို့ပို့ကုန်တွေ ပိုမိုတင်ပို့နိုင်မှာဖြစ်ပြီး နိုင်ငံခြားဝင်ငွေ တိုးတက်လာကာ နိုင်ငံ့စီးပွား ပိုမိုတိုးတက်လာမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး မတည်ငြိမ်မှု ပြဿနာတွေကြောင့် မြန်မာ့စီးပွားရေး (ဂျီဒီပီ)က အနုတ် ၁၈ အထိ ရောက်ရှိခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ မြန်မာ့စီးပွားရေးအပေါ် စောင့်ကြည့်လေ့လာတဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ စီးပွားရေးမရေရာမှုတွေ၊ ပဋိပက္ခတွေနဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေနိုင်တာကြောင့် ကာလတိုအနေနဲ့ မြန်မာ့စီးပွားရေးဟာ ပြန်လည်သက်ဝင်လာဖို့က နှေးကွေးနေဆဲ ရှိနေမယ့်အပြင် ၂၀၂၃ ခုနှစ် အလွန်မှာလည်း မသေချာ မရေရာမှု အခြေအနေတွေနဲ့ ဆက်လက်မြင့်တက်နေဦးမယ်လို့ ကမ္ဘာ့ဘဏ်က သတိပေးထားပါတယ်။
အာဆီယံဒေသတွင်းနိုင်ငံတွေထဲမှာ မြန်မာက စီးပွားရေးတိုးတက်မှုနှုန်း အနိမ့်ဆုံးဖြစ်လာ နိုင်တယ်လို့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) က ခန့် မှန်းထားပါတယ်။
Photo-DSINFO
ဖြစ်ပေါ်လာနိုင်တဲ့ ဆိုက်ကလုန်းမုန်တိုင်းရဲ့အရှိန်ကြောင့် လေပြင်းတိုက်ခတ်တာ မိုးကြီးတာ ရုတ်တရက်ရေကြီးတာတို့ ဖြစ်ပေါ်နိုင်လို့ သိုလှောင်ထားတဲ့ ကောက်ပဲသီးနှံတွေ ထိခိုက် ပျက်စီး ဆုံးရှုံးမှု မဖြစ်စေရေး လိုအပ်တဲ့ အကာအကွယ် အစီအမံတွေ ကြိုတင်ပြင်ဆင်ထားကြဖို့ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနဲ့ နှမ်းကုန်သည်များအသင်းက သတိပေးစာ ထုတ်ပြန်ထားပါတယ်။
မေလ ၉ ရက်နေ့ နောက်ပိုင်း မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းရိုးတန်း၊ ရန်ကုန်၊ မွန်၊ ကရင်၊ တနင်္သာရီ ဒေသတွေကို တနာရီလေတိုက်နှုန်း မိုင် (၉၀ မှ ၁၂၀) အထိ ပြင်းအားရှိတဲ့ လေမုန်တိုင်း ဝင်ရောက်လာနိုင်ကြောင်း ပြည်တွင်း၊ ပြည်ပ မိုးလေဝသအဖွဲ့တွေက ခန့်မှန်းထုတ်ပြန်ထားကြတာဖြစ်ပါတယ်။
ဒါ့ကြောင့် မုန်းတိုင်းဘေးကြောင့် ကောက်ပဲသီးနှံတွေ ပျက်စီးဆုံးရူံးမှု မရှိစေရေးအတွက် လိုအပ်တဲ့ သဘာဝဘေးအန္တရာယ် အကာအကွယ်၊ အစီအမံတွေ ကြိုတင်ထားကြဖို့ စီးပွားရေးလုပ်ငန်း အသင်းအဖွဲ့အချို့က သတိပေးထားပါတယ်။
အလားတူ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကလည်း ဆန်စပါးလုပ်ငန်း လုပ်ကိုင်သူတွေကို အမိုးအကာတွေအောက်နဲ့ သဘာဝဘေးအန္တရာယ်ကနေ ကင်းလွတ်နိုင်မယ့် နေရာတွေမှာ ဆန်စပါးတွေကို စနစ်တကျ သိုလှောင်မှု ပြုလုပ်ထားဖို့နဲ့ သိုလှောင်ရုံ အတွင်း အောက်ခြေမှာ ရေကြီးမှု၊ ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်လေ့ရှိတာကြောင့် သင့်တော်တဲ့ နည်းလမ်းတွေနဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့ သတိပေးထားပါတယ်။
ဒါ့အပြင် နွေစပါး ရိတ်သိမ်းပြီး၊ ရိတ်သိမ်းဆဲနဲ့ ရိတ်သိမ်းဖို့ ကျန်ရှိနေတဲ့ နေရာတွေ အထူးသဖြင့် ကမ်းရိုးတန်း အနီးတဝိုက်ဒေသတွေမှာ နွေစပါး ရိတ်သိမ်းသိုလှောင်မှုတွေကို ဆန်စက်လုပ်ငန်းရှင်တွေ၊ ဆန်စပါးကုမ္ပဏီတွေ အနေနဲ့ ဒေသအုပ်ချုပ်ရေး အဖွဲ့တွေ၊ စိုက်ပျိုးရေးဦးစီးဌာနတို့နဲ့ ပူးပေါင်းညှိနှိုင်းပြီး တောင်သူတွေကို တတ်နိုင်သမျှ ကူညီပေးဖို့လည်း တိုက်တွန်းထားပါတယ်။
အသင်းချုပ်အနေနဲ့လည်း အရန်ရိက္ခာ ဆန်စပါး စုဆောင်းထားတာ၊ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ကြိုတင်ညိုနှိုင်း ဆောင်ရွက်တာတွေ ပြုလုပ်ထားကြောင်း ထုတ်ပြန်အသိပေးထားပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့မှာ လာမယ့် ၁၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကြောင်း၊နဲ့ အဆိုပါ လေဖိအားနည်းရပ်ဝန်းက ပိုမိုအားကောင်းလာနိုင်ပြီး မေ ၉ ရက်မှာ မုန်တိုင်းငယ်ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းငယ်ဟာ မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပြီး မေ ၁၀ ရက်မှာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့မှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ကို အားကောင်းလာနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
အခု ၂၀၂၃ ခုနှစ်ဟာ မြန်မာနိုင်ငံမှာ လူပေါင်းသိန်းချီအသက်ဆုံးရှုံးခဲ့ရတဲ့ နာဂစ်မုန်တိုင်းတိုက်ခတ်မှု ၁၅ နှစ် ပြည့်တဲ့ နှစ်လည်း ဖြစ်ပါတယ်။