close

ONE CHAMPIONSHIP

close

May 6, 2023

အောင်လအန်ဆန်းက တရုတ်ဖိုက်တာ ဖန်ရောင်းကို ချုပ်ကွက်ဖြင့်အနိုင်ရ

အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်၊ ဒန်ဗာမြို့မှာ မြန်မာစံတော်ချိန် မေလ ၆ ရက် မနက်က One Championship ရဲ့ MMA မစ်ဒယ်ဝိတ်တန်းပွဲစဉ်ယှဉ်ပြိုင်ထိုးသတ်ရာမှာ မြန်မာကိုယ်စားပြု  အောင်လအန်ဆန်းက တရုတ်ဖိုက်တာ ဖန်ရောင်းကို ဒုတိယအချီမှာ ချုပ်ကွက်နဲ့ အနိုင်ရသွားပါတယ်။ 

၅ မိနစ်ပွဲ ၃ ချီအထိ ထိုးသတ်ရမယ့် ပွဲစတင်ချိန် ပထမအချီ ၂ မိနစ်လောက်အထိ အောင်လနဲ့ ဖန်ရောင်းတို့ MMA ဝိုင်းထဲမှာ ထိုးသတ်ချက်တွေ မထိသေးလို့ ဒိုင်က သတိပေးခဲ့ရပြီး ၃ မိနစ်အကျော်မှာ အောင်လရဲ့ လက် သီးချက်ကြောင့် ဖန်ရောင်း ဘယ်မျက်ခုံးကွဲသွားခဲ့ကာ အပြန်အလှန် ထိုးသတ်ချက်တွေနဲ့ ပထမအချီ ပြီးဆုံးခဲ့ပါတယ်။ 

ဒုတိယအချီအစမှာ ဖန်ရောင်းက ပိုမို ဖိအားပေးထိုးသတ်လာပြီး သူရဲ့ လက်သီးချက်ကြောင့် အောင်လ ယိုင်သွားတဲ့အချိန် ဝင်လုံးခဲ့ရာမှ အောင်လက လည်ပင်းချုပ်ကွက် ရသွားပြီး ဒုတိယအချီ ၄၇ စက္ကန့်မှာ ဖန်ရောင်က လက်ပုတ်ပြကာ အရှုံးပေးခဲ့ရပါတယ်။ 

အောင်လနဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ တရုတ်နိုင်ငံသား MMA ဖိုက်တာ ဖန်ရောင်းဟာ အသက် ၂၉ နှစ်၊ အရပ် ၆ ပေ ၁ လက်မ၊ ၂၀၅ ပေါင်၊ ထိရောက်အကွာအဝေး ၆၉  လက်မနဲ့ နပန်းကစားသမားတစ်ဦး ဖြစ်တဲ့အပြင် Stand Fight ရော၊ Ground Game အားကောင်းသူတစ်ဦး ဖြစ်ပါတယ်။ 

အောင်လကတော့ အသက် ၃၇ နှစ်၊ အရပ် ၆ ပေ ၁ လက်မ၊ ၂၀၃ ဒသမ ၂၅ ပေါင်၊ ထိရောက်အကွာအဝေး ၇၃ လက် မ နဲ့  Stand Fight ပိုင်း ပိုအားသာသူပါ။ 

ပွဲစဉ်အပြီးမှာ အောင်လက မြန်မာနိုင်ငံအတွက် ဆုတောင်းပေးကြဖို့နဲ့ မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်ကို စိန်ခေါ်ပွဲ ထိုးချင်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။

မြန်မာ့စပါးအုံး အောင်လအန်ဆန်းဟာ အခုပွဲစဉ်မှာ One Championship နဲ့ စာချုပ်သက်တမ်းပြည့်သွားတဲ့ ပွဲဖြစ်ပြီး အနိုင်ရရှိပါက စာချုပ်သက်တမ်းတိုးကာ မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်ကို စိန်ခေါ်ခွင့် ရမယ်လို့ သိရပါတယ်။

မစ်ဒယ်ဝိတ်ချန်ပီယံ ရိုင်နီယာဒီရိုင်ဒါကတော့ ပွဲစဉ် ၄ ပွဲမြောက်မှာ BBJ ကမ္ဘာချန်ပီယံဟောင်း ဂါဘောင်အိုရဲ့ တပည့် Tye Ruotolo နဲ့ Grappling သီးသန့် ၁၀ မိနစ်ပွဲ ယှဉ်ပြိုင်တာမှာ ဒိုင်အဆုံးအဖြတ်နဲ့ ရှုံးနိမ့်သွားပါတယ်။ 

8 hours Ago

February 6, 2023

အောင်လအန်ဆန်နှင့် တရုတ် ဖိုက်တာ အမေရိကန်တွင် ထိုးသတ်မည်

နာမည်ကျော် “မြန်မာ့စပါးအုံး” အောင်လအန်ဆန်နဲ့ တရုတ်နိုင်ငံသား ဖန်ရောင်းတို့ အမေရိကန်နိုင်ငံမှာ မစ်ဒယ်ဝိတ်တန်းအဖြစ် လာမယ့် မေလ ၅ ရက်နေ့ ယှဥ်ပြိုင်ထိုးသတ်သွားဖို့ စီစဉ်နေတယ်လို့ ONE Championship ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိ ဖန်ရောင်းဟာ အရပ်အမြင့် ၁၈၃ စီတီမီတာ (၆ ပေ) ၊ ကိုယ်အလေးချိန် ၉၃ ကီလိုဂရမ် (၂၀၅ ပေါင်) ရှိပြီး ပြိုင်ပွဲစုံ ၂၂ ပွဲမှာ နိုင်ပွဲ ၁၉ ပွဲနဲ့ ၃ ပွဲ ရှုံးနိမ့်ထားပါတယ်။

အသက် ၃၇ နှစ်ရှိတဲ့ အောင်လအန်ဆန်ကတော့ အရပ်အမြင့် ၁.၈ မီတာ (၆ ပေ ၁ လက္မ)၊ ကိုယ်အလေးချိန် ၉၃ ကီလိုဂရမ် (၂၀၅ ပေါင်) ရှိပြီး ပြိုင်ပွဲစုံ ၄၃ ပွဲမှာ နိုင်ပွဲ ၂၉ ပွဲနဲ့ ၁၃ ပွဲ ရှုံးပြီး တပွဲ ပျက်ပြယ်ထားပါတယ်။

အောင်လအန်ဆန်ဟာ နောက်ဆုံးထိုးသတ်ခဲ့တဲ့ ပွဲစဉ်နှစ်ခုမှာ ယူရှင်အိုကာမီ (ဂျပန်) နဲ့ ဂါဗာဒို (ဘရာဇီး) တို့ကို အနိုင်ရရှိထားပြီး ဖန်ရောင်း ကတော့ ဗစ်တာလီဘစ်ဒက်ရှ် (ရုရှား) နဲ့ ဒီရိုက်ဒါ (နယ်သာလန်) တို့ကို ရှုံးနိမ့်ထားပါတယ်။

“မြန်မာ့စပါးအုံး” ဟာ ဖန်ရောင်းနဲ့ ပြီးခဲ့တဲ့လက ထိုင်းနိုင်ငံမှာကျင်းပတဲ့ ပြိုင်ပွဲမှာ တွေ့ဆုံ ယှဉ်ပြိုင်ထိုးသတ်ဖို့ စီစဉ်ထားပေမဲ့လည်း ဖန်ရောင်းမှာ ကိုဗစ်ပိုး တွေ့ရှိခဲ့တာကြောင့် ဂါဗာဒို (ဘရာဇီး) နဲ့ လူပြောင်း ထိုးသတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။ အောင်လအန်ဆန်ဟာ အဲဒီပွဲစဉ်မှာ ပြိုင်ဘက်ကို ပထမအချီ စက္ကန့် ၉၀ အတွင်း အလဲထိုး အနိုင်ယူခဲ့ပါတယ်။

3 months Ago
Up