မိုခါမုန်တိုင်းအန္တရာယ်ကြောင့် ရန်ကုန်မှ ရခိုင်ပြည်နယ်ကို ပြေးဆွဲတဲ့ အဝေးပြေးယာဥ်နဲ့ လေကြောင်းလိုင်းခရီးစဥ်တွေကို ရပ်နားထားတယ်လို့ သိရပါတယ်။
မုန်တိုင်းဝင်ရောက်နိုင်တဲ့ စစ်တွေ၊ တောင်ကုတ်၊ ကျောက်ဖြူ စတဲ့မြို့တွေကို ပြေးဆွဲတဲ့ ဘတ်စ်ကားတွေဟာ ဒီနေ့ ရပ်နားလိုက်တာဖြစ်ပြီး ရက်ဘယ်လောက်ကြာမယ်ဆိုတာတော့ မသိရသေးဘူးလို့ ယာဥ်လိုင်းတချို့က ပြောပါတယ်။
အောင်မင်္ဂလာအဝေးပြေးဝင်းရှိ ရခိုင်ယာဥ်လိုင်းတခုရဲ့ တာဝန်ခံက "လမ်းမှာဖြစ်လာမယ့် အန္တရာယ်ကြောင့်ရော၊ မုန်တိုင်းကြောင့် ခရီးသွားပါးတဲ့အတွက် ဂိတ်ပါတော်တော်များများ ဒီနေ့ကစပြီးမထွက်တော့ဘူး။ လမ်းပန်းဆက်သွယ်ရေးအခြေအနေပေါ်မူတည်ပြီး ပြန်ဆွဲဖို့ ချိန်ရမှာ။"
ဒါအပြင် စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူ လေကြောင်းလိုင်းခရီးစဥ်တွေကိုလည်း မေလ ၁၅ ရက်အထိ ပျံသန်းပြေးဆွဲတာ ရပ်သွားမယ်ဆိုပြီး အဲဒီဒေသကိုပြေးဆွဲနေတဲ့ MAI နဲ့ Air KBZ လေကြောင်းလိုင်းတွေက ကြေညာထားပါတယ်။
မိုခါမုန်တိုင်းဟာ ဒီနေ့ (မေ ၁၃) ညနေကစပြီး စစ်တွေမြို့အနီး ဝင်ရောက်နိုင်မယ်လို့ မိုးလေဝသဌာနတွေက ခန့်မှန်းထားပြီး စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူ၊ ရသေ့တောင်၊ မောင်တော၊ မြေပုံ၊ မာန်အောင်မြို့နယ်တွေကို ဘေးအန္တရာယ်ကျရောက်နိုင်တဲ့ အနီရောင် အဆင့်ဒေသများအဖြစ် သတ်မှတ်ထားပါတယ်။
မုန်တိုင်းကုန်းတွင်း ဝင်ရောက်ချိန် လေတိုက်နှုန်မှာ တနာရီ မိုင် ၁၃၀ အထိ ရောက်ရှိနိုင်တာကြောင့် ဖျက်အားပြင်းမုန်တိုင်းအဖြစ် သတိပေးထားပါတယ်။
ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA) ဟာ အရှေ့မြောက်ဘက်ဆီ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၄၅ မိုင်လောက်နဲ့ စစ်တွေမြို့ရဲ့ တောင်-အနောက်တောင်ဘက်ရေမိုင် ၃၁၀ လောက်အကွာမှာ ရောက်ရှိနေတယ်လို့ စစ်ကောင်စီ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ဒါဟာ ဒီကနေ့ မေ ၁၃ ရက် နေ့လယ် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ နောက်ဆုံး ထုတ်ပြန်ထားတာဖြစ်ပြီး အဆိုပါ မုန်တိုင်းဟာ ဟိုင်းကြီးကျွန်းမြို့ကနေ အနောက် ဘက်ရေမိုင် ၂၇၅ မိုင်လောက်နဲ့ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားရဲ့ အနောက်မြောက်ဘက် ရေမိုင် ၃၂၀ လောက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ရဲ့ တောင်-အနောက်တောင်ဘက် ရေ မိုင် ၃၅၅ မိုင်လောက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။
မြန်မာ့ပင်လယ်ပြင်မှာတော့ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ မကြာခဏ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးရာကနေ လှိုင်းအလွန်ကြီးမယ်လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေကတော့ ၁ နာရီကို မိုင် ၉၀ ကနေ ၁၁၀ လောက်အထိ တိုက်ခတ်နိုင်ပြီးတော့ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက် နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာတော့ တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့ ဆိုပါတယ်။
မိုးသက်လေပြင်းကျချိန် ရေပြင်/မြေပြင်လေကတော့ ၁ နာရီကို မိုင် ၄၀ ကနေ ၄၅ မိုင် လောက်အထိ တိုက်ခတ်နိုင်ပြီးတော့ လှိုင်းအမြင့်ဟာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၁၄ ပေကနေ ၁၈ ပေလောက်နဲ့ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာတော့ ၉ ပေကနေ ၁၃ ပေလောက် ရှိနိုင်တယ်လို့ ဆိုပါတယ်။
ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင် လယ်ပြင်မြောက်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာတော့ တိမ်ထူထပ်နေတယ်လို့ ဖော် ပြပါတယ်။
မနက်ဖြန် မေ ၁၄ ရက် မနက်ပိုင်းအထိ ခန့်မှန်းချက်မှာတော့ တနင်္သာရီတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်တွေမှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ နေရာအနှံ့ အပြားမိုးထစ်ချုန်းရွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊မ န္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင် ပြည်နယ်တွေမှာတော့ ဒေသအလိုက်နဲ့ ပဲခူးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တွေမှာ နေရာ ကွက်ပြီး မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ ဆိုပါတယ်။
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အလွန့်အလွန် အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA)ဟာ မေ ၁၄ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားနဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ စစ်တွေမြို့အနီးကနေ ဝင်ရောက်နိုင်တာကြောင့် မိုးဇလဌာနကနေ အနီရောင်အဆင့် ထုတ်ပြန်လိုက်ပါတယ်။
လက်ရှိ မုန်တိုင်းရဲ့ ဗဟိုလေတိုက်နှုန်းဟာ တနာရီကို မိုင် ၁၃၀ ကျော် တိုက်ခတ်နေပြီး မုန်တိုင်းရဲ့ ပြင်းအား အရှိန်ကြောင့် မုန်တိုင်းဒီရေလည်း ဝင်ရောက်နိုင်ကာ ကျောက်ဖြူနဲ့ စစ်တွေကြား အမြင့်ဆုံး ၇ ပေ၊ ၈ ပေလောက်ရှိတဲ့ မုန်တိုင်းဒီရေလှိုင်း (Storm Surge) ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသဆိုင်ရာ သုတေသီတယောက်က ခန့်မှန်း ပြောဆိုပါတယ်။
"အခုလောလောဆယ် လက်ရှိ အချိန်မှာ မုန်တိုင်းရဲ့ ဗဟိုလေတိုက်နှုန်းက တနာရီကို ၁၃၀-၁၃၁-၁၃၂ ပတ်ဝန်းကျင်လောက် လေတိုက်နှုန်း ပြင်းနေတယ်။ မုန်တိုင်း အခုလက်ရှိ ရောက်နေတဲ့နေရာက ရခိုင်ကမ်းရိုးတန်းအဆုံး တောင်ဘက်အစွန်၊ မော်တင်စွန်းရဲ့ အနောက်ဘက်တည့်တည့် မိုင် ၂၈၀ ကျော်လောက်မှာ ရောက်နေပါတယ်။ အဲ့ဒီကနေ အရှေ့မြောက်ဘက်ကို ရွေ့နေတယ်။ ဆက်ပြီး ရွေ့နေပြီးတော့ ခန့်မှန်းချက်ကတော့ မုန်တိုင်းရဲ့ ဗဟိုကတော့ ၁၄ ရက်နေ့ ညနေပိုင်းလောက်မှာ စစ်တွေမြို့နဲ့ ကျောက်ဖြူမြို့ကြားထဲ အဲဒီက တနေရာရာက ကုန်းတွင်းကို ဖြတ်ပြီး ဝင်သွားမယ်။ အဲ့လို ခန့်မှန်းထားပါတယ်။ ဒါနောက်ဆုံး အဆင့်ပါ။
"မုန်တိုင်းဒီရေအခြေအနေက စစ်တွေအနီးဝန်းကျင် စစ်တွေမြို့ဘက်ကနေ မြောက်ဘက် ဘင်္ဂလားဒေ့ရှ် နယ်စပ်အထိ နေရာရယ်၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်အထိ နေရာကို အနိမ့်ဆုံး ၁ ပေခွဲ ၂ ပေဝန်းကျင်ကနေ အမြင့်ဆုံး ၇ ပေ၊ ၈ ပေလောက်အထိ ရိုက်ဖို့ ရှိတယ်။ မုန်တိုင်းဒီရေက မြစ်တွေ ချောင်းတွေမှာလို တအိအိ တက်လာတာ မဟုတ်ဘူး။ ၇ ပေလောက်မြင့်တဲ့ ရေထုထည် တန်ပေါင်းများစွာရှိတဲ့ ရေထုထည်က အရှိန်နဲ့ အဟုန်နဲ့ ကမ်းခြေကို ဖျောင်တာ။ ဒါကို မုန်တိုင်းဒီရေလို့ ခေါ်တယ်။ အရမ်းအားပြင်းတယ်။ ဖျက်ဆီးနိုင်စွမ်း တအားကြီးတယ်။ မုန်တိုင်း တလုံး ကုန်တွင်းကို ဝင်ပြီဆိုရင် ဖျက်ဆီးနိုင်စွမ်း တအားအပြင်းဆုံးနဲ့ လူ့အသက်ကို သေစေနိုင်တာ လေတအားပြင်းလို့ မဟုတ်ဘူး။ မုန်တိုင်းဒီရေ (Strom Surge) ကြောင့် ဖြစ်တယ်"လို့ မိုးလေဝသဆိုင်ရာ သုတေသီ ဦးဝင်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။
မုန်တိုင်း ဝင်ရောက်စဉ် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မောင်တောခရိုင်ရှိ မြစ်ဝ မြစ်လက်တက်တွေမှာ မုန်တိုင်းဒီရေ (၁၄) ပေကနေ (၁၈) ပေလောက်အထိ၊ ကျောက်ဖြူခရိုင်ရှိ မြစ်ဝမြစ်လက်တက်တွေမှာ (၁၀) ပေကနေ (၁၄) ပေလောက်အထိ မြင့်တက်နိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
မုန်တိုင်းအတွက် ဒေသမှာ ကြိုတင်ပြင်ဆင်တာ၊ တိမ်းရှောင်တာတွေ လုပ်နေပြီး သက်ကြီးရွယ်အိုနဲ့ ဆင်းရဲနွမ်းပါးသူတွေ၊ ဒုက္ခသည်စခန်းမှာ ရှိကြသူတွေက နီးစပ်ရာ စာသင်ကျောင်းတွေမှာ တိမ်းရှောင်နေကြတယ်လို့ ရခိုင်ပြည်နယ် ဘူးသီးတောင် ဒေသခံတယောက်က ပြောပါတယ်။
"ဒီမှာက လက်ရှိက မိုးတိမ် ထူထပ်နေတယ်။ မိုးရွာနေတယ်။ မိုးက နည်းနည်းပဲရွာတာ။ အများကြီး မရွာသေးဘူး။ မုန်တိုင်းနဲ့ ပတ်သက်ပြီးတော့ လှည့်ပြီးတော့ ကြေညာနေတာ ရှိတယ်။ သက်ကြီးရွယ်အိုတွေဆို တနေရာမှာ ပို့ထားတယ်။ အခု လောလောဆယ် စာသင်ကျောင်းတွေမှာ။ ကျနော်တို့ဆို အထုတ်တွေ ပြင်ထားတယ်။ လေတိုက်ရင် ရှောင်လို့ရအောင်။ အရေးကြီးတဲ့ စာရွက်စာတမ်းတွေလည်း ပြင်ထားတယ်။ ရေတွေဆိုလည်း အလုံအလောက် ထည့်ထားတယ်။
"ရာသီဥတုက ပြောင်းလဲနေပြီ။ မှောင်မည်းနေတယ် ရာသီဥတုက။ အကုန်လုံးက စိုးရိမ်နေတာပဲ။ မုန်တိုင်းတိုက်လာရင် ဘယ်လိုလုပ်မလဲဆိုတာ အကုန်စိုးရိမ်နေတယ်။ တာဝန်ရှိသူတွေကတော့ ကားနဲ့လှည့်အော်နေတာပဲ ရှိတယ်။ ပရဟိတအပိုင်းကတော့ မုန့်တွေ လာပို့တယ်။ အစိုးရပိုင်းကတော့ ဘာမှ လှုပ်ရှားတာ မရှိသေးဘူး။ လိုက်ကြေညာတာပဲ ရှိသေးတယ် မြို့ကို ကားနဲ့ ပတ်ပြီးတော့"လို့ ရခိုင်ပြည်နယ် ဘူးသီးတောင် ဒေသခံ တယောက်က ပြောပါတယ်။
မုန်တိုင်းဝင်ရောက်စဉ် ရခိုင်ပြည်နယ်မှာ အမြင့်ဆုံး လေတိုက်နှုန်း တနာရီကို မိုင် ၁၀၀ ကနေ ၁၁၀ လောက်အထိ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှာ အမြင့်ဆုံး လေတိုက်နှုန်း တနာရီ မိုင် ၄၀ ကနေ မိုင် ၆၀ လောက်အထိ တိုက်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
မိုခါ မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်တာ၊ မိုးကြီးတာ၊ ရုတ်တရက် ရေကြီးမြေပြို တာတွေ ဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသအနီး နေထိုင်သူတွေ မြေပြိုမှု အန္တရာယ်နဲ့ ကမ်းရိုးတန်း တလျှောက် မြစ်ချောင်းအင်းအိုင်တွေနား နေထိုင်သူတွေ ရေကြီးရေလျှံ သတိပြုကြဖို့ တိုက်တွန်းထားပါတယ်။
အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဝင်ရောက်မယ်လို့ ခန့်မှန်းထားတဲ့လမ်းကြောင်းပေါ်က ရခိုင်ပြည်နယ်အတွင်း မြို့အချို့က ပြည်သူတွေ ကြိုတင်ပြင်ဆင်ပြောင်းရွှေ့ထားကြပြီးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တွေမြို့ဒေသခံတယောက်က “ကမ့်ထဲကလူတွေကိုတော့ ပြောင်းပေးထားပြီ။ တချို့ရွာတွေမှာတော့ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ မသန်စွမ်းသူတွေကို ဦးစားပေးပြီး ပြောင်းပေးတယ်။ အုန်းတောချေကမ့်နဲ့ နောက်တခုက လေလမ်းကြောင်းပေါ်မှာရှိတယ်။ ခု မနက်မှာပဲ သက်ကယ်ပြင် စာသင်ကျောင်းကိုရွှေ့နေပြီ။ အဲနေရာကတော့ တခြားနေရာနဲ့စာရင်တော့ မဆိုးဘူးပေါ့” လို့ ပြောပါတယ်။
လက်ရှိမှာ မုန်တိုင်းတိုက်ခတ်လာနိုင်တဲ့ လေလမ်းကြောင်းပေါ်က လူတွေအားလုံးနီးပါး ပြောင်းရွှေ့ထားပြီးဖြစ်သလို ပြောင်းတဲ့နေရာတွေကလည်း လုံခြုံသလောက် ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
တချို့နေရာတွေမှာတော့ မပြောင်းရွှေ့ကြသေးတဲ့သူတွေရှိနေပြီး ဌာနဆိုင်ရာတွေက လာရောက်တွေ့ဆုံနေတယ်လို့ သူက ဆိုပါတယ်။
“တချို့လူတွေက အိမ်တွေ၊ ပစ္စည်းတွေကိုထားပြီး မသွားချင်ကြဘူး။ ခုတော့ ဌာနပေါင်းစုံက လူတွေလာပြီး သူတို့ကို ပြောနေကြတယ်။ အတင်းပြောင်းခိုင်းတာတော့ မဟုတ်ဘူး။ မုန်တိုင်းအကြောင်းရှင်းပြပြီး ပြောင်းဖို့ တိုက်တွန်းတာ။ စားနပ်ရိက္ခာကို ထွေအုပ်ကပေးမယ်တဲ့” လို့ ပြောပါတယ်။
လက်ရှိမှာတော့ စစ်တွေမှာ တိမ်တူမိုးအုံ့နေပြီး ဒီနေ့မနက်က မိုးရွာခဲ့တယ်လို့ သူက ဆိုပါတယ်။
စစ်တွေမြို့ပေါ်က တချို့သူတွေကတော့ ပုဏ္ဏားကျွန်းမြို့ဘက်ကို ပြောင်းရွှေ့သွားကြတယ် လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ၂၀၁၇ က မုန်တိုင်းတခုဝင်တိုက်ခဲ့ဖူးပြီး လူတွေ ထိခိုက်သေဆုံးတာမရှိပေမယ့် အိမ်ခြေတော်တော်များများ ပျက်စီးခဲ့ဖူးပါတယ်။
မုန်တိုင်းကြောင့်ထိခိုက်နိုင်တဲ့ ကျောက်ဖြူမြို့နဲ့ ရမ်းဗြဲမြို့တို့မှာလည်း ဘေးလွတ်ရာ ပြောင်းရွှေ့နေကြပြီး ကျောက်ဖြူမြို့က မွတ်စလင်ဒုက္ခသည်စခန်းကတော့ အခုထိ မပြောင်းရွှေ့ရသေးဘူးလို့ သိရပါတယ်။
စခန်းမှာ နေထိုင်သူတယောက်က “လူတွေကတော့ ပြောင်းရွှေ့ဖို့ အဆင်သင့် လုပ်ထားတယ်။ ဌာနဆိုင်ရာတွေက ဒီနေ့လယ်မှာ လာမယ်လို့ ပြောတယ်။ သိရသလောက်တော့ လိုအပ်လာရင် ပြောင်းဖို့ စီစဉ်ထားတဲ့အကြောင်း လာပြောမယ် ထင်တယ်။ ပြောင်းမယ်ဆိုရင် ဒီနားက စစ်တပ်ထဲကိုပြောင်းရမယ်” လို့ ပြောပါတယ်။
အဲဒီကျောက်တလုံး ဒုက္ခသည်စခန်းဟာ ပင်လယ်ကမ်းခြေနဲ့ တောင်ကြားက လယ်ကွင်းထဲမှာ ဆောက်ထားတာဖြစ်ပြီး စစ်တပ် လုံခြုံရေးလည်းချထားတာကြောင့် ခွင့်ပြုချက်မရှိဘဲ အပြင်ထွက်ခွင့်မရကြပါဘူး။
ရသေ့တောင်မြို့နယ် ဒေသခံတယောက်ကလည်း မုန်တိုင်းသတင်းတွေကြောင့် စိုးရိမ်ရပြီး ကြိုတင်ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။
“ပြင်ဆင်ထားတာတွေရှိပါတယ်။ ဥပမာ အရေးပေါ်စာရွက်စာတမ်းတွေနဲ့ ရွှေငွေတွေကို သေချာသိမ်းဆည်းထားပါတယ်။ ကလေးကို အမြဲမိဘတွေနဲ့အတူ ရှိဖို့ကြိုပြောပြီး ပြင်ဆင်ထားပါတယ်။ သစ်ပင်အောက်၊ ချောင်း၊ မြစ်၊ ပင်လယ်ကမ်းနားတွေမှာ မနေကြဖို့ သတိပေးထားပါတယ်” လို့ ပြောပါတယ်။
မုန်တိုင်းဟာ အနီရောင်အဆင့် အန္တရာယ်များတယ်လို့ ကြားသိကြရပြီး စိုးရိမ်နေကြတယ်လို့လည်း သူက ပြောပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ကလည်း သူနဲ့ မိတ်ဖက်အဖွဲ့တွေဟာ လူတွေ ဘေးကင်းလုံခြုံစေရေး အသိပညာပေးတာတွေ၊ အလေးပေး ပြင်ဆင်တာတွေကို မြေပြင်မှာ ဦးစားပေးဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
တကယ်လို့ လိုအပ်ချက်တွေများလာခဲ့ရင် အရေးပေါ်တုံ့ပြန်ကူညီတာတွေ မြန်မြန်လုပ်နိုင်ဖို့ အရန်အစီအစဉ်ကိုလည်း လျာထားတယ်လို့ဆိုပါတယ်။
အရေးပေါ်ကူညီကယ်ဆယ်ရေး ပစ္စည်းတွေကို အရန်သင့်ထားရှိထားပြီး အချိန်တိုအတွင်း ဖြန့်ဝေပေးနိုင်ဖို့ သက်ဆိုင်ရာဂိုဒေါင်တွေမှာ သိမ်းဆည်းထားသလို ရေယာဉ်များ၊ ကားတွေကိုလည်း လိုအပ်ရင် သုံးနိုင်အောင် အဆင့်သင့်ထားတယ်လို့ ဆိုပါတယ်။
မိုးလေဝသခန့်မှန်းသူတယောက်ဖြစ်တဲ့ မစုစုစံကတော့ မုန်တိုင်းဟာ အဖျက်စွမ်းအား အပြင်ထန်ဆုံးလို့ သတ်မှတ်ထားတဲ့ တနာရီလေတိုက်ခတ်နှုန်း ၁၃၂ မိုင်၊ လေပြင်းတိုက်ချိန် မိုင် ၁၄၀ တိုက်ခတ်နေပြီး မုန်တိုင်းဗဟိုချက်နားမှာ ရေလှိုင်းအမြင့် ပေ ၅၀ ရှိတဲ့ CAT5 မုန်တိုင်းကြီးအဆင့်ကိုရောက်ရှိသွားပြီလို့ အခုမနက် ၉ နာရီမှာ တွက်ချက်ပြောဆိုထားပါတယ်။
မုန်တိုင်းအဖျားခတ်နိုင်တဲ့ သံတွဲမြို့မှာတော့ ပင်လယ်ကမ်းနားကျေးရွာတချို့ပဲ ပြောင်းရွှေ့ကြပြီး ငပလီကမ်းခြေမှာတော့ ပြောင်းရွှေ့တာမျိုးမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အနေနဲ့ မုန်တိုင်းဒဏ်သင့်နိုင်တဲ့ရခိုင်ပြည်နယ်နဲ့ အနီးအနားဒေသတွေက လူဦးရေပေါင်း ၄၀၀,၀၀၀ ကျော်တို့အတွက် တလစာလုံလောက်တဲ့ စားနပ်ရိက္ခာတွေ ကြိုတင်နေရာချထားပြီးပြီလို့ ဆိုပါတယ်။
လာမယ့် တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါကို WFP အနေနဲ့ ဂရုတစိုက် စောင့်ကြည့်လေ့လာနေပြီး တိုက်ခတ်နိုင်ခြေရှိတဲ့ နယ်မြေဒေသတွေမှာ ကြိုတင်ပြင်ဆင်နေတယ်လို့ ဒီနေ့ ထုတ်ပြန်ပြောဆိုလာတာပါ။
WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ် Ms. Sheela Matthew က “ကျမတို့ WFP အနေနဲ့ အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်လျက်ရှိသလို၊ အကောင်းဆုံး ဖြစ်လာနိုင်ဖို့ကိုလည်း မျှော်လင့်ထားပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း မိုခါရဲ့ လမ်းကြောင်းဟာ ပဋိပက္ခနဲ့ ဆင်းရဲမွဲတေမှုကိုခံစားနေကြရပြီး ကြံ့ကြံ့ခံနိုင်စွမ်းအား နည်းတဲ့ ဒေသတွေဆီကို ဦးတည်နေပါတယ်။ အဲဒီဒေသတွေက မုန်တိုင်းဒဏ် ခံရနိုင်ခြေရှိတဲ့ လူများစွာဟာ လက်ရှိမှာတောင် WFP ရဲ့ လူသားချင်းစာနာမှု အကူအညီတွေကို ပုံမှန်အားဖြင့် မှီခိုအားထားနေကြရတဲ့အခြေအနေမှာ ရှိနေကြတာပါ။ သူတို့အနေနဲ့ နောက်ထပ် ဘေးအန္တရာယ်တခုကို ဘယ်လိုမှ ခံနိုင်စွမ်းမရှိကြပါဘူး” လို့ ပြောပါတယ်။
WFP ဟာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့တွဲပြီး အရေးပေါ်အခြေအနေ အကြီးစား တုံ့ပြန်ရေးလုပ်နိုင်အောင် အသင့်ပြင်နေပြီး အရေးပေါ်အစီအစဉ်တွေ ရေးဆွဲ ချမှတ်ပြီးဖြစ်သလို စားနပ်ရိက္ခာ၊ ကယ်ဆယ်ရေး အထောက်အပံ့တွေ၊ မော်တော်ယာဉ်တွေနဲ့ အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းကိရိယာတွေကို ကြိုတင် နေရာချထားတယ်လို့ ဆိုပါတယ်။
ပြီးတော့ ပေါ်ပေါက်လာနိုင်တဲ့ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဆိုင်ရာ ပြတ်တောက် ကြန့်ကြာလာနိုင်တာတွေအတွက်လည်း လူသားချင်း စာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ မုန်တိုင်းအတွက်အသင့်ပြင်တာနဲ့ တုံ့ပြန်မှုလုပ်ငန်းတွေမှာ သုံးနိုင်ဖို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးစနစ်တွေကို WFP ဝန်ထမ်းတွေက တပ်ဆင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် အကူအညီလိုအပ်နေတဲ့ ရပ်ရွာလူထုဆီ လူသားချင်းစာနာမှုအထောက်အပံ့တွေ အပြည့်အဝ သွားရောက်ကူညီခွင့်နဲ့ ရပ်ရွာလူထုက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးမှပဲ လတ်တလောအခြေအနေကို တုံ့ပြန်တာနဲ့ ရေရှည် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ထိထိရောက်ရောက်လုပ်နိုင်မယ်လို့လည်း ဆိုပါတယ်။
အင်အားအလွန့်အလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဝင်ရောက်ဖို့ရှိနေတာကြောင့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ မြေနိမ့်ပိုင်းကျေးရွာက ဒေသခံပြည်သူတွေကို မေ ၁၂ ရက် နေ့လယ်ပိုင်းမှာ ရက္ခိုင့်တပ်တော် (ULA/AA) က ဘေးလွတ်ရာနေရာတွေကို ရွှေ့ပြောင်းပေးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မိုခါ ဆိုင်ကလုန်းမုန်တိုင်း အန္တရာယ်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပုဏ္ဏားကျွန်းမြို့နယ် မြေနိမ့်ပိုင်းကျေးရွာတွေက ဒေသခံပြည်သူတွေကို မေ ၁၂ ရက် နေ့လယ် ၁၂ နာရီလောက်မှာ ရက္ခိုင့်တပ်တော် (ULA/AA) တပ်ဖွဲ့ဝင်တွေက ဘေးလွတ်ရာနေရာတွေကို ရွှေ့ပြောင်းပေးခဲ့တယ်လို့ ဇိပ်ပင်ရင်းကျေးရွာ ဒေသခံအမျိုးသမီးတယောက်ဖြစ်တဲ့ မဆန်းဆန်းယဥ်က ဒီဗွီဘီကို ပြောပါတယ်။
“အေအေ ရဲဘော်တွေက ကျမတို့ပြည်သူတွေကို စက်လှေတွေနဲ့ လာကယ်တာဖြစ်ပြီး လူကြီးတွေနဲ့ ကလေးငယ်တွေကို ကျောပိုးပြီး စက်လှေတွေပေါ်ကို တင်ပေးတယ်။ အထုပ်အပိုးတွေနဲ့ ပစ္စည်းတွေကိုလည်း သယ်ပေးကြတယ်။ တခေါက်နဲ့ အဆင်မပြေလို့ စက်လှေနဲ့ ၂ ခေါက် ၃ ခေါက်လောက် ပြောင်းရွှေ့ပေးကြတာ။ ကျမတို့ရွာက ပြည်သူတွေကတော့ အလယ်ချောင်း၊ မကျည်းချောင်း၊ သာယာကုန်း ကျေးရွာတွေက နီးစပ်တဲ့ ဆွေမျိုးတွေဆီမှာ ခိုလှုံနေကြတယ်။ ကျမတို့က ကုန်းနိမ့်ပိုင်းမှာနေတာဆိုတော့ ဒီရေတွေ တက်လာမှာစိုးလို့ အေအေ တပ်ဖွဲ့ဝင်တွေက ပြောပြပြီး စာဝတ်နေရေးကအစ ကူညီပေးမယ်လို့ ပြောဆိုကာ ပြည်သူကို ကူညီပေးခဲ့တာကြောင့် ရက္ခိုင့်တပ်တော်ကို ကျေးဇူးတင်တယ်။”
ဇိပ်ပင်ရင်းကျေးရွာဟာ အရင်နှစ်တွေကလည်း နှစ်စဥ်နီးပါး မုန်တိုင်းဒဏ်ကို ခံခဲ့ရပြီး ကုန်းမြင့်ပိုင်းဖြစ်တဲ့ အလယ်ချောင်းကျေးရွာဘက်ကို တိမ်းရှောင်ခဲ့ရကာ နေအိမ်တွေ သောက်သုံးရေကန်တွေကို ဆားငန်ရေတွေ ဝင်ရောက်ခဲ့လို့ သောက်သုံးရေတွေကို ဘေးပတ်ဝန်းကျင်ရွာတွေက သယ်ယူပြီး အသုံးပြုခဲ့ရတယ်လို့ ပြောပါတယ်။
ရွာမှာရှိတဲ့ ကျွဲနွားတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုတော့ လူငယ်ပိုင်းတွေ စောင့်နေခဲ့ပြီး စက်လှေတွေ စက်မောင်းဆီတွေ အဆင်သင့်ပြုလုပ်ထားကာ အခြေအနေမကောင်းရင်တော့ အလယ်ချောင်းဘက်ကို ပြေးလာကြမှာလို့ ဆိုပါတယ်။
ဂူဝကျေးရွာက မုန်တိုင်းအန္တရာယ်ကာကွယ်ရေးအဖွဲ့ရဲ့ နာယက ဦးဝင်းသိန်းထွန်းက “မုန်တိုင်းအန္တရာယ်ကာကွယ်ရေး အဖွဲ့ဖွဲ့ပြီး ပုဏ္ဏားကျွန်းမြို့ ဂူဝဘုရားနားမှာ ကယ်ဆယ်ရေးစခန်း ဖွင့်ထားပါတယ်။ အခုက ပေါက်တောမြို့နယ် ငဝက်စွယ်ကျေးရွာက ပြည်သူတွေ စက်လှေတွေနဲ့ ရောက်နေကြတယ်။ ပြီးတော့ စစ်တွေမြို့ (မြောက်) စံပြ ရပ်ကွက်က ပြည်သူတွေလည်း ၂၀/၃၀ လောက် ရောက်နေတယ်” လို့ ပြောပါတယ်။
ပေါက်တောမြို့နယ် ဇေယျဝတီရွာကလည်း စက်လှေ ၂ စီးနဲ့ လူဦးရေ ၅၀ လောက် ရောက်နေပြီး အားလုံး စုစုပေါင်း လူဦးရေ ၁၅၀ လောက် ရောက်ရှိနေကာ နောက်ထပ်လည်း မုန်တိုင်းရှောင်ပြည်သူ အများအပြား ရောက်လာဖို့ ရှိသေးတယ်လို့ ဆိုပါတယ်။
ပေါက်တောမြို့နယ် ငဝက်စွယ်ရွာကတော့ မြေနိမ့်ပိုင်းဖြစ်တာကြောင့် နှစ်စဥ် မုန်တိုင်းဝင်ရင် ရေလွှမ်းမိုးမှုဒဏ်ကို ခံကြရလို့ ပုဏ္ဏာကျွန်းမြို့နဲ့နီးပြီး ဆေးရုံဆေးခန်းတွေလည်း အဆင်သင့်ရှိတာကြောင့် ဂူဝဘုရားဘက်ကို ခိုလှုံလာကြတာလို့ ဦးဝင်းသိန်းထွန်းက ပြောပါတယ်။
လက်ရှိအခြေနေမှာတော့ သူတို့ကို နေရာထိုင်ခင်းတွေ ချထားပေးပြီး လူဦးရေစာရင်း ကောက်ခံနေကာ စားရေးသောက်ရေးအတွက်ကတော့ သက်ဆိုင်ရာလူကြီးတွေနဲ့ ဆွေးနွေးနေတုန်းပဲလို့ ဆိုပါတယ်။
ရက္ခိုင့်တပ်တော်အနေနဲ့ ပုဏ္ဏားကျွန်းမြို့နယ် မြေနိမ့်ပိုင်းကျေးရွာတွေဖြစ်တဲ့ ဇိပ်ပင်ရင်း၊ ကြိမ်ကျွန်း၊ ကျွန်းချေ၊ မက္ကလာကျနဲ့ ကုလားချောင်းကျေးရွာတွေက ဒေသခံပြည်သူတွေကို ဘေးလွတ်ရာနေရာတွေကို ပြောင်းရွှေ့ပေးခဲ့သလို ကျေးရွာပေါင်း ၂၁ ရွာက ပြည်သူ ၂၀,၀၀၀ နီးပါးလောက်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့တယ်လို့ ရက္ခိုင့်တပ်တော်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အလွန့်အလွန်အားကောင်းတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ မေ ၁၄ ရက် နေ့လယ်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားမြို့နဲ့ ကျောက်ဖြူမြို့ကြား စစ်တွေမြို့နားက ဖြတ်ကျော်နိုင်လို့ အနီရောင်အဆင့် သတ်မှတ်ထားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA)ဟာ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့(Sittwe)အနီးမှ အားအလွန်ကောင်းသောအဆင့်နဲ့ ဖြတ်ကျော် နိုင်တဲ့အတွက် အနီရောင်အဆင့် သတ်မှတ်ကြောင်း မိုးဇလဌာနက ဒီကနေ့ မေလ ၁၃ ရက်မနက်မှာ ထုတ်ပြန်ပါတယ်။
အနီရောင်အဆင့်ဟာ မုန်တိုင်း မြန်မာ့ကမ်းရိုးတန်းဆီသို့ မဖြတ်ကျော်မီ ၁၂ နာရီအလိုအချိန်လို့ သတ်မှတ်ပေမဲ့ အခုဖြစ်ပေါ်နေတဲ့ မုန်တိုင်းဟာ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့ အနီးမှ အားအလွန်ကောင်းတဲ့အဆင့်နဲ့ ဖြတ်ကျော်နိုင်လို့ အနီရောင်အဆင့် သတ်မှတ်တာလို့ ဆိုပါတယ်။
မိုခါမုန်တိုင်းဟာ မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၂၆၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ရဲ့ အနောက်-အနောက် တောင်ဘက်ရေမိုင်(၃၀၅)မိုင်ခန့်၊ စစ်တွေမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင်(၃၅၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားရဲ့ မြောက်- အနောက်မြောက်ဘက် ရေမိုင်(၃၁၅)မိုင်ခန့်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ရဲ့ တောင်-အနောက်တောင်ဘက် ရေမိုင်(၃၈၅)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
မုန်တိုင်းရဲ့ ဗဟိုချက်လေဖိအား (၉၆၄)ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် မိုင်(၁၀၅)မှ (၁၁၅)မိုင်နှုန်းခန့် ရှိတယ်လို့ဆိုပါတယ်။
နောက် ၄၈ နာရီအတွင်း “မိုခါ” မုန်တိုင်းဟာ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နဲ့ မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့ကြား စစ်တွေမြို့အနီးကနေ မေလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းမှာ ဖြတ်ကျော်ဝင်ရောက်နိုင်ပါသည်။ ထို့နောက် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဆီကို အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဆက်လက်ရွေ့ လျားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ရခိုင်ပြည်နယ်တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၁၀၀)မှ မိုင်(၁၁၀)ခန့်အထိ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှာ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် မိုင်(၄၀)မှ မိုင်(၆၀)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။
မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မောင်တော ခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၁၄)ပေမှ (၁၈)ပေခန့်အထိနဲ့ ကျောက်ဖြူခရိုင်ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၁၀)ပေမှ (၁၄) ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။
မုန်တိုင်းအရှိန်ကြောင့် ဒီနေ့မနက်မှ မေ ၁၅ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန် ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပါတယ်။
စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ချင်း ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ဒေသအလိုက်နဲ့ နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်၊ မိုးကြီး၊ ရုတ်တရက် ရေကြီးမြေပြို ဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသအနီး နေထိုင်သူတွေ မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေ ရေကြီး၊ ရေလျှံမှုကို ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုးဇလက အကြံပြုပါတယ်။
ဒါ့အပြင် ပြည်တွင်း လေကြောင်းပျံသန်းရေးနဲ့ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ် ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ သင်္ဘောတွေနေနဲ့ ကြိုတင်သတိပြုရှောင်ရှားကြဖို့ တိုက်တွန်းထားပါတယ်။