ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင် ကျေးရွာမှာ မေ ၁၂ ရက်ညက ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသား ၁ ဦးနဲ့ ဟိုတယ် ဝန်ထမ်း ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှင်းရင်ဟိုတယ်အနီး စစ်ကောင်စီတပ်ရောက်ရှိလာပြီးနောက် ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
"ည ၁၀ နာရီလောက် ဟိုတယ်ရှေ့ကို စစ်တပ်ရောက်လာတယ်။ မကြာဘူး နှစ်ဘက် ပစ်ခတ်သံတွေကြားရတယ်။ စစ်တပ်နဲ့ ဘယ်အဖွဲ့နဲ့ ပစ်တာလဲတော့ တိတိကျကျမသိရဘူး။ အဲ့ဒီမှာ အမျိုးသား ၁ ဦးနဲ့ ဟိုတယ် ဝန်ထမ်း ၂ ဦး သေတယ်" လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
သေဆုံးသွားသူတွေ ဘယ်သူတွေဆိုတာနဲ့ ဘယ်အဖွဲ့နဲ့ပစ်ခတ်မှုဖြစ်တယ်ဆိုတာ တိတိကျကျ မသိရသေးပါဘူး။
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာ မတ် ၁၈ ရက်က စစ်ကောင်စီတပ်နဲ့ KIA /PDF ပူးပေါင်းတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အရပ်သား ပြည်သူ ၆ ဦး သေဆုံးခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ယင်မာပင်မြို့နယ်၊ ဘန့်ဘွေးထန်ဇင်ရွာက စစ်ဘေးရှောင်တွေကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ကလေး ၃ ယောက် သေဆုံးပြီး လူကြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးကြောင့် ၄ လအရွယ်၊ ၆ နှစ်အရွယ်နဲ့ ၁၆ နှစ်အရွယ် ကလေး ၃ ယောက် သေဆုံးခဲ့တာလို့ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ မေ ၁၁ ရက်က နဘူးတောရွာကို လက်နက်ကြီးနဲ့ပစ်ခတ်ဝင်ရောက်ကာ ရွာသား ကိုဌေးနိုင်ကို သတ်ဖြတ်ခဲ့ပြီး မေ ၁၂ ရက်မှာတော့ ဘန့်ဘွေးထန်ဇင်ရွာအုပ်စု၊ မယ်ဇော်တောဘက်ကို လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ကူညီကယ်ဆေးရေးလုပ်ပေးနေတဲ့ ဒေသခံ အမျိုးသမီးတဦးက “ဇူးဇူးစံ အသက် ၆ နှစ်က ရင်ဘက်ပွင့်ထွက် သေတယ်။ မဝေဝေဌေး ၁၆ နှစ်က နေရာတင်ပွဲချင်းပြီး သေဆုံးတာပါ။ နောက် မဖြူစန်း အသက် ၃၀ ကျော်အရွယ်နဲ့ သူ့ရဲ့ ၄ လသားအရွယ် ကလေးငယ်ပါ။ ဖြူစန်းကတော့ ရင်ဘက်ကနေ နောက်လက်ပြင်ပေါက်ထွက် ဒဏ်ရာရယ်၊ သူ့ကလေးကတော့ ညာဘက်နားထင်ကနေ ဘယ်ဘက်နားထင်ပေါက်ထွက် ဒဏ်ရထားတယ်။ အခြေအနေကတော့ စောင့်ကြည့်အနေအထားပါ။ အသက် ၆၀ အရွယ် ဒေါ်ဌေးရီကတော့ ညာဘက်လက် ပြတ်ထွက်သွားတယ်။ ဒဏ်ရာရသူတွေ အကုန်လုံးကတော့ စစ်ကြောင်းလည်းရှိနေတော့ ဆေးကုသဖို့ မဖြစ်နိုင်သေးတော့ သွေးထွက်လွန်နေတယ်” လို့ ပြောပါတယ်။
စစ်တပ်က ပစ်ခတ်ဝင်ရောက်ပြီးနောက် ထန်းဇင်တောထဲက ဒေသခံ ၁၀ ယောက်ကို ဖမ်းဆီးသွားပြီး ကနီမြို့နယ် လယ်ရှည်ရွာကို ထွက်သွားတယ်လို့ သိရပါတယ်။
အခုလို စစ်ကြောင်းထိုးလာတာကြောင့် ယင်းမာပင်မြို့နယ်ထဲက ထန်းဇင်ရွာ၊ မယ်ဇော်တောတိုက်၊ ရေသောက်ကန်တောတိုက်နဲ့ ကနီမြို့နယ် လယ်ရှည်ရွာ၊ တွင်းရွာကဒေသခံ ထောင်နဲ့ချီ ထွက်ပြေး နေရတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရာဇဂြိုဟ်ဘက်မှာလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူတွေ ပြုလုပ်ခဲ့တာကြောင့် PDF ရဲဘော်တဦး ကျဆုံးခဲ့တယ်လို့ ခုံသာရွာ ဒေသခံတွေက ပြောပါတယ်။
မေ ၁၁ ရက် မနေ့မနက်က စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ရာဇဂြိုဟ်အနီးက အကျဉ်းစခန်းကို ကလေး PDF တပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ကျနော်တို့အဖွဲ့က အကျဉ်းစခန်းကို မနက်ပိုင်း ဝင်တိုက်ခဲ့တာ။ တိုက်နေချိန် စစ်တပ်ဘက်က လေကြောင်းပစ်ကူတွေ သုံးလာလို့ နောက်ဆုတ်ခဲ့ရတယ်။ ရဲဘော် ကိုကျော်ကြီး တိုက်ပွဲမှာ ကျသွားတယ်။ စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှု အခြေအနေတော့ မသိခဲ့ရဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါတိုက်ပွဲကြောင့် တိုက်ပွဲဖြစ်ပွားရာအနီးက ရာဇဂြိုဟ်မြို့ အပါအဝင် အရှေ့ခုံသာ၊ အနောက်ခုံသာ၊ ကြက်ဖိနပ်ကျေးရွာတွေက ဒေသခံတွေပါ ကလေးမြို့ပေါ်တွေနဲ့ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“စစ်ရှောင်လူဦးရေကတော့ များတယ်။ ရာသီသီးနှံ (မြေပဲနဲ့ နေကြာ) သိမ်းနေချိန်ကြီး ပြေးကြရတာ။ ရွာထဲတွေတော့ ပစ်တာမျိုးမရှိသေးဘူး။ ရွာမှာမနေရဲလို့ တိမ်းရှောင်ကြတဲ့ သဘောပါ။”
အဲ့ဒီတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထား မတွေ့ရသေးပေမဲ့ ရာဇဂြိုဟ်အကျဉ်းစခန်းမှာ စစ်ကောင်စီတပ်သားတွေ အင်အားတိုးချဲ့ ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ်၊ နန်းမားမြို့နယ်မှာ မေ ၁၂ မနက်ပိုင်းက စတင် တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီး ကျည်ထိမှန်လို့ အရပ်သား ၂ ယောက် သေဆုံးပြီး ထိခိုက် ဒဏ်ရာရသူတွေ ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မေ ၁၁ ရက်က နန်းမားမြို့နယ်မြေရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး နှစ်ဘက် ပစ်ခတ်မှု ဖြစ်ပွားရာမှာ ဒုရဲအုပ် တစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီးနောက် အခုလို တိုက်ပွဲဖြစ်ပွားလာတာပါ။
ဒေသခံ တဦးက "မနက် ၇ နာရီလောက်ကတည်းက တိုက်ပွဲဖြစ်နေတာ။ စစ်တပ်နဲ့ KIA /PDF နှစ်ဘက်စလုံး ပစ်နေတာ။ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်တယ်။ လူနေရပ်ကွက်ထဲ လက်နက်ကြီး ကျည်ကျတယ်။ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေတယ်။ နောက်ပြီး ထိခိုက် ဒဏ်ရာရသူတွေလည်း ရှိတယ် " လို့ ဆိုပါတယ်။
မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ KIA /PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်နေတာဖြစ်ပြီး တိုက်ပွဲကြားမှာ အရပ်သား အမျိုးသား တဦးနဲ့ အမျိုးသမီး တဦး လက်နက်ကြီးကျည် ထိမှန် သေဆုံးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နန်းမားမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ဒေသခံတွေဟာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဘုရားကျောင်းတွေမှာ ပြောင်းရွှေ့နေထိုင်ကြတာရှိသလို မိုးညှင်းမြို့ပေါ်ကို စစ်ဘေး တိမ်းရှောင် နေသူတွေလည်းရှိပါတယ်။
နှစ်ဘက် တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် စစ်တပ်က နန်းမားမြို့အတွင်း သွားလာခွင့် ပိတ်ထားကာ စစ်အုပ်ချုပ်ရေး ကြေညာထားပြီး လုံခြုံရေးတင်းကျပ်ထားတယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ဆယ်မိုင်ကျေးရွာက စစ်ကောင်စီဂိတ်ရှေ့မှာ ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေ ၁၁ ရက် ညနေ ၅ နာရီလောက်မှာ ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီဂိတ်ရဲ့ အုပ်ချုပ်ရေးမှူးရုံး ရှေ့တည့်တည့်မှာ ကျရောက်ပေါက်ကွဲခဲ့ကာ ထိခိုက်သူ တစုံတရာ မရှိခဲ့ဘူးလို့ သိရပါတယ်။
ဒေသခံတဦးက “ပေါက်ကွဲတာက ဗုံးတော့မဟုတ်ဘူး။ ရွာနားက ဓနိအုန်းတောဘက်ကနေ ပစ်လိုက်တာလို့ သိရတယ်။ ဒီဂိတ်က အုပ်ချုပ်ရေးမှူးရုံးရှေ့ကို နှစ်လုံးကျသွားတယ်တဲ့။ ဘာနဲ့ပစ်မှန်းတော့ မသိရဘူး။ ဖြစ်ပြီးတော့ ဂိတ်ရှေ့မှာ စစ်သားရော ရဲတွေရော အများကြီး စုနေကြတယ်” လို့ ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်တာနဲ့ ချက်ချင်း စစ်ကောင်စီဂိတ်ကို ဖြတ်သန်းခွင့်ပိတ်လိုက်ကာ ဆယ်မိုင်ကျေးရွာ ကမ်းနားဘက်ကို စစ်ကားတစီး မောင်းထွက်သွားပြီး ညနေ ၆ နာရီကျော်လောက်မှာ ဂိတ်ပြန်ဖွင့်ပေးလိုက်တယ်လို့ သိရပါတယ်။
ဆယ်မိုင်ကျေးရွာမှာ ၂ဝ၂၁ စစ်တပ်အာဏာသိမ်းတဲ့ အစောပိုင်းကာလတုန်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတဦး အသတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ရွာသား ၈ ဦးအထိ ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ထဲက ညောင်ပင်သာကျေးရွာသား ၁၉ ယောက်ထက်မနည်းကို စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်ခံခဲ့ရတယ်လို့ ကေအန်ယူဗဟိုက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေဖြစ်တဲ့ တပ်မ - ၄၄ ၊ ခလရ - ၇၃ ၊ ခမရ - ၅၉၉ ၊ ခမရ - ၅၉၀ နဲ့ ခလရ - ၄၈ တို့ဟာ အဆိုပါ ကျေးရွာမှာ တပ်စုပြီး စစ်ရေးလှုပ်ရှားဖို့ရှိတာကြောင့် ပြီးခဲ့တဲ့ မေ ၁၀ ရက်မှာ ကျေးရွာအနားကို ရောက်ရှိလာပြီး ညနေ ၅ နာရီ မိနစ် ၂၀ လောက်မှာ စစ်ကောင်စီ စုပေါင်းစစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ - ၃ လက်အောက်ခံ လုံခြုံရေး စစ်ကြောင်းတို့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
အဲဒီလို ထိတွေ့ ပစ်ခတ်မှုမှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီး ၁ ယောက်၊ ဒုဗိုလ် ၁ ယောက်၊ တပ်ကြပ်ကြီး ၁ ယောက်နဲ့ တပ်သား ၂ ယောက် သေဆုံးခဲ့ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ည ၈ နာရီလောက်မှာတော့ စစ်ကောင်စီ စုပေါင်းစစ်ကြောင်းဟာ ညောင်ပင်သာရွာထဲကို ဝင်ရောက်ပြီး မကြာခင်မှာပဲ ရွာထဲမှာ မီးတွေတောက်လောင်နေတာကို မြင်တွေ့ခဲ့ရတာလို့ ဆိုပါတယ်။
အဲဒီနောက် မေ ၁၁ ရက်မှာတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၃ လက်အောက်ခံ စစ်ကြောင်းက ညောင်ပင်သာရွာထဲကို ဝင်ရောက်ရှင်းလင်းခဲ့ချိန်မှာတော့ အပြစ်မဲ့ပြည်သူတွေဖြစ်ကြတဲ့ ညောင်ပင်သာရွာသားတွေကို စစ်ကောင်စီတပ်က အကြမ်းဖက် မီးရှို့ သတ်ဖြတ်ထားတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မီးရှို့ သတ်ဖြတ်ခံခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူ ၁၉ ယောက်ကိုသာ ကောက် ယူထားနိုင်သေးပြီး တခြားပျောက်ဆုံးနေသူတွေ ရှိနေသေးတယ်လို့ ကေအန်ယူဗဟို ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီ စစ်ကြောင်းဟာ အခုထိတိုင် ညောင်ပင်သာရွာ အနီးအနားမှာ ရှိနေသေးတဲ့အပြင် လက်ရှိအခြေအနေအရ အဆိုပါနေရာဟာ စစ်မြေပြင်သဖွယ်ရှိနေတဲ့ အတွက်ကြောင့် နယ်မြေခံ တာဝန်ရှိသူတွေအနေနဲ့ ပျောက်ဆုံးပြည်သူတွေရဲ့ စာရင်းကို လိုက်လံကောက်ယူနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ကေအန်ယူနယ်မြေအတွင်းမှာတော့ အခု ၂၀၂၃ ခုနှစ်၊ ပထမ ၄ လတာကာလတွေအတွင်း တိုက်ပွဲအကြိမ်ရေ ၁,၆၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ပေါင်း ၁,၇၀၀ ကျော် သေဆုံးကာ ၁,၁၈၈ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဆိုပါတိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်အုပ်စုဘက်က သေဆုံးခဲ့သူတွေထဲ တပ်ရင်းမှူး ၅ ယောက်ထိ ပါဝင်နေပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ၅၉ ယောက် ကျဆုံးခဲ့ကာ ၁၉၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ကေအန်ယူနယ်မြေထဲမှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်း ပြီးချိန်ကတည်းက လက်ရှိအချိန်အထိ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံ နယ်ခြား စောင့်တပ်တွေဟာ စစ်ရေးလှုပ်ရှားမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တနေ့တခြား ပိုမိုတိုးမြင့်လုပ်ဆောင်လာတာကြောင့် ဒေသခံပြည်သူ ၄ သိန်းကျော် အသက်ဘေးလွတ် ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေဟာ စာနပ်ရိက္ခာမလုံ လောက်မှု၊ နေရာထိုင်ခင်းအတွက် အမိုးအကာ မလုံလောက်မှု၊ ကျန်းမာရေးဆိုင်ရာ ဆေးဝါး မလုံလောက်မှုပြသနာတွေနဲ့လည်း ရင်ဆိုင် ကြုံတွေ့နေကြရပြီး အရေးပေါ် လူသားခြင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေလည်း လိုအပ်နေတယ်လို့ ကေအန်ယူဗဟို ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်တပ်က ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြရာမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိပါဘူး။