close

မြန်မာသတင်း

close

May 13, 2023

မိုခါမုန်တိုင်းကြောင့် အဝေးပြေးယာဥ်နှင့်လေကြောင်းလိုင်းများ ရခိုင်သို့ ပြေးဆွဲမှုရပ်

မိုခါမုန်တိုင်းအန္တရာယ်ကြောင့် ရန်ကုန်မှ ရခိုင်ပြည်နယ်ကို ပြေးဆွဲတဲ့ အဝေးပြေးယာဥ်နဲ့ လေကြောင်းလိုင်းခရီးစဥ်တွေကို ရပ်နားထားတယ်လို့ သိရပါတယ်။

မုန်တိုင်းဝင်ရောက်နိုင်တဲ့ စစ်တွေ၊ တောင်ကုတ်၊ ကျောက်ဖြူ စတဲ့မြို့တွေကို ပြေးဆွဲတဲ့ ဘတ်စ်ကားတွေဟာ ဒီနေ့ ရပ်နားလိုက်တာဖြစ်ပြီး ရက်ဘယ်လောက်ကြာမယ်ဆိုတာတော့ မသိရသေးဘူးလို့ ယာဥ်လိုင်းတချို့က ပြောပါတယ်။

အောင်မင်္ဂလာအဝေးပြေးဝင်းရှိ ရခိုင်ယာဥ်လိုင်းတခုရဲ့ တာဝန်ခံက "လမ်းမှာဖြစ်လာမယ့် အန္တရာယ်ကြောင့်ရော၊ မုန်တိုင်းကြောင့် ခရီးသွားပါးတဲ့အတွက် ဂိတ်ပါတော်တော်များများ ဒီနေ့ကစပြီးမထွက်တော့ဘူး။ လမ်းပန်းဆက်သွယ်ရေးအခြေအနေပေါ်မူတည်ပြီး ပြန်ဆွဲဖို့ ချိန်ရမှာ။" 

ဒါအပြင် စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူ လေကြောင်းလိုင်းခရီးစဥ်တွေကိုလည်း မေလ ၁၅ ရက်အထိ ပျံသန်းပြေးဆွဲတာ ရပ်သွားမယ်ဆိုပြီး အဲဒီဒေသကိုပြေးဆွဲနေတဲ့ MAI နဲ့ Air KBZ လေကြောင်းလိုင်းတွေက ကြေညာထားပါတယ်။

မိုခါမုန်တိုင်းဟာ ဒီနေ့ (မေ ၁၃) ညနေကစပြီး စစ်တွေမြို့အနီး ဝင်ရောက်နိုင်မယ်လို့ မိုးလေဝသဌာနတွေက ခန့်မှန်းထားပြီး စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူ၊ ရသေ့တောင်၊ မောင်တော၊ မြေပုံ၊ မာန်အောင်မြို့နယ်တွေကို ဘေးအန္တရာယ်ကျရောက်နိုင်တဲ့ အနီရောင် အဆင့်ဒေသများအဖြစ် သတ်မှတ်ထားပါတယ်။

မုန်တိုင်းကုန်းတွင်း ဝင်ရောက်ချိန် လေတိုက်နှုန်မှာ တနာရီ မိုင် ၁၃၀ အထိ ရောက်ရှိနိုင်တာကြောင့် ဖျက်အားပြင်းမုန်တိုင်းအဖြစ် သတိပေးထားပါတယ်။

2 hours Ago

မိုခါမုန်တိုင်း ကိုကိုးကျွန်းမှ ရေမိုင် ၂၄၅ မိုင်ခန့်၊ စစ်တွေမြို့မှ ၃၁၀ မိုင်ခန့်အကွာတွင် ရောက်ရှိနေ

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း  “မိုခါ”(MOCHA) ဟာ အရှေ့မြောက်ဘက်ဆီ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၄၅ မိုင်လောက်နဲ့ စစ်တွေမြို့ရဲ့ တောင်-အနောက်တောင်ဘက်ရေမိုင် ၃၁၀ လောက်အကွာမှာ ရောက်ရှိနေတယ်လို့ စစ်ကောင်စီ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ဒါဟာ ဒီကနေ့ မေ ၁၃ ရက် နေ့လယ် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ နောက်ဆုံး ထုတ်ပြန်ထားတာဖြစ်ပြီး အဆိုပါ မုန်တိုင်းဟာ ဟိုင်းကြီးကျွန်းမြို့ကနေ အနောက် ဘက်ရေမိုင် ၂၇၅ မိုင်လောက်နဲ့ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားရဲ့ အနောက်မြောက်ဘက် ရေမိုင် ၃၂၀ လောက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ရဲ့ တောင်-အနောက်တောင်ဘက် ရေ မိုင် ၃၅၅ မိုင်လောက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။

မြန်မာ့ပင်လယ်ပြင်မှာတော့ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ မကြာခဏ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးရာကနေ လှိုင်းအလွန်ကြီးမယ်လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေကတော့ ၁ နာရီကို မိုင် ၉၀ ကနေ ၁၁၀ လောက်အထိ တိုက်ခတ်နိုင်ပြီးတော့ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက် နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာတော့ တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့ ဆိုပါတယ်။

မိုးသက်လေပြင်းကျချိန် ရေပြင်/မြေပြင်လေကတော့ ၁ နာရီကို မိုင် ၄၀ ကနေ ၄၅ မိုင် လောက်အထိ တိုက်ခတ်နိုင်ပြီးတော့ လှိုင်းအမြင့်ဟာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၁၄ ပေကနေ ၁၈ ပေလောက်နဲ့ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာတော့ ၉ ပေကနေ ၁၃ ပေလောက် ရှိနိုင်တယ်လို့ ဆိုပါတယ်။

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင် လယ်ပြင်မြောက်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာတော့ တိမ်ထူထပ်နေတယ်လို့ ဖော် ပြပါတယ်။

မနက်ဖြန် မေ ၁၄ ရက် မနက်ပိုင်းအထိ ခန့်မှန်းချက်မှာတော့ တနင်္သာရီတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်တွေမှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ နေရာအနှံ့ အပြားမိုးထစ်ချုန်းရွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊မ န္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင် ပြည်နယ်တွေမှာတော့ ဒေသအလိုက်နဲ့ ပဲခူးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တွေမှာ နေရာ ကွက်ပြီး မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ ဆိုပါတယ်။

4 hours Ago

မိုခါမုန်တိုင်း ပြင်းအားအရှိန်ကြောင့် ကျောက်ဖြူနှင့် စစ်တွေကြား အမြင့်ဆုံး ၇ ပေ၊ ၈ ပေရှိ ဒီရေလှိုင်း ဝင်ရောက်နိုင်

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အလွန့်အလွန် အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA)ဟာ မေ ၁၄ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားနဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ စစ်တွေမြို့အနီးကနေ ဝင်ရောက်နိုင်တာကြောင့် မိုးဇလဌာနကနေ အနီရောင်အဆင့် ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိ မုန်တိုင်းရဲ့ ဗဟိုလေတိုက်နှုန်းဟာ တနာရီကို မိုင် ၁၃၀ ကျော် တိုက်ခတ်နေပြီး မုန်တိုင်းရဲ့ ပြင်းအား အရှိန်ကြောင့် မုန်တိုင်းဒီရေလည်း ဝင်ရောက်နိုင်ကာ ကျောက်ဖြူနဲ့ စစ်တွေကြား အမြင့်ဆုံး ၇ ပေ၊ ၈ ပေလောက်ရှိတဲ့ မုန်တိုင်းဒီရေလှိုင်း (Storm Surge) ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသဆိုင်ရာ သုတေသီတယောက်က ခန့်မှန်း ပြောဆိုပါတယ်။

"အခုလောလောဆယ် လက်ရှိ အချိန်မှာ မုန်တိုင်းရဲ့ ဗဟိုလေတိုက်နှုန်းက တနာရီကို ၁၃၀-၁၃၁-၁၃၂ ပတ်ဝန်းကျင်လောက် လေတိုက်နှုန်း ပြင်းနေတယ်။ မုန်တိုင်း အခုလက်ရှိ ရောက်နေတဲ့နေရာက ရခိုင်ကမ်းရိုးတန်းအဆုံး တောင်ဘက်အစွန်၊ မော်တင်စွန်းရဲ့ အနောက်ဘက်တည့်တည့် မိုင် ၂၈၀ ကျော်လောက်မှာ ရောက်နေပါတယ်။ အဲ့ဒီကနေ အရှေ့မြောက်ဘက်ကို ရွေ့နေတယ်။ ဆက်ပြီး ရွေ့နေပြီးတော့ ခန့်မှန်းချက်ကတော့ မုန်တိုင်းရဲ့ ဗဟိုကတော့ ၁၄ ရက်နေ့ ညနေပိုင်းလောက်မှာ  စစ်တွေမြို့နဲ့ ကျောက်ဖြူမြို့ကြားထဲ အဲဒီက တနေရာရာက ကုန်းတွင်းကို ဖြတ်ပြီး ဝင်သွားမယ်။ အဲ့လို ခန့်မှန်းထားပါတယ်။ ဒါနောက်ဆုံး အဆင့်ပါ။

"မုန်တိုင်းဒီရေအခြေအနေက စစ်တွေအနီးဝန်းကျင် စစ်တွေမြို့ဘက်ကနေ မြောက်ဘက် ဘင်္ဂလားဒေ့ရှ် နယ်စပ်အထိ နေရာရယ်၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်အထိ နေရာကို အနိမ့်ဆုံး ၁ ပေခွဲ ၂ ပေဝန်းကျင်ကနေ အမြင့်ဆုံး ၇ ပေ၊ ၈ ပေလောက်အထိ ရိုက်ဖို့ ရှိတယ်။ မုန်တိုင်းဒီရေက မြစ်တွေ ချောင်းတွေမှာလို တအိအိ တက်လာတာ မဟုတ်ဘူး။ ၇ ပေလောက်မြင့်တဲ့ ရေထုထည် တန်ပေါင်းများစွာရှိတဲ့ ရေထုထည်က အရှိန်နဲ့ အဟုန်နဲ့ ကမ်းခြေကို ဖျောင်တာ။ ဒါကို မုန်တိုင်းဒီရေလို့ ခေါ်တယ်။ အရမ်းအားပြင်းတယ်။ ဖျက်ဆီးနိုင်စွမ်း တအားကြီးတယ်။ မုန်တိုင်း တလုံး ကုန်တွင်းကို ဝင်ပြီဆိုရင် ဖျက်ဆီးနိုင်စွမ်း တအားအပြင်းဆုံးနဲ့ လူ့အသက်ကို သေစေနိုင်တာ လေတအားပြင်းလို့ မဟုတ်ဘူး။ မုန်တိုင်းဒီရေ (Strom Surge) ကြောင့် ဖြစ်တယ်"လို့  မိုးလေဝသဆိုင်ရာ သုတေသီ  ဦးဝင်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။

မုန်တိုင်း ဝင်ရောက်စဉ် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မောင်တောခရိုင်ရှိ မြစ်ဝ မြစ်လက်တက်တွေမှာ မုန်တိုင်းဒီရေ (၁၄) ပေကနေ (၁၈) ပေလောက်အထိ၊ ကျောက်ဖြူခရိုင်ရှိ မြစ်ဝမြစ်လက်တက်တွေမှာ (၁၀) ပေကနေ (၁၄) ပေလောက်အထိ မြင့်တက်နိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

မုန်တိုင်းအတွက် ဒေသမှာ ကြိုတင်ပြင်ဆင်တာ၊ တိမ်းရှောင်တာတွေ လုပ်နေပြီး သက်ကြီးရွယ်အိုနဲ့ ဆင်းရဲနွမ်းပါးသူတွေ၊ ဒုက္ခသည်စခန်းမှာ ရှိကြသူတွေက နီးစပ်ရာ စာသင်ကျောင်းတွေမှာ တိမ်းရှောင်နေကြတယ်လို့ ရခိုင်ပြည်နယ် ဘူးသီးတောင် ဒေသခံတယောက်က ပြောပါတယ်။

"ဒီမှာက လက်ရှိက မိုးတိမ် ထူထပ်နေတယ်။ မိုးရွာနေတယ်။ မိုးက နည်းနည်းပဲရွာတာ။ အများကြီး မရွာသေးဘူး။ မုန်တိုင်းနဲ့ ပတ်သက်ပြီးတော့ လှည့်ပြီးတော့ ကြေညာနေတာ ရှိတယ်။ သက်ကြီးရွယ်အိုတွေဆို တနေရာမှာ ပို့ထားတယ်။ အခု လောလောဆယ် စာသင်ကျောင်းတွေမှာ။ ကျနော်တို့ဆို အထုတ်တွေ ပြင်ထားတယ်။ လေတိုက်ရင် ရှောင်လို့ရအောင်။ အရေးကြီးတဲ့ စာရွက်စာတမ်းတွေလည်း ပြင်ထားတယ်။ ရေတွေဆိုလည်း အလုံအလောက် ထည့်ထားတယ်။

"ရာသီဥတုက ပြောင်းလဲနေပြီ။ မှောင်မည်းနေတယ် ရာသီဥတုက။ အကုန်လုံးက စိုးရိမ်နေတာပဲ။ မုန်တိုင်းတိုက်လာရင် ဘယ်လိုလုပ်မလဲဆိုတာ အကုန်စိုးရိမ်နေတယ်။ တာဝန်ရှိသူတွေကတော့ ကားနဲ့လှည့်အော်နေတာပဲ ရှိတယ်။ ပရဟိတအပိုင်းကတော့ မုန့်တွေ လာပို့တယ်။ အစိုးရပိုင်းကတော့ ဘာမှ လှုပ်ရှားတာ မရှိသေးဘူး။ လိုက်ကြေညာတာပဲ ရှိသေးတယ် မြို့ကို ကားနဲ့ ပတ်ပြီးတော့"လို့ ရခိုင်ပြည်နယ် ဘူးသီးတောင် ဒေသခံ တယောက်က ပြောပါတယ်။

မုန်တိုင်းဝင်ရောက်စဉ် ရခိုင်ပြည်နယ်မှာ အမြင့်ဆုံး လေတိုက်နှုန်း တနာရီကို မိုင် ၁၀၀ ကနေ ၁၁၀ လောက်အထိ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှာ အမြင့်ဆုံး လေတိုက်နှုန်း တနာရီ မိုင် ၄၀ ကနေ မိုင် ၆၀ လောက်အထိ တိုက်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

မိုခါ မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်တာ၊ မိုးကြီးတာ၊ ရုတ်တရက် ရေကြီးမြေပြို တာတွေ ဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသအနီး နေထိုင်သူတွေ မြေပြိုမှု အန္တရာယ်နဲ့ ကမ်းရိုးတန်း တလျှောက် မြစ်ချောင်းအင်းအိုင်တွေနား နေထိုင်သူတွေ ရေကြီးရေလျှံ သတိပြုကြဖို့ တိုက်တွန်းထားပါတယ်။

5 hours Ago

စစ်ကိုင်းနှင့် မကွေးတိုင်းက ကြားကာလပညာရေးကျောင်းများ၌ ဆရာများ လိုအပ်

မြန်မာနိုင်ငံက PDF တွေစိုးမိုးတယ်ဆိုတဲ့ စစ်ကိုင်းနဲ့ မန္တလေးတိုင်းက ကြားကာလပညာရေး ကျောင်းတွေမှာ ဆရာလိုအပ်ချက် မြင့်မားလာတယ်လို့  ကြားကာလပညာရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။

မကွေးတိုင်းတွင်း ကြားကာလပညာသင်ကျောင်းက ဆရာမ တဦးက  "စစ်ကိုင်းကော၊  မကွေးကော  လိုအပ်ချက်ရှိနေတာပါ။ အဓိကကတော့ အထက်တန်းသင်ဆရာ၊ ဆရာမတွေ ပိုလိုနေပါတယ်။ ရပ်ရွာက မိဘပြည်သူတွေကလည်း လုံခြုံရေး  စား၀တ်နေရေး  အစစအရာရာ တာ၀န်ယူ ပေးနေပါတယ်။ လာဖို့ စိတ်ကူးနေတဲ့ CDM ဆရာတွေကိုလည်း အမြဲကြိုဆို အားကိုးနေကြပါတယ်" လို့ ပြောပါတယ်။

ထောက်ပံ့မှုကတော့ ကျေးရွာအလိုက် မတူညီဘဲ သင့်လျော်သလို အတတ်နိုင်ဆုံး လိုလေသေးမရှိ ကူညီနေကြပြီး ထမင်းကအစ ရပ်ရွာက အလှည့်ကျ ချက်ပြုတ်ကျွေးမွေးကြတဲ့အထိ အညာဒေသလူထုရဲ့ ပညာရေးလိုလားချက် မြင့်မားနေပါတယ်။ 

စစ်ကိုင်းတိုင်းတွင်း ကျောင်းသားမိဘတဦးက  "အရီးတို့က ဘွဲ့တွေ၊ ကန္နားတွေ လိုချင်တာရယ်လည်း မဟုတ်ပါဘူး။ အရီးတို့ကလည်း သေစာ ရှင်စာလောက်ဖတ်တတ်တာ ဆိုတော့ မြို့ပေါ်က ပညာတတ်ကလေးကို အားကိုးနေရတေပေါ့ကွယ်"လို့ ပြောပါတယ်။

ကြားကာလပညာရေးဟာ  အလွန်အရေးကြီးပြီး ပညာရေးနဲ့ အဆက်ပြတ်သွားတဲ့အခါ လူငယ်တွေ အရွယ်မတိုင်မီ အိမ်ထောင်ပြု ကြတာမျိုးတွေ ရှိလာနေပါတယ်။ 

ဒါ့အပြင် တော်လှန်ရေးကာလဟာ ဘယ်အတိုင်းတာထိ ကြာမယ်မသိသေးတဲ့အတွက် စေတနာ့ ဝန်ထမ်း CDM ဆရာ၊ ဆရာမတွေနဲ့ ရပ်ရွာလူထုတွေပူးပေါင်းပြီး ကြားကာလ ပညာရေး အဆက်မပြတ် သင်ကြားပေးနိုင်မှ  ကလေးတွေအတွက် စိတ်လေတာမျိုးမဖြစ်ဘဲ  အဆင်မြင့်ပညာတွေပါ တိုးချဲ့  သင်ကြားနိုင်မှာဖြစ်တဲ့အတွက် ကျောင်းဆရာ၊ ဆရာမတွေ အများအပြား လိုအပ်နေတာလို့ သိရပါတယ်။

ကြားကာလ ပညာသင်ကျောင်းတွေမှာ တနိုင်ငံလုံးအတိုင်းအတာအရ ကျောင်းသား၊ ကျောင်းသူပေါင်း ၈၀၀,၀၀၀ ကျော်ကို ပညာသင်ကြားပေးနေတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ ပညာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်က ဆိုပါတယ်။

6 hours Ago

ဖားကန့် ရှင်းရင်ဟိုတယ်အနီး ပစ်ခတ်မှုဖြစ်၊ ဝန်ထမ်း ၂ ဦးအပါအဝင် ၃ ဦး သေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင် ကျေးရွာမှာ မေ ၁၂ ရက်ညက ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသား ၁ ဦးနဲ့ ဟိုတယ် ဝန်ထမ်း ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။       

ရှင်းရင်ဟိုတယ်အနီး စစ်ကောင်စီတပ်ရောက်ရှိလာပြီးနောက် ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။               

"ည ၁၀ နာရီလောက် ဟိုတယ်ရှေ့ကို စစ်တပ်ရောက်လာတယ်။ မကြာဘူး နှစ်ဘက် ပစ်ခတ်သံတွေကြားရတယ်။  စစ်တပ်နဲ့ ဘယ်အဖွဲ့နဲ့ ပစ်တာလဲတော့ တိတိကျကျမသိရဘူး။  အဲ့ဒီမှာ အမျိုးသား ၁ ဦးနဲ့ ဟိုတယ် ဝန်ထမ်း ၂ ဦး သေတယ်" လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
သေဆုံးသွားသူတွေ ဘယ်သူတွေဆိုတာနဲ့ ဘယ်အဖွဲ့နဲ့ပစ်ခတ်မှုဖြစ်တယ်ဆိုတာ တိတိကျကျ မသိရသေးပါဘူး။

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာ မတ် ၁၈ ရက်က စစ်ကောင်စီတပ်နဲ့ KIA /PDF ပူးပေါင်းတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အရပ်သား ပြည်သူ ၆ ဦး သေဆုံးခဲ့ပါတယ်။  

6 hours Ago

ထီးချိုင့်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ တရားမဝင်သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါး အများအပြားကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က မေ ၁၁ ရက် ညနေ ၅ နာရီခွဲက ဖမ်းဆီးရမိထားတယ်လို့ ထီးချိုင်မြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတွေထံက သိရပါတယ်။  

မူးယစ်ဆေးတွေဟာ ရှမ်းပြည်တောင်ပိုင်းကနေ သယ်‌ဆောင်လာတာဖြစ်ပြီး မြစ်ကြီုးနားမြို့ကို ပို့ဆောင် ဖြန့်ဖြူး‌ရောင်းချဖို့ ဖြစ်တယ်လို့လည်း သယ်ဆောင်လာသူတွေက ပြောတယ်လို့ ဆိုပါတယ်။ 

ထီးချိုင့်မြို့နယ် ပကဖ တာဝန်ရှိသူ တဦးက “လူ ငါးယောက် ဆိုင်ကယ် ငါးစီးနဲ့သယ်လာတာကို ရှောင်တခင် စစ်ဆေးရာကတွေ့တာ။ ကာလတန်ကြေးနဲ့ဆိုရင် သိန်းပေါင်း ခြောက်ထောင် ကျော်ရှိမယ်။ ဘိန်းဖြူတွေပါ။ အရေအတွက်နဲ့ ဆိုရင် ဆပ်ပြာခွက် ၆၆၀ ခွက် ဖမ်းမိတာပါ။ မြို့နယ်ပလဖအဖွဲ့ထံ တရားဝင် လွှဲပြောင်း အပ်နှံထားပါတယ်”လို့ ပြောပါတယ်။ 

မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့သူတွေဟာ‌ မုံးကိုးမြို့နယ်နေ မောင်လခမ်း (၂၃ နှစ်)၊ မောင်ခေါင်ဟောင်း (၂၉) နှစ်၊ မောင်လွမ်းချင်း (၃၃ နှစ်)၊ လားရှိုးမြို့နယ်နေ မောင်ဇော်ဆိုင်း (၂၅ နှစ်)နဲ့ မောင်အောင်မြင်အသက် (၂၅ နှစ်)တို့ ဖြစ်တယ်လို့လည်း သိရပါတယ်။ 

မူးယစ်ဆေးဝါး သယ်ဆောင်လာသူများကို  NUG အစိုးရရဲ့ တရားဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း ထီးချိုင်နယ်ပလဖ တာဝန်ရှိသူက ပြောပါတယ်။

8 hours Ago

မုန်တိုင်းဝင်နိုင်မည့် ရခိုင်ပြည်နယ် မြို့အချို့မှ ပြည်သူများ ကြိုတင်ပြောင်းရွှေ့ပြီးပြီဟုဆို

အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဝင်ရောက်မယ်လို့ ခန့်မှန်းထားတဲ့လမ်းကြောင်းပေါ်က ရခိုင်ပြည်နယ်အတွင်း မြို့အချို့က ပြည်သူတွေ ကြိုတင်ပြင်ဆင်ပြောင်းရွှေ့ထားကြပြီးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တွေမြို့ဒေသခံတယောက်က “ကမ့်ထဲကလူတွေကိုတော့ ပြောင်းပေးထားပြီ။ တချို့ရွာတွေမှာတော့ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ မသန်စွမ်းသူတွေကို ဦးစားပေးပြီး ပြောင်းပေးတယ်။ အုန်းတောချေကမ့်နဲ့ နောက်တခုက လေလမ်းကြောင်းပေါ်မှာရှိတယ်။ ခု မနက်မှာပဲ သက်ကယ်ပြင် စာသင်ကျောင်းကိုရွှေ့နေပြီ။ အဲနေရာကတော့ တခြားနေရာနဲ့စာရင်တော့ မဆိုးဘူးပေါ့” လို့ ပြောပါတယ်။

လက်ရှိမှာ မုန်တိုင်းတိုက်ခတ်လာနိုင်တဲ့ လေလမ်းကြောင်းပေါ်က လူတွေအားလုံးနီးပါး ပြောင်းရွှေ့ထားပြီးဖြစ်သလို ပြောင်းတဲ့နေရာတွေကလည်း လုံခြုံသလောက် ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။       

တချို့နေရာတွေမှာတော့ မပြောင်းရွှေ့ကြသေးတဲ့သူတွေရှိနေပြီး ဌာနဆိုင်ရာတွေက လာရောက်တွေ့ဆုံနေတယ်လို့ သူက ဆိုပါတယ်။

“တချို့လူတွေက အိမ်တွေ၊ ပစ္စည်းတွေကိုထားပြီး မသွားချင်ကြဘူး။ ခုတော့ ဌာနပေါင်းစုံက လူတွေလာပြီး သူတို့ကို ပြောနေကြတယ်။ အတင်းပြောင်းခိုင်းတာတော့ မဟုတ်ဘူး။ မုန်တိုင်းအကြောင်းရှင်းပြပြီး ပြောင်းဖို့ တိုက်တွန်းတာ။ စားနပ်ရိက္ခာကို ထွေအုပ်ကပေးမယ်တဲ့” လို့ ပြောပါတယ်။

လက်ရှိမှာတော့ စစ်တွေမှာ တိမ်တူမိုးအုံ့နေပြီး ဒီနေ့မနက်က မိုးရွာခဲ့တယ်လို့ သူက ဆိုပါတယ်။

စစ်တွေမြို့ပေါ်က တချို့သူတွေကတော့ ပုဏ္ဏားကျွန်းမြို့ဘက်ကို ပြောင်းရွှေ့သွားကြတယ် လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ၂၀၁၇ က မုန်တိုင်းတခုဝင်တိုက်ခဲ့ဖူးပြီး လူတွေ ထိခိုက်သေဆုံးတာမရှိပေမယ့် အိမ်ခြေတော်တော်များများ ပျက်စီးခဲ့ဖူးပါတယ်။  

မုန်တိုင်းကြောင့်ထိခိုက်နိုင်တဲ့ ကျောက်ဖြူမြို့နဲ့ ရမ်းဗြဲမြို့တို့မှာလည်း ဘေးလွတ်ရာ ပြောင်းရွှေ့နေကြပြီး ကျောက်ဖြူမြို့က မွတ်စလင်ဒုက္ခသည်စခန်းကတော့ အခုထိ မပြောင်းရွှေ့ရသေးဘူးလို့ သိရပါတယ်။

စခန်းမှာ နေထိုင်သူတယောက်က “လူတွေကတော့ ပြောင်းရွှေ့ဖို့ အဆင်သင့် လုပ်ထားတယ်။ ဌာနဆိုင်ရာတွေက ဒီနေ့လယ်မှာ လာမယ်လို့ ပြောတယ်။ သိရသလောက်တော့ လိုအပ်လာရင် ပြောင်းဖို့ စီစဉ်ထားတဲ့အကြောင်း လာပြောမယ် ထင်တယ်။ ပြောင်းမယ်ဆိုရင် ဒီနားက စစ်တပ်ထဲကိုပြောင်းရမယ်” လို့ ပြောပါတယ်။ 

အဲဒီကျောက်တလုံး ဒုက္ခသည်စခန်းဟာ ပင်လယ်ကမ်းခြေနဲ့ တောင်ကြားက လယ်ကွင်းထဲမှာ ဆောက်ထားတာဖြစ်ပြီး စစ်တပ် လုံခြုံရေးလည်းချထားတာကြောင့် ခွင့်ပြုချက်မရှိဘဲ အပြင်ထွက်ခွင့်မရကြပါဘူး။

ရသေ့တောင်မြို့နယ် ဒေသခံတယောက်ကလည်း မုန်တိုင်းသတင်းတွေကြောင့် စိုးရိမ်ရပြီး ကြိုတင်ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

“ပြင်ဆင်ထားတာတွေရှိပါတယ်။ ဥပမာ အရေးပေါ်စာရွက်စာတမ်းတွေနဲ့ ရွှေငွေတွေကို သေချာသိမ်းဆည်းထားပါတယ်။ ကလေးကို အမြဲမိဘတွေနဲ့အတူ  ရှိဖို့ကြိုပြောပြီး ပြင်ဆင်ထားပါတယ်။ သစ်ပင်အောက်၊ ချောင်း၊ မြစ်၊ ပင်လယ်ကမ်းနားတွေမှာ မနေကြဖို့ သတိပေးထားပါတယ်” လို့ ပြောပါတယ်။

မုန်တိုင်းဟာ အနီရောင်အဆင့် အန္တရာယ်များတယ်လို့ ကြားသိကြရပြီး စိုးရိမ်နေကြတယ်လို့လည်း သူက ပြောပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ကလည်း သူနဲ့ မိတ်ဖက်အဖွဲ့တွေဟာ လူတွေ ဘေးကင်းလုံခြုံစေရေး အသိပညာပေးတာတွေ၊ အလေးပေး ပြင်ဆင်တာတွေကို မြေပြင်မှာ ဦးစားပေးဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

တကယ်လို့ လိုအပ်ချက်တွေများလာခဲ့ရင် အရေးပေါ်တုံ့ပြန်ကူညီတာတွေ မြန်မြန်လုပ်နိုင်ဖို့ အရန်အစီအစဉ်ကိုလည်း လျာထားတယ်လို့ဆိုပါတယ်။

အရေးပေါ်ကူညီကယ်ဆယ်ရေး ပစ္စည်းတွေကို အရန်သင့်ထားရှိထားပြီး အချိန်တိုအတွင်း ဖြန့်ဝေပေးနိုင်ဖို့ သက်ဆိုင်ရာဂိုဒေါင်တွေမှာ သိမ်းဆည်းထားသလို ရေယာဉ်များ၊ ကားတွေကိုလည်း လိုအပ်ရင် သုံးနိုင်အောင် အဆင့်သင့်ထားတယ်လို့ ဆိုပါတယ်။

မိုးလေဝသခန့်မှန်းသူတယောက်ဖြစ်တဲ့ မစုစုစံကတော့ မုန်တိုင်းဟာ အဖျက်စွမ်းအား အပြင်ထန်ဆုံးလို့ သတ်မှတ်ထားတဲ့ တနာရီလေတိုက်ခတ်နှုန်း ၁၃၂ မိုင်၊ လေပြင်းတိုက်ချိန် မိုင် ၁၄၀ တိုက်ခတ်နေပြီး မုန်တိုင်းဗဟိုချက်နားမှာ ရေလှိုင်းအမြင့် ပေ ၅၀ ရှိတဲ့ CAT5 မုန်တိုင်းကြီးအဆင့်ကိုရောက်ရှိသွားပြီလို့ အခုမနက် ၉ နာရီမှာ တွက်ချက်ပြောဆိုထားပါတယ်။

မုန်တိုင်းအဖျားခတ်နိုင်တဲ့ သံတွဲမြို့မှာတော့ ပင်လယ်ကမ်းနားကျေးရွာတချို့ပဲ ပြောင်းရွှေ့ကြပြီး ငပလီကမ်းခြေမှာတော့ ပြောင်းရွှေ့တာမျိုးမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

9 hours Ago

မုန်တိုင်းဒဏ်သင့်နိုင်သည့် ရခိုင် လူဦးရေ ၄ သိန်းကျော်အတွက် ၁ လစာ စားနပ်ရိက္ခာများ စီစဉ်ထားဟု WFP ပြော

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အနေနဲ့ မုန်တိုင်းဒဏ်သင့်နိုင်တဲ့ရခိုင်ပြည်နယ်နဲ့ အနီးအနားဒေသတွေက လူဦးရေပေါင်း ၄၀၀,၀၀၀ ကျော်တို့အတွက် တလစာလုံလောက်တဲ့ စားနပ်ရိက္ခာတွေ ကြိုတင်နေရာချထားပြီးပြီလို့ ဆိုပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါကို WFP အနေနဲ့ ဂရုတစိုက် စောင့်ကြည့်လေ့လာနေပြီး တိုက်ခတ်နိုင်ခြေရှိတဲ့ နယ်မြေဒေသတွေမှာ ကြိုတင်ပြင်ဆင်နေတယ်လို့ ဒီနေ့ ထုတ်ပြန်ပြောဆိုလာတာပါ။

WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ် Ms. Sheela Matthew က “ကျမတို့ WFP အနေနဲ့ အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်လျက်ရှိသလို၊ အကောင်းဆုံး ဖြစ်လာနိုင်ဖို့ကိုလည်း မျှော်လင့်ထားပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း မိုခါရဲ့ လမ်းကြောင်းဟာ ပဋိပက္ခနဲ့ ဆင်းရဲမွဲတေမှုကိုခံစားနေကြရပြီး ကြံ့ကြံ့ခံနိုင်စွမ်းအား နည်းတဲ့ ဒေသတွေဆီကို ဦးတည်နေပါတယ်။ အဲဒီဒေသတွေက မုန်တိုင်းဒဏ် ခံရနိုင်ခြေရှိတဲ့ လူများစွာဟာ လက်ရှိမှာတောင် WFP ရဲ့ လူသားချင်းစာနာမှု အကူအညီတွေကို ပုံမှန်အားဖြင့် မှီခိုအားထားနေကြရတဲ့အခြေအနေမှာ ရှိနေကြတာပါ။ သူတို့အနေနဲ့ နောက်ထပ် ဘေးအန္တရာယ်တခုကို ဘယ်လိုမှ ခံနိုင်စွမ်းမရှိကြပါဘူး” လို့ ပြောပါတယ်။

WFP ဟာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့တွဲပြီး အရေးပေါ်အခြေအနေ အကြီးစား တုံ့ပြန်ရေးလုပ်နိုင်အောင် အသင့်ပြင်နေပြီး အရေးပေါ်အစီအစဉ်တွေ ရေးဆွဲ ချမှတ်ပြီးဖြစ်သလို စားနပ်ရိက္ခာ၊ ကယ်ဆယ်ရေး အထောက်အပံ့တွေ၊ မော်တော်ယာဉ်တွေနဲ့ အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းကိရိယာတွေကို ကြိုတင် နေရာချထားတယ်လို့ ဆိုပါတယ်။

ပြီးတော့ ပေါ်ပေါက်လာနိုင်တဲ့ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဆိုင်ရာ ပြတ်တောက် ကြန့်ကြာလာနိုင်တာတွေအတွက်လည်း လူသားချင်း စာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ မုန်တိုင်းအတွက်အသင့်ပြင်တာနဲ့ တုံ့ပြန်မှုလုပ်ငန်းတွေမှာ သုံးနိုင်ဖို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးစနစ်တွေကို WFP ဝန်ထမ်းတွေက တပ်ဆင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် အကူအညီလိုအပ်နေတဲ့ ရပ်ရွာလူထုဆီ လူသားချင်းစာနာမှုအထောက်အပံ့တွေ အပြည့်အဝ သွားရောက်ကူညီခွင့်နဲ့ ရပ်ရွာလူထုက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးမှပဲ လတ်တလောအခြေအနေကို တုံ့ပြန်တာနဲ့ ရေရှည် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ထိထိရောက်ရောက်လုပ်နိုင်မယ်လို့လည်း ဆိုပါတယ်။

9 hours Ago

ရန်ကုန်တွင် အထပ်မြင့်တိုက်ခန်းများအပေါ်အထိတက်ပြီး သူခိုးများသောင်းကျန်းနေ

ရန်ကုန်မြို့မှာ လျှပ်စစ်မီး အချိန်မှန်မရရှိတဲ့အပြင် အပူချိန်မြင့်မားနေလို့ ပြတင်းပေါက်တံခါးတွေ ဖွင့်အိပ်ကြတာကို အခွင့်ကောင်းယူပြီး အထပ်မြင့်အခန်းတွေအထိ ဖုန်း၊ ပိုက်ဆံ စတဲ့ အဖိုးတန်ပစ္စည်းတွေကို ဝင်ရောက်ခိုးယူတာနဲ့ သံပန်းတံခါး တပ်ဆင်ထားတာတွေကိုပါ ဖြုတ်ပြီး ခိုးယူတာတွေ ကြုံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်မှ ကိုယ်တိုင်ကြုံရသူတဦးက “မေလ ၆  ရက်နေ့ မနက် ၄ နာရီဝန်းကျင်က မီးပျက်နေတဲ့အချိန်မှာ တိုက် နှစ်တိုက်ကြားကနေ ဟိုဘက်နင်း ဒီဘက်နင်း နံရံကို ခြေကန်တက်လာပြီး ၇ လွှာ အပေါ်ဆုံးထပ်ထိကို ဝင်လာတယ်။ သူတို့ဝင်လာတာကို မသိအောင် အိပ်ငွေ့ချနည်းတခုခု သုံးတယ်လို့ ထင်တယ်။ ခေါင်းအုံးအောက်မှာထားတဲ့ ဖုန်း ၃ လုံး ဝင်ခိုးသွားတာ။ ရာသီဥတု ပူတယ်၊ မီးပျက်တယ်ဆိုပြီး ပြတင်းပေါက်တွေ ဖွင့်မအိပ်ကြဖို့” လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တာမွေမြို့နယ် ၅ လွှာမှာနေတဲ့ တိုက်ခန်းတခုအတွင်းကို တိုက် ၂ ခုကြားက ခြေကန်တက်လာပြီး ဝရန်တာကနေ ဝင်ခိုးမှု ဖြစ်ပွားခဲ့တယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

“အိပ်ငွေ့ချတာလားတော့မသိဘူး၊ အဲဒီနေ့က အိပ်ရာထ နောက်ကျသွားတယ်။ လင်မယား နှစ်ယောက်လုံး လုံးဝကို အိပ်ပျော်သွားတာ။ နိုးလာတော့ တအိမ်လုံး ရှုပ်ပွပြီး ပိုက်ဆံအိတ်မှန်သမျှ ပြန့်ကျဲနေတာ၊ ပိုက်ဆံတွေနဲ့ တက်ဘလက် ပါသွားတယ်။” 

ကိုယ်တိုင်ကြုံရတဲ့ အမျိုးသမီးနောက်တဦးကလည်း “ဖုန်းကို ခေါင်းအုံးအောက် ထားအိပ်တာတောင် အိမ်ပေါ်အထိ တက်ခိုးသွားတာ၊ မသိလိုက်ဘူး။ အိပ်ငွေ့ချခံလိုက်ရတယ် ထင်တယ်။ ဖုန်းတွေ၊ ပိုက်ဆံတွေ၊ ပါဝါဘန့်တွေ အကုန်ခိုးသွားတယ်” လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီလက်ထက် တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေချိန် ရန်ကုန်မြို့ကြီးမှာ ညဘက် မီးပျက်တဲ့အချိန်တွေကို ပစ်မှတ်ထားပြီး အုပ်စုဖွဲ့ ဖောက်ထွင်းမှုတွေ၊ လုယက်မှုတွေ၊ ဓားပြတိုက်မှုတွေ ပေါ်ပေါ်တင်တင် ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း ပြည်တွင်းက ဒုစရိုက်မှုတွေနဲ့ မလုံခြုံမှုတွေကို အရေးယူခြင်းမရှိဘဲ ပြည်သူတွေကြုံရတဲ့ မလုံခြုံမှုတွေကို လျစ်လျူရှုထားတာ ဖြစ်ပါတယ်။

11 hours Ago

နာဂဒေသ လူငယ်ထူထောင်ရေးကျောင်း အကူအညီလိုအပ်နေ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဘိန်းစွဲနေတဲ့လူငယ်တွေကို ကူညီဘိန်းဖြတ်ကုသပေးနေတဲ့ အင်ရောမ်းဘဝသစ်ထူထောင်ရေးကျောင်းမှာ စားနပ်ရိက္ခာ၊ ကျောင်းအဆောင်နဲ့ တခြား အခြေခံ အဆောက်အအုံစတဲ့ လိုအပ်ချက်တွေရှိနေတယ်လို့ ကျောင်းတာဝန်ရှိသူက ပြောပါတယ်။  

အင်ရောမ်း ဘဝသစ်ထူထောင်ရေးကျောင်းဟာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်ခွဲ ပန်ဆောင်မြို့နယ် နောင်ယန်းရွာမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး နန်းယွန်းပန်ဆောင်ဒေသက ဘိန်းစွဲနေတဲ့လူငယ်တွေကို ဘိန်းဖြတ်ပေးတဲ့ နာဂနှစ်ခြင်းအသင်းတော်တွေရဲ့ ကိုယ်ထူကိုယ်ထ ကျောင်းတကျောင်းလည်းဖြစ်ပါတယ်။

ကျောင်းကတော့ လတ်တလော စားဝတ်နေရေး အဆင်ပြေဖို့ပဲ အဓိကထားရပြီး အဆောက်အဦဆိုရင်လည်း လုပ်အားပေးနဲ့ ပြင်ရနေရကာ ရေလှောင်ကန်တွေ၊ အဆောက်အဦတွေ အကုန်လိုအပ်ချက်တွေများစွာရှိနေတယ်လို့လည်း သိရပါတယ်။

ကျောင်းရဲ့ တာဝန်ရှိသူ ဘာသာရေးခေါင်းဆောင်က  “ကျမ်းစာသင်ပေးတယ်။ နှုတ်ကပတ်တော် အကြောင်းဝေမျှတယ်။ ဆေးဝါးအကူအညီ မပါသလို ကာယလေ့ကျင့်ခန်း အားကစားနည်းနည်းပါးပါးအပြင် တခြားဘာသင်ယူမှုတွေမှ မထည့်နိုင်ပါဘူး။ ၂ ဧကလောက်ရှိတဲ့ သံဇကာကာခြံဝင်းထဲ ပစ်ထည့်ထားရုံသက်သက်တော့ ဖြစ်ပေမဲ့ လူငယ်တွေ ဘိန်းပြတ်သွားပြီး ပြောင်းလဲသွားတာ များပါတယ်” လို့ပြောပါတယ်။

Namyun Association လို့ခေါ်တဲ့ နန်းယွန်း နာဂနှစ်ခြင်းအသင်းတော် ၄၇ ပါးက ရွာကြီးတရွာကို ဆန်အိတ် ၄ အိတ်၊ ရွာငယ် ၂၁ ရွာက ဆန်အိတ် ၃ အိတ်စီ ဝိုင်းထည့်ပြီး ဒီကျောင်းကို ဖွင့်ရကြောင်းလည်း သိရပါတယ်။

အပတ်စဥ်တခုမှာ ၆ လကြာမြင့်ကာ တာဝန်ခံနဲ့ ဓမ္မပညာနည်းပြ ၃ ယောက်ရှိပြီး ကျောင်းသားတဦးကို ဝင်ကြေးအဖြစ် ၁ သိန်း သတ်မှတ်ထားပါတယ်။

ကျောင်းဖွင့်တာက ၃ နှစ်ရှိနေပြီး အပတ်စဥ် ၆ ကို ရောက်လာပြီဖြစ်တဲ့ အင်ရောမ်းကျောင်းကို ဘိန်းဖြတ်လိုတဲ့ လူငယ်တွေနဲ့ ဘိန်းပြတ်စေချင်တဲ့ မိဘတွေ အားထားရတဲ့နေရာလည်း ဖြစ်ပါတယ်။

နာဂဒေသဟာ ဝေလံသီခေါင်တဲ့အတွက် မြို့တက်ပညာသင်ယူဖို့ ခက်ခဲလွန်းပြီး လယ်ယာလုပ်ငန်းနဲ့ ဟင်းခင်းလို့ခေါ်တဲ့ ဘိန်းခင်းတွေကလွဲလို့ ဝင်ငွေရမယ့် တခြား ဘယ်လိုအခွင့်အလမ်းမှ မရှိတာကြောင့် လူငယ်တွေဟာ ဘိန်းကို အပျော်စမ်းရာကနေ စွဲသွားတတ်ကြတာမို့ စီးပွားမဖြစ်ပေမဲ့ ဘိန်းစားတော့ ဖြစ်ကုန်တာပဲလို့လည်း ဒေသခံတွေက ပြောပါတယ်။

နာဂဒေသခံတဦးက “ပညာရေးတပိုင်းတစနဲ့ ပယင်းမှော် ရွှေမှော် ရောက်ကုန်တာ များပါတယ်။ အဲဒီလို အဝေးရောက်သွားတဲ့ ကလေး ၃၀ ရာခိုင်နှုန်းလောက်ပဲ လွတ်တယ်လို့ ပြောနိုင်ပေမဲ့ မှော်တွေထဲလည်း ပိုရလွယ်တာမို့ နာဂလူငယ်ကလေးတွေအတွက် ရင်လေးရပြီး အင်ရောမ်း ကျောင်းမှာက ယောက်ျားလေးတွေကိုပဲ အဓိကထားနိုင်သေးတာမို့ ခုဆို မိန်းကလေးတွေတောင် နည်းနည်းသုံးတတ်လာလို့ စိုးရိမ်နေရတယ်”လို့ ပြောပါတယ်။

ပန်ဆောင်ဆိုရင်တောင် ညပိုင်း မီးခဏပဲရတဲ့မြို့ဆိုတော့ ကျောင်းမှာ လျှပ်စစ်မီးလည်း မရှိသလို လက်မှုသင်ပေးရအောင်ကျတော့ လခတွေမပေးနိုင်ဘူးလို့ ဆိုပါတယ်။

နာဂဆိုရှယ်လစ်ကောင်စီကတော့  ၂၀၂၃ ကစပြီး ဘိန်းမစိုက်ဖို့ အမိန့်ထုတ်ထားပြီး ဒေသခံနာဂတိုင်းရင်းသားတွေအနေနဲ့ ဘိန်းအစားထိုးသီးနှံတွေ စိုက်ပျိုးဖို့ အကူအညီတွေ ရလိုတယ်လို့ ပြောပါတယ်။ 

11 hours Ago

ယင်းမာပင်၌ လက်နက်ကြီးကြောင့် ကလေး ၃ ဦး သေဆုံး၊ ကလေးမြို့နယ်တိုက်ပွဲတွင် PDF ရဲဘော် ၁ ဦး ကျဆုံး

စစ်ကိုင်းတိုင်း ယင်မာပင်မြို့နယ်၊ ဘန့်ဘွေးထန်ဇင်ရွာက စစ်ဘေးရှောင်တွေကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ကလေး ၃ ယောက် သေဆုံးပြီး လူကြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကြောင့် ၄ လအရွယ်၊ ၆ နှစ်အရွယ်နဲ့ ၁၆ နှစ်အရွယ် ကလေး ၃ ယောက် သေဆုံးခဲ့တာလို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ မေ ၁၁ ရက်က နဘူးတောရွာကို လက်နက်ကြီးနဲ့ပစ်ခတ်ဝင်ရောက်ကာ ရွာသား ကိုဌေးနိုင်ကို သတ်ဖြတ်ခဲ့ပြီး မေ ၁၂ ရက်မှာတော့ ဘန့်ဘွေးထန်ဇင်ရွာအုပ်စု၊ မယ်ဇော်တောဘက်ကို လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ကူညီကယ်ဆေးရေးလုပ်ပေးနေတဲ့ ဒေသခံ အမျိုးသမီးတဦးက “ဇူးဇူးစံ အသက် ၆ နှစ်က ရင်ဘက်ပွင့်ထွက်‌ သေတယ်။ မဝေဝေဌေး ၁၆ နှစ်က နေရာတင်ပွဲချင်းပြီး သေဆုံးတာပါ။ နောက် မဖြူစန်း အသက် ၃၀ ကျော်အရွယ်နဲ့ သူ့ရဲ့ ၄ လသားအရွယ် ကလေးငယ်ပါ။ ဖြူစန်းကတော့ ရင်ဘက်ကနေ နောက်လက်ပြင်ပေါက်ထွက် ဒဏ်ရာရယ်၊ သူ့ကလေးကတော့ ညာဘက်နားထင်ကနေ ဘယ်ဘက်နားထင်ပေါက်ထွက် ဒဏ်ရထားတယ်။ အခြေအနေကတော့ စောင့်ကြည့်အနေအထားပါ။ အသက် ၆၀ အရွယ် ဒေါ်ဌေးရီကတော့ ညာဘက်လက် ပြတ်ထွက်သွားတယ်။ ဒဏ်ရာရသူ‌‌တွေ အကုန်လုံးကတော့ စစ်ကြောင်းလည်းရှိနေတော့ ဆေးကုသဖို့ မဖြစ်နိုင်သေးတော့ သွေးထွက်လွန်နေတယ်” လို့ ပြောပါတယ်။ 

စစ်တပ်က ပစ်ခတ်ဝင်ရောက်ပြီးနောက် ထန်းဇင်တောထဲက ဒေသခံ ၁၀ ယောက်ကို ဖမ်းဆီးသွားပြီး ကနီမြို့နယ် လယ်ရှည်ရွာကို ထွက်သွားတယ်လို့ သိရပါတယ်။

အခုလို စစ်ကြောင်းထိုးလာတာကြောင့် ယင်းမာပင်မြို့နယ်ထဲက ထန်းဇင်ရွာ၊ မယ်ဇော်တောတိုက်၊ ရေသောက်ကန်တောတိုက်နဲ့ ကနီမြို့နယ် လယ်ရှည်ရွာ၊ တွင်းရွာကဒေသခံ ထောင်နဲ့ချီ ထွက်ပြေး နေရတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရာဇဂြိုဟ်ဘက်မှာလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ‌တွေ ပြုလုပ်ခဲ့တာ‌ကြောင့် PDF ရဲဘော်တဦး ကျဆုံးခဲ့တယ်လို့ ခုံသာရွာ ဒေသခံတွေက ပြောပါတယ်။

မေ ၁၁ ရက် မနေ့မနက်က စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ရာဇဂြိုဟ်အနီးက အကျဉ်းစခန်းကို ကလေး PDF တပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ကျနော်တို့အဖွဲ့က အကျဉ်းစခန်းကို မနက်ပိုင်း ဝင်တိုက်ခဲ့တာ။ တိုက်နေချိန် စစ်တပ်ဘက်က လေကြောင်းပစ်ကူတွေ သုံးလာလို့ နောက်ဆုတ်ခဲ့ရတယ်။ ရဲဘော် ကိုကျော်ကြီး တိုက်ပွဲမှာ ကျသွားတယ်။ စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှု အခြေအနေတော့ မသိခဲ့ရဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါတိုက်ပွဲကြောင့် တိုက်ပွဲဖြစ်ပွားရာအနီးက ရာဇဂြိုဟ်မြို့ အပါအဝင် အရှေ့ခုံသာ၊ အနောက်ခုံသာ၊ ကြက်ဖိနပ်ကျေးရွာတွေက ဒေသခံတွေပါ ကလေးမြို့ပေါ်တွေနဲ့ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“စစ်ရှောင်လူဦးရေကတော့ များတယ်။ ရာသီသီးနှံ (မြေပဲနဲ့ နေကြာ) သိမ်းနေချိန်ကြီး ပြေးကြရတာ။ ရွာထဲတွေတော့ ပစ်တာမျိုးမရှိသေးဘူး။ ရွာမှာမနေရဲလို့ တိမ်းရှောင်ကြတဲ့ သဘောပါ။”

အဲ့‌ဒီတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထား မတွေ့ရသေးပေမဲ့ ရာဇဂြိုဟ်အကျဉ်းစခန်းမှာ စစ်ကောင်စီတပ်သားတွေ အင်အားတိုးချဲ့ ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

11 hours Ago

မြဝတီမှ မဲဆောက်သွားမည့်သူများကို စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများက မှတ်ပုံတင်သိမ်းပြီး ငွေကြေးတောင်းခံနေ

ကရင်ပြည်နယ်၊ မြဝတီမြို့ကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ထိုင်း-မြန်မာချစ်ကြည်ရေး တံတား အမှတ် ၁ ကနေ သွားလာသူတွေကို စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေက မှတ်ပုံတင်သိမ်းကာ ငွေကြေးတောင်းခံနေတယ်လို့ မြဝတီ-မဲဆောက် ဖြတ်သန်းသွားလာနေသူတွေထံက သိရပါတယ်။

စစ်ကောင်စီတပ် လက်အောက်ခံ ရဲဝန်ထမ်းတွေနဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ဝန်ထမ်းတွေက တံတားပေါ် ဖြတ်သန်းသွားလာတဲ့ လူငယ်အများစုရဲ့ မှတ်ပုံတင်တွေကို သိမ်းဆည်းကာ ပြန်လိုချင်ရင် ငွေကျပ် ၁၀,၀၀၀ ပေးရမယ်ဆိုပြီး ငွေညှစ်တောင်းခံတာတွေ ရှိနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတဦးက ပြောပါတယ်။

“မြန်မာဘက်က ရဲတွေပါ၊ လုံခြုံရေးယူထားတဲ့ သေနတ်ကိုင် အစောင့်ရဲတွေ၊ ငွေညှစ်ဖို့ ခြိမ်းခြောက်ညစ်ပတ်တာပါပဲ။ အလုပ်သွားလုပ်မှာ မဟုတ်လား၊ ပြန်မလာဘူးမဟုတ်လား၊ ဒီလိုစကားတွေသုံးပြီး မှတ်ပုံတင်ထားခဲ့ဆိုပြီး ညစ်ပတ်တာပါ။ မထားသွားချင် ၁၀,၀၀၀ ပေးခဲ့ဆိုပြီး ငွေညှစ်ပါတယ်။ မြန်မာပြည်ဘက်ရဲနဲ့ လဝကတွေရဲ့ ညစ်ပတ်မှုတွေပါ။”

မြဝတီမြို့ကနေ မဲဆောက်မြို့ကို သွားတဲ့အခါမှာ ပုံမှန် မြန်မာငွေကျပ် ၂,၀၀၀ သာ ပေးဆောင်ရပေမဲ့ လူငယ်အများစုကိုတော့ မှတ်ပုံတင်သိမ်းယူထားကာ ဓာတ်ပုံရိုက်တာ၊ တုံးထုတာတွေနဲ့ စစ်ကောင်စီလက်အောက်ခံ ရဲဝန်ထမ်းရှိရာနေရာနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ရှိရာနေရာ စုစုပေါင်း ၃ နေရာဖြတ်ရပြီး တနေရာကို မြန်မာငွေ ကျပ် ၅,၀၀၀ ကနေ ၁၀,၀၀၀ အထိ ပေးဆောင်ရတယ်လို့ မြဝတီ-မဲဆောက် ကားမောင်းနေသူတဦးက ပြောပါတယ်။

“သူတို့က အလုပ်လုပ်နိုင်တဲ့ အရွယ်ဆိုရင် မှတ်ပုံတင်ယူထားလိုက်တယ်။ ပြီးရင် ဓာတ်ပုံရိုက်စရာရိုက်တယ်၊ နောက်ပြီး ဘာသွားလုပ်မှာလဲလို့ မေးတယ်။ လူတွေကတော့ အလည်အပတ်သွားမယ်လို့ ဖြေကြတာပေါ့။ အလည်သွားမှာဆိုရင် မှတ်ပုံတင် ပြန်လာမှယူလို့ ပြောတယ်။ တကယ်အလုပ်လုပ်မယ့်သူတွေကျတော့ အကြာကြီးထားခဲ့လို့ မရဘူးလေ။ အဲ့ဒါနဲ့ သုံးနေရာပို့လိုက်တယ်။ တတွဲတည်း ဓာတ်ပုံရိုက်ပြီး ထွက်လာရင် လဝက က ထပ်တောင်းတယ်။ ပြီးရင် လမ်းဆက်လျှောက်၊ အဲ့မှာ ရဲတွေရှိတဲ့နေရာကိုဖြတ်ပြီး ၁၀,၀၀၀၊ ကျန်းမာရေးဝန်ထမ်းတွေကို ၅,၀၀၀ ဆိုပြီး ပေးရတယ်။ အားလုံး ၃၀,၀၀၀ လောက် ပေးရတယ်။”

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်ကစပြီး မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ် ၁ တံတားကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းတွေက သွားလာသူတွေကို ​အခုလို မှတ်ပုံတင်သိမ်းကာ ငွေကြေးတောင်းခံတာတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

အလားတူ တံတားပေါ် ဖြတ်သန်းသွားလာသူတွေထဲက ကိုဗစ်ဆေး ၄ ကြိမ်ပြည့်အောင် မထိုးရသေးတဲ့ သူတွေကိုလည်း မြန်မာငွေ ကျပ် ၃၀,၀၀၀ ကနေ ၅၀,၀၀၀ အထိတောင်းခံပြီး ဆေးလက်မှတ်တွေ လုပ်ဆောင်ပေးနေတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

12 hours Ago

နန်းမားမြို့နယ်တွင် တိုက်ပွဲဖြစ်

ကချင်ပြည်နယ်၊ နန်းမားမြို့နယ်မှာ မေ ၁၂ မနက်ပိုင်းက စတင် တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီး ကျည်ထိမှန်လို့ အရပ်သား ၂ ယောက် သေဆုံးပြီး  ထိခိုက် ဒဏ်ရာရသူတွေ ရှိတယ်လို့  ဒေသခံတွေထံက သိရပါတယ်။

မေ ၁၁ ရက်က နန်းမားမြို့နယ်မြေရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး နှစ်ဘက် ပစ်ခတ်မှု ဖြစ်ပွားရာမှာ ဒုရဲအုပ် တစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီးနောက် အခုလို တိုက်ပွဲဖြစ်ပွားလာတာပါ။

ဒေသခံ တဦးက "မနက် ၇ နာရီလောက်ကတည်းက တိုက်ပွဲဖြစ်နေတာ။ စစ်တပ်နဲ့ KIA /PDF နှစ်ဘက်စလုံး ပစ်နေတာ။ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်တယ်။  လူနေရပ်ကွက်ထဲ လက်နက်ကြီး ကျည်ကျတယ်။  အမျိုးသား တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေတယ်။ နောက်ပြီး ထိခိုက် ဒဏ်ရာရသူတွေလည်း ရှိတယ် " လို့ ဆိုပါတယ်။

မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ KIA /PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်နေတာဖြစ်ပြီး တိုက်ပွဲကြားမှာ အရပ်သား အမျိုးသား တဦးနဲ့ အမျိုးသမီး တဦး လက်နက်ကြီးကျည် ထိမှန် သေဆုံးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နန်းမားမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ဒေသခံတွေဟာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဘုရားကျောင်းတွေမှာ ပြောင်းရွှေ့နေထိုင်ကြတာရှိသလို မိုးညှင်းမြို့ပေါ်ကို စစ်ဘေး တိမ်းရှောင် နေသူတွေလည်းရှိပါတယ်။

နှစ်ဘက် တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် စစ်တပ်က နန်းမားမြို့အတွင်း သွားလာခွင့် ပိတ်ထားကာ စစ်အုပ်ချုပ်ရေး ကြေညာထားပြီး လုံခြုံရေးတင်းကျပ်ထားတယ်လို့ သိရပါတယ်။

12 hours Ago

ကော့သောင်းရှိ စစ်တပ်ဂိတ်တွင် ပေါက်ကွဲမှုဖြစ်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ဆယ်မိုင်ကျေးရွာက စစ်ကောင်စီဂိတ်‌ရှေ့မှာ ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၁၁ ရက် ညနေ ၅ နာရီလောက်မှာ ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီဂိတ်ရဲ့ အုပ်ချုပ်ရေးမှူးရုံး ရှေ့တည့်တည့်မှာ ကျရောက်ပေါက်ကွဲခဲ့ကာ ထိခိုက်သူ တစုံတရာ မရှိခဲ့ဘူးလို့ သိရပါတယ်။

ဒေသခံတဦးက “ပေါက်ကွဲတာက ဗုံးတော့မဟုတ်ဘူး။ ရွာနားက ဓနိအုန်းတောဘက်ကနေ ပစ်လိုက်တာလို့ သိရတယ်။ ဒီဂိတ်က အုပ်ချုပ်ရေးမှူးရုံးရှေ့ကို နှစ်လုံးကျသွားတယ်တဲ့။ ဘာနဲ့ပစ်မှန်းတော့ မသိရဘူး။ ဖြစ်ပြီး‌တော့ ဂိတ်ရှေ့မှာ စစ်သားရော ရဲတွေရော အများကြီး စုနေကြတယ်” လို့ ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်တာနဲ့ ချက်ချင်း စစ်ကောင်စီဂိတ်ကို ဖြတ်သန်းခွင့်ပိတ်လိုက်ကာ ဆယ်မိုင်ကျေးရွာ ကမ်းနားဘက်ကို စစ်ကားတစီး မောင်းထွက်သွားပြီး ညနေ ၆ နာရီကျော်လောက်မှာ ဂိတ်ပြန်ဖွင့်ပေးလိုက်တယ်လို့ သိရပါတယ်။

ဆယ်မိုင်ကျေးရွာမှာ ၂ဝ၂၁ စစ်တပ်အာဏာသိမ်းတဲ့ အစောပိုင်းကာလတုန်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတဦး အသတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ရွာသား ၈ ဦးအထိ ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့တယ်လို့ သိရပါတယ်။

13 hours Ago

ပုဏ္ဏားကျွန်း မြေနိမ့်ပိုင်းကျေးရွာများမှ ပြည်သူများကို မုန်တိုင်းဘေးလွတ်ရာ ရွှေ့ပြောင်း

အင်အားအလွန့်အလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဝင်ရောက်ဖို့ရှိနေတာကြောင့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ မြေနိမ့်ပိုင်းကျေးရွာက ဒေသခံပြည်သူတွေကို မေ ၁၂ ရက် နေ့လယ်ပိုင်းမှာ ရက္ခိုင့်တပ်တော် (ULA/AA) က ဘေးလွတ်ရာနေရာတွေကို ရွှေ့ပြောင်းပေးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်း အန္တရာယ်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပုဏ္ဏားကျွန်းမြို့နယ် မြေနိမ့်ပိုင်းကျေးရွာတွေက ဒေသခံပြည်သူတွေကို မေ ၁၂ ရက် နေ့လယ် ၁၂ နာရီလောက်မှာ ရက္ခိုင့်တပ်တော် (ULA/AA) တပ်ဖွဲ့ဝင်တွေက ဘေးလွတ်ရာနေရာတွေကို ရွှေ့ပြောင်းပေးခဲ့တယ်လို့ ဇိပ်ပင်ရင်းကျေးရွာ ဒေသခံအမျိုးသမီးတယောက်ဖြစ်တဲ့ မဆန်းဆန်းယဥ်က ဒီဗွီဘီကို ပြောပါတယ်။

“အေအေ ရဲဘော်တွေက ကျမတို့ပြည်သူတွေကို စက်လှေတွေနဲ့ လာကယ်တာဖြစ်ပြီး လူကြီးတွေနဲ့ ကလေးငယ်တွေကို ကျောပိုးပြီး စက်လှေတွေပေါ်ကို တင်ပေးတယ်။ အထုပ်အပိုးတွေနဲ့ ပစ္စည်းတွေကိုလည်း သယ်ပေးကြတယ်။ တခေါက်နဲ့ အဆင်မပြေလို့ စက်လှေနဲ့ ၂ ခေါက် ၃ ခေါက်လောက် ပြောင်းရွှေ့ပေးကြတာ။ ကျမတို့ရွာက ပြည်သူတွေကတော့ အလယ်ချောင်း၊ မကျည်းချောင်း၊ သာယာကုန်း ကျေးရွာတွေက နီးစပ်တဲ့ ဆွေမျိုးတွေဆီမှာ ခိုလှုံနေကြတယ်။ ကျမတို့က ကုန်းနိမ့်ပိုင်းမှာနေတာဆိုတော့ ဒီရေတွေ တက်လာမှာစိုးလို့ ‌အေအေ တပ်ဖွဲ့ဝင်တွေက ပြောပြပြီး စာဝတ်နေရေးကအစ ကူညီပေးမယ်လို့ ပြောဆိုကာ ပြည်သူကို ကူညီပေးခဲ့တာကြောင့် ရက္ခိုင့်တပ်တော်ကို ကျေးဇူးတင်တယ်။”

ဇိပ်ပင်ရင်းကျေးရွာဟာ အရင်နှစ်တွေကလည်း နှစ်စဥ်နီးပါး မုန်တိုင်းဒဏ်ကို ခံခဲ့ရပြီး ကုန်းမြင့်ပိုင်းဖြစ်တဲ့ အလယ်ချောင်းကျေးရွာဘက်ကို တိမ်းရှောင်ခဲ့ရကာ နေအိမ်တွေ သောက်သုံးရေကန်တွေကို ဆားငန်ရေတွေ ဝင်ရောက်ခဲ့လို့ သောက်သုံးရေတွေကို ဘေးပတ်ဝန်းကျင်ရွာတွေက သယ်ယူပြီး အသုံးပြုခဲ့ရတယ်လို့ ပြောပါတယ်။

ရွာမှာရှိတဲ့ ကျွဲနွားတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုတော့ လူငယ်ပိုင်းတွေ စောင့်နေခဲ့ပြီး စက်လှေတွေ စက်မောင်းဆီတွေ အဆင်သင့်ပြုလုပ်ထားကာ အ​ခြေအနေမကောင်းရင်တော့ အလယ်ချောင်းဘက်ကို ပြေးလာကြမှာလို့ ဆိုပါတယ်။

ဂူဝကျေးရွာက မုန်တိုင်းအန္တရာယ်ကာကွယ်ရေးအဖွဲ့ရဲ့ နာယက ဦးဝင်းသိန်းထွန်းက “မုန်တိုင်းအန္တရာယ်ကာကွယ်ရေး အဖွဲ့ဖွဲ့ပြီး ပုဏ္ဏားကျွန်းမြို့ ဂူဝဘုရားနားမှာ ကယ်ဆယ်ရေးစခန်း ဖွင့်ထားပါတယ်။ အခုက ပေါက်တောမြို့နယ် ငဝက်စွယ်ကျေးရွာက ပြည်သူတွေ စက်လှေတွေနဲ့ ရောက်နေကြတယ်။ ပြီးတော့ စစ်တွေမြို့ (မြောက်) စံပြ ရပ်ကွက်က ပြည်သူတွေလည်း ၂၀/၃၀ လောက် ရောက်နေတယ်” လို့ ပြောပါတယ်။

ပေါက်တောမြို့နယ် ဇေယျဝတီရွာကလည်း စက်လှေ ၂ စီးနဲ့ လူဦးရေ ၅၀ လောက် ရောက်နေပြီး အားလုံး စုစုပေါင်း လူဦးရေ ၁၅၀ လောက် ရောက်ရှိနေကာ နောက်ထပ်လည်း မုန်တိုင်းရှောင်ပြည်သူ အများအပြား ရောက်လာဖို့ ရှိသေးတယ်လို့ ဆိုပါတယ်။

ပေါက်တောမြို့နယ် ငဝက်စွယ်ရွာကတော့ မြေနိမ့်ပိုင်းဖြစ်တာကြောင့် နှစ်စဥ် မုန်တိုင်းဝင်ရင် ရေလွှမ်းမိုးမှုဒဏ်ကို ခံကြရလို့ ပုဏ္ဏာကျွန်းမြို့နဲ့နီးပြီး ဆေးရုံဆေးခန်းတွေလည်း အဆင်သင့်ရှိတာကြောင့် ဂူဝဘုရားဘက်ကို ခိုလှုံလာကြတာလို့ ဦးဝင်းသိန်းထွန်းက ပြောပါတယ်။

လက်ရှိအခြေနေမှာတော့ သူတို့ကို နေရာထိုင်ခင်းတွေ ချထားပေးပြီး လူဦးရေစာရင်း ကောက်ခံနေကာ စားရေးသောက်ရေးအတွက်ကတော့ သက်ဆိုင်ရာလူကြီးတွေနဲ့ ဆွေးနွေးနေတုန်းပဲလို့ ဆိုပါတယ်။

ရက္ခိုင့်တပ်တော်အနေနဲ့ ပုဏ္ဏားကျွန်းမြို့နယ် မြေနိမ့်ပိုင်းကျေးရွာတွေဖြစ်တဲ့ ဇိပ်ပင်ရင်း၊ ကြိမ်ကျွန်း၊ ကျွန်းချေ၊ မက္ကလာကျနဲ့ ကုလားချောင်းကျေးရွာတွေက ဒေသခံပြည်သူတွေကို ဘေးလွတ်ရာနေရာတွေကို ပြောင်းရွှေ့ပေးခဲ့သလို ကျေးရွာပေါင်း ၂၁ ရွာက ပြည်သူ ၂၀,၀၀၀ နီးပါးလောက်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့တယ်လို့ ရက္ခိုင့်တပ်တော်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့  အလွန့်အလွန်အားကောင်းတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ မေ ၁၄ ရက် နေ့လယ်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားမြို့နဲ့ ကျောက်ဖြူမြို့ကြား စစ်တွေမြို့နားက ဖြတ်ကျော်နိုင်လို့ အနီရောင်အဆင့် သတ်မှတ်ထားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

13 hours Ago

အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA) စစ်တွေမြို့အနီးမှ ဖြတ်မည်၊ အနီရောင်အဆင့် သတိပေး

အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA)ဟာ  မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့(Sittwe)အနီးမှ အားအလွန်ကောင်းသောအဆင့်နဲ့ ဖြတ်ကျော် နိုင်တဲ့အတွက် အနီရောင်အဆင့် သတ်မှတ်ကြောင်း မိုးဇလဌာနက ဒီကနေ့ မေလ ၁၃ ရက်မနက်မှာ ထုတ်ပြန်ပါတယ်။

အနီရောင်အဆင့်ဟာ မုန်တိုင်း မြန်မာ့ကမ်းရိုးတန်းဆီသို့ မဖြတ်ကျော်မီ ၁၂ နာရီအလိုအချိန်လို့ သတ်မှတ်ပေမဲ့ အခုဖြစ်ပေါ်နေတဲ့ မုန်တိုင်းဟာ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့ အနီးမှ အားအလွန်ကောင်းတဲ့အဆင့်နဲ့  ဖြတ်ကျော်နိုင်လို့  အနီရောင်အဆင့် သတ်မှတ်တာလို့ ဆိုပါတယ်။

မိုခါမုန်တိုင်းဟာ မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၂၆၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ရဲ့ အနောက်-အနောက် တောင်ဘက်ရေမိုင်(၃၀၅)မိုင်ခန့်၊ စစ်တွေမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင်(၃၅၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားရဲ့ မြောက်- အနောက်မြောက်ဘက် ရေမိုင်(၃၁၅)မိုင်ခန့်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ရဲ့ တောင်-အနောက်တောင်ဘက် ရေမိုင်(၃၈၅)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ 

မုန်တိုင်းရဲ့ ဗဟိုချက်လေဖိအား (၉၆၄)ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် မိုင်(၁၀၅)မှ (၁၁၅)မိုင်နှုန်းခန့် ရှိတယ်လို့ဆိုပါတယ်။ 

နောက် ၄၈ နာရီအတွင်း “မိုခါ” မုန်တိုင်းဟာ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နဲ့ မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့ကြား စစ်တွေမြို့အနီးကနေ မေလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းမှာ  ဖြတ်ကျော်ဝင်ရောက်နိုင်ပါသည်။ ထို့နောက် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဆီကို အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဆက်လက်ရွေ့ လျားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ရခိုင်ပြည်နယ်တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၁၀၀)မှ မိုင်(၁၁၀)ခန့်အထိ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှာ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် မိုင်(၄၀)မှ မိုင်(၆၀)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။ 

မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မောင်တော ခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၁၄)ပေမှ (၁၈)ပေခန့်အထိနဲ့ ကျောက်ဖြူခရိုင်ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၁၀)ပေမှ (၁၄) ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

မုန်တိုင်းအရှိန်ကြောင့် ဒီနေ့မနက်မှ မေ ၁၅ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊‌ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန် ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပါတယ်။

စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ချင်း ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ဒေသအလိုက်နဲ့ နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်၊ မိုးကြီး၊ ရုတ်တရက် ရေကြီးမြေပြို ဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသအနီး နေထိုင်သူတွေ မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေ ရေကြီး၊ ရေလျှံမှုကို ကြိုတင်သတိပြုနေထိုင်ကြဖို့  မိုးဇလက အကြံပြုပါတယ်။

ဒါ့အပြင် ပြည်တွင်း လေကြောင်းပျံသန်းရေးနဲ့ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ် ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ သင်္ဘောတွေနေနဲ့ ကြိုတင်သတိပြုရှောင်ရှားကြဖို့ တိုက်တွန်းထားပါတယ်။

14 hours Ago

မုန်းမြို့နယ်၊ ညောင်ပင်သာရွာသား ၁၉ ဦးထက်မနည်းကို စစ်အုပ်စုမီးရှို့သတ်ဖြတ်

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ထဲက ညောင်ပင်သာကျေးရွာသား ၁၉ ယောက်ထက်မနည်းကို စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်ခံခဲ့ရတယ်လို့ ကေအန်ယူဗဟိုက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်တွေဖြစ်တဲ့ တပ်မ - ၄၄ ၊ ခလရ - ၇၃ ၊ ခမရ - ၅၉၉ ၊ ခမရ - ၅၉၀ နဲ့ ခလရ - ၄၈ တို့ဟာ အဆိုပါ ကျေးရွာမှာ တပ်စုပြီး စစ်ရေးလှုပ်ရှားဖို့ရှိတာကြောင့် ပြီးခဲ့တဲ့ မေ ၁၀ ရက်မှာ ကျေးရွာအနားကို ရောက်ရှိလာပြီး ညနေ ၅ နာရီ မိနစ် ၂၀ လောက်မှာ စစ်ကောင်စီ စုပေါင်းစစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ - ၃ လက်အောက်ခံ လုံခြုံရေး စစ်ကြောင်းတို့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အဲဒီလို ထိတွေ့ ပစ်ခတ်မှုမှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီး ၁ ယောက်၊ ဒုဗိုလ် ၁ ယောက်၊ တပ်ကြပ်ကြီး ၁ ယောက်နဲ့ တပ်သား ၂ ယောက် သေဆုံးခဲ့ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ည ၈ နာရီလောက်မှာတော့ စစ်ကောင်စီ စုပေါင်းစစ်ကြောင်းဟာ ညောင်ပင်သာရွာထဲကို ဝင်ရောက်ပြီး မကြာခင်မှာပဲ ရွာထဲမှာ မီးတွေတောက်လောင်နေတာကို မြင်တွေ့ခဲ့ရတာလို့ ဆိုပါတယ်။

အဲဒီနောက် မေ ၁၁ ရက်မှာတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၃ လက်အောက်ခံ စစ်ကြောင်းက ညောင်ပင်သာရွာထဲကို ဝင်ရောက်ရှင်းလင်းခဲ့ချိန်မှာတော့ အပြစ်မဲ့ပြည်သူတွေဖြစ်ကြတဲ့ ညောင်ပင်သာရွာသားတွေကို စစ်ကောင်စီတပ်က အကြမ်းဖက် မီးရှို့ သတ်ဖြတ်ထားတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ မီးရှို့ သတ်ဖြတ်ခံခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူ ၁၉ ယောက်ကိုသာ ကောက် ယူထားနိုင်သေးပြီး တခြားပျောက်ဆုံးနေသူတွေ ရှိနေသေးတယ်လို့ ကေအန်ယူဗဟို ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီ စစ်ကြောင်းဟာ အခုထိတိုင် ညောင်ပင်သာရွာ အနီးအနားမှာ ရှိနေသေးတဲ့အပြင် လက်ရှိအခြေအနေအရ အဆိုပါနေရာဟာ စစ်မြေပြင်သဖွယ်ရှိနေတဲ့ အတွက်ကြောင့် နယ်မြေခံ တာဝန်ရှိသူတွေအနေနဲ့ ပျောက်ဆုံးပြည်သူတွေရဲ့ စာရင်းကို လိုက်လံကောက်ယူနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ကေအန်ယူနယ်မြေအတွင်းမှာတော့ အခု ၂၀၂၃ ခုနှစ်၊ ပထမ ၄ လတာကာလတွေအတွင်း တိုက်ပွဲအကြိမ်ရေ ၁,၆၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ပေါင်း ၁,၇၀၀ ကျော် သေဆုံးကာ ၁,၁၈၈ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်အုပ်စုဘက်က သေဆုံးခဲ့သူတွေထဲ တပ်ရင်းမှူး ၅ ယောက်ထိ ပါဝင်နေပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ၅၉ ယောက် ကျဆုံးခဲ့ကာ ၁၉၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကေအန်ယူနယ်မြေထဲမှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်း ပြီးချိန်ကတည်းက လက်ရှိအချိန်အထိ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံ နယ်ခြား စောင့်တပ်တွေဟာ စစ်ရေးလှုပ်ရှားမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တနေ့တခြား ပိုမိုတိုးမြင့်လုပ်ဆောင်လာတာကြောင့် ဒေသခံပြည်သူ ၄ သိန်းကျော် အသက်ဘေးလွတ် ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ စာနပ်ရိက္ခာမလုံ လောက်မှု၊ နေရာထိုင်ခင်းအတွက် အမိုးအကာ မလုံလောက်မှု၊ ကျန်းမာရေးဆိုင်ရာ ဆေးဝါး မလုံလောက်မှုပြသနာတွေနဲ့လည်း ရင်ဆိုင် ကြုံတွေ့နေကြရပြီး အရေးပေါ် လူသားခြင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေလည်း လိုအပ်နေတယ်လို့ ကေအန်ယူဗဟို ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်တပ်က ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြရာမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိပါဘူး။

14 hours Ago
Up