close

အလုပ်သမား/ရွှေ့ပြောင်းလုပ်သား

close

May 8, 2023

မဲဆောက်တွင် မြန်မာအချင်းချင်း လူသတ်မှုဖြစ်

မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့တောင်ဘက် မဟာဝမ်းတိုက်နယ်မှာ မြန်မာနိုင်ငံသားအချင်းချင်း လူသတ်မှုဖြစ်ပွားခဲ့ကြောင်း  မဲဆောက်ရဲစခန်းကို မေလ ၇ ရက် မနက် ၇ နာရီလောက်မှာ တိုင်ကြားလာတယ်လို့  ရဲစခန်းကနေသိရပါတယ်။

ရပ်ကွက် ၁၂ ရှိ အိမ်နံပါတ်မရှိတဲ့ နေရာတနေရာမှာဖြစ်ပွားတဲ့ အဆိုပါလူသတ်မှုကို ထိုင်းရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာမှာ သေဆုံးသူဟာ မြန်မာနိုင်ငံသား ကိုသန့်ဇင်အောင် ဖြစ်ပြီး ခန္ဓာကိုယ်မှာ ဓားချွန်နဲ့ ထိုးသတ်ခံထားရတာကို စစ်ဆေးတွေ့ရှိပါတယ်။

တရားခံလို့ သံသယရှိတဲ့ ဦးငွေနိုင် အသက်  ၅၀ ကတော့   ကိုသန့်ဇင်အောင်ကို သူဓားနဲ့ ထိုးသတ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ကိုဝန်ခံ ပြောပြသွားပါတယ်။

လူသတ်မှုဖြစ်ပွားရာမှာ အသုံးပြုတဲ့  ဓားချွန် အလျား ၁၀ လက်မ တလက်ကို ရဲက သိမ်းဆည်းထားပြီး လူသတ်မှုကျူးလွန်သူလို့ သံသယရှိသူကိုတော့  ဓားနဲ့ထိုးသတ်မှု၊ ထိုင်းနိုင်ငံမှာ တရားမဝင်နေထိုင်မှု ၂ မှုနဲ့ မဲဆောက်မြို့ ရဲစခန်းက အမှုဖွင့် စစ်ဆေးရာနေပြီး ထိုင်းနိုင်ငံရဲ့ တရားဥပဒေအတိုင်း အရေးယူသွားဖို့ ရှိနေပါတယ်။

26 seconds Ago

ထိုင်းတောင်ပိုင်းတွင် တရားမဝင် မြန်မာအလုပ်သမားများကို တင်ဆောင်လာသည့် ကားမှောက်ပြီး ၂ ဦးသေဆုံး

ထိုင်းနိုင်ငံတောင်ပိုင်း၊ နာရာသီဝပ်ခရိုင်ထဲမှာ တရားမဝင်မြန်မာလုပ်သားတွေ တင်ဆောင်လာတဲ့ ကား ၁ စီး စစ်ဆေးရေးဂိတ်ကို ရှောင်တိမ်းထွက်ပြေးစဉ် မတော်တဆတိမ်းမှောက်သွားလို့ သေဆုံးဒဏ်ရာရသူတွေရှိတယ်လို့  The Poligens News  ထိုင်းရဲတပ်ဖွဲ့သတင်းမှာ ဖော်ပြပါတယ်။

မေလ ၅ ရက် ညနေ ၄ နာရီခွဲလောက်က နာရာသီဝပ်ခရိုင် ယိငေါ့မြို့နယ် တပေါယောအုပ်စု ပူကေ့ပါကုန်းရပ်ကွက် ဗလီရှေ့မှာ အဖြူရောင် SUV  ကားတစ်စီး လမ်းဘေးက မြောင်းထဲထိုးကျသွားကြောင်းသတင်းရတဲ့အတွက် အရေးပေါ်လူနာတင်ကားနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါကားပေါ်မှာ တရားမဝင်မြန်မာလုပ်သား ၁၃ ဦး လိုက်ပါလာပြီး မတော်တဆထိခိုက်မှုကြောင့် ၂ ဦးသေဆုံးကာ ကျန်သူတွေ ဒဏ်ရာရခဲ့ကြောင်း၊ ထိ ခိုက်ဒဏ်ရာရသူတွေကို ရှေးဦးသူနာပြုစုပြီး ယိငေါ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒေသခံလူမှုကွန်ရက်တွေမှာတော့ ရဲကားက အဆိုပါ ကားနောက် လိုက်ဖမ်းရင်း အနောက်ကနေ ဝင်တိုက်ကာ တိမ်းမှောက်သွားတဲ့အခါ ဆင်းမကြည့်ဘဲ ဆက်မောင်းသွားတယ်လို့လည်း ပြောဆိုနေကြပါတယ်။ 

19 mins Ago

May 5, 2023

YFA စက်ရုံကို အလုပ်သမား တရားစွဲဆိုမှု တိုင်းရုံးတွင် စေ့စပ်ညှိနှိုင်းမည်

YFA စက်ရုံပိုင်ရှင်ကို အလုပ်သမားက တရားစွဲဆိုမှုနဲ့ပတ်သက်လို့ ရန်ကုန်တိုင်း တရားလွှတ်တော်မှာ စေ့စပ်ညှိနှိုင်းသွားဖို့ရှိတယ်လို့ အလုပ်သမားဘက်က လိုက်ပါကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) က ထုတ်ပြန်ပါတယ်။

ဒီနေ့ရုံးချိန်းမှာ တရားသူကြီးက တရားစွဲဆိုမှုမှာ ငွေရလိုမှု ပါနေတဲ့အတွက် တိုင်းရုံးမှာ စေ့စပ်ညှိနှိုင်းမှုလုပ်ဖို့ ညွှန်ကြားလိုက်တာလို့ ဆိုပါတယ်။

STUM မှ တာဝန်ရှိသူတဦးက “စေ့စပ်ညှိနှိုင်းရေးကို တိုင်းအဆင့်ကပဲ လုပ်လို့ရတယ်ဆိုပြီး တရားသူကြီးကပြောလို့ အဲဒီမှာ နှစ်ဖက် သွားညှိရမယ်။ အဲဒီမှာ အဆင်ပြေရင်တော့ ပြီးပြတ်မှာပေါ့။ ညှိနှိုင်းမှု အဆင်မပြေဘူးဆိုရင် ဆက်ပြီး တရားရင်ဆိုင်လို့ရတယ်ပြောတယ်” လို့ ပြောပါတယ်။

အဲဒီတရားစွဲဆိုမှုက တရားမမှုဖြစ်တဲ့အတွက် နှစ်နဲ့ချီ တရားရင်ဆိုင်ရမှာဖြစ်ပြီး နှစ်ဖက်နစ်နာမှုတွေ ရှိနိုင်တာကြောင့် စေ့စပ်ညှိနှိုင်းတဲ့အဆင့်မှာ အဆင်ပြေဖို့ မျှော်လင့်တယ်လို့လည်း သူကဆိုပါတယ်။

စေ့စပ်ညှိနှိုင်းမှုကို မေလ ၁၉ ရက်နေ့ ပြုလုပ်ရမှာဖြစ်ပြီး တရားရုံးကိုတော့ မေ ၂၀ ရက်မှာ ပြန်လည်သွားရောက်ပြီး ညှိနှိုင်းမှုအခြေအနေ ပြန်အသိပေးရမယ်လို့ သိရပါတယ်။

ဒီနေ့ရုံးချိန်းမှာ စက်ရုံပိုင်ရှင်ကိုယ်တိုင် လာရောက်ခြင်းမရှိဘဲ မန်နေဂျာဖြစ်သူက ကိုယ်စားလှယ်လွှဲစာနဲ့ အမှုကို လာရောက်ရင်ဆိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အရင်ရုံးချိန်း ၅ ကြိမ်အထိ စက်ရုံဘက်က တရားရင်ဆိုင်တာမရှိဘဲ အခုမှ လာရောက်ရင်ဆိုင်တာလည်း ဖြစ်ပါတယ်။

YFA စက်ရုံက အလုပ်သမားဖြစ်သူ မအိပိုပိုလှိုင်ကို အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ပါ အချက်နဲ့ ကိုက်ညီမှုမရှိဘဲ အလုပ်ထုတ်ခဲ့တာနဲ့ပတ်သက်လို့ ရွှေပြည်သာမြို့နယ် တရားရုံးမှာ ဒီနှစ်ဆန်းပိုင်းက တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

3 days Ago
Up