စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။
ဧပြီ ၄ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ (င) နဲ့ ပုဒ်မ ၇၂ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီးတော့ ပြည်ထောင်စုအစိုးရအဖွဲ့ သဘောတူညီချက်နဲ့ ဒီအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်နေတဲ့ နိုင်ငံရေးပါတီတွေကို ဆက်လက် မရပ်တည်နိုင်စေဖို့ ရည်ရွယ်ကာ မတရားတဲ့ အမိန့်နဲ့ ဥပဒေတွေ ထုတ်ပြန်ဆောင်ရွက်တာ၊ တိုင်းရင်းသားပြည်သူအများစုက လုံးဝလက်ခံ သဘောတူခြင်းမရှိတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို တည်မြဲစေဖို့ ဆောင်ရွက်တာ၊ အကြမ်းဖက်စစ်အာဏာရှင်နဲ့ သူတို့ကို ထောက်ခံတဲ့ လက်တဆုပ်စာ နိုင်ငံရေးပါတီတချို့ကို တရားမဝင် ဖြတ်လမ်းနည်းနဲ့ အာဏာရရှိစေဖို့အတွက် နည်းလမ်းမျိုးစုံ အသုံးပြု ဆောင်ရွက်နေတာ၊ အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်မှု လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်တာတွေကို လုပ်ဆောင်ခဲ့ကြောင်း တွေ့ရတယ်လို့ ဆိုပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေဟာ အများပြည်သူအတွင်း ထိတ်လန့်မှုတွေကို ဖြစ်ပေါ်စေဖို့၊ ပြည်တွင်း တရားဝင် နိုင်ငံရေး အဖွဲ့အစည်းတွေကို ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေကို အတင်းအကြပ်ပြုလုပ်စေဖို့နဲ့ ဥပဒေနဲ့အညီ ပြုလုပ်ရမှာကို မပြုလုပ်ဘဲ ရှောင်ရှားစေဖို့ ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တာဖြစ်လို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ် (၁၃) နဲ့ ပုဒ်မ ခွဲငယ်(၁၆) တို့မှာ ဖော်ပြထားတဲ့ အကြမ်းဖက်မှုတွကို ကျူးလွန်ကြောင်း စိစစ်တွေ့ ရှိရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့ပေမဲ့ စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီးနောက် မဲစာရင်းမှားတယ်လို့ အကြောင်းပြပြီး စစ်တပ်က တရားမဝင် အာဏာသိမ်းလိုက်တာဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ် အဆုံးသတ်သွားခဲ့ပြီး မြန်မာနိုင်ငံအနှံ့အပြားမှာ သန်းနဲ့ချီတဲ့ ပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်တဲ့အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာမှာ စစ်တပ်က အကြမ်းဖက် ပစ်ခတ်သတ်ဖြတ် နှိမ်နင်းခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တော်လှန်ရေးအင်အားစုတွေက ခုတခါ အကြမ်းဖက် စစ်အုပ်စုက တဖက်သတ်ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကိုလည်း ပြည်သူတရပ်လုံး ဆန့်ကျင်တိုက်ဖျက်ဖို့ တိုက်တွန်းထားပြီး ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လူဦရေးစာရင်း ကောက်ယူမှုနဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့နဲ့ ခြိမ်းခြောက်မှုတွေရှိပါက သတင်းပေးပို့ တိုင်ကြားဖို့ တောင်းဆိုထားပါတယ်။
စစ်ကောင်စီကတော့ နိုင်ငံတဝန်းက လူဦးရေစာရင်းတွေကို eID ကွန်ပျူတာဒေတာစနစ်နဲ့ ကောက်ယူနေသလို တဖက်မှာလည်း မမှန်ဝါဒဖြန့် ရုပ်သံသတင်းမီဒီယာတွေဖြစ်တဲ့ မြန်မာ့အသံနဲ့ မြဝတီ ရုပ်မြင်သံကြားတို့ကတဆင့် (E-voting) အီလက်ထရွန်းနစ်နည်းနဲ့ မဲပေးတဲ့စနစ်ကို ပြည်သူလူထုသိအောင် ထုတ်လွှင့်ရှင်းလင်းနေတာကို တွေ့ရပါတယ်။
နိုင်ငံတကာပဋိပက္ခလေ့လာစောင့်ကြည့်အဖွဲ့ (ICG) ကတော့ စစ်ကောင်စီကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့သမိုင်းမှာ သွေးထွက်သံယိုမှု အများဆုံးရွေးကောက်ပွဲဖြစ်လာနိုင်ပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ဒီရွေးကောက်ပွဲကို လက်မခံ တရားမဝင်ကြောင်း လူသိရှင်ကြားကြေညာဖို့နဲ့ ရွေးကောက်ပွဲ မကျင်းပရေး တားမြစ်ဖို့ တိုက်တွန်းထားပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ အင်အားအကြီးဆုံး တိုင်းရင်းသားပါတီဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီတို့ကတော့ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကိုရော၊ ရွေးကောက်ပွဲကော်မရှင်ကိုပါ အသိအမှတ်မပြုသလို ပါတီကို ပြန်ပြီး မှတ်ပုံတင်ခြင်းလည်း မရှိပါဘူး။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ စစ်ကောင်စီကကျင်းပဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာနဲ့ ဖုန်းတွေဆီ SMS ပေးပို့ပြီး ဆန့်ကျင်တဲ့ ကမ်ပိန်းတွေကို ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနဲ့ လူငယ်များအစည်းအရုံးက ပြုလုပ်နေတယ်လို့ သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။
အဲဒီကမ်ပိန်းကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရခိုင်ပြည်နယ်ကို ရောက်ရှိနေစဉ် ဧပြီ ၁ ရက်က ဖုန်းမက်ဆေ့ချ်နဲ့ ရခိုင်ပြည်သူတွေရဲ့ ဖုန်းတွေကို ပေးပို့ခဲ့သလို ဧပြီ ၂ ရက်မှာ လက်ကမ်းစာစောင်တွေ ဖြန့်ဝေပြီး စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ကမ်ပိန်းပြုလုပ်နေတာ ဖြစ်ပါတယ်။
အဲဒီလက်ကမ်းစာစောင်တွေကို စစ်တွေမြို့ရဲ့ ကမ်းနားလမ်း၊ လူစည်ကားတဲ့ လမ်းခွဆုံတွေနဲ့ ကားဂိတ်တွေမှာ အဓိက လုပ်ဆောင်ထားတာဖြစ်တယ်လို့ စစ်တွေမြို့ခံတဦးက ပြောပါတယ်။
“ကျနော်တို့က မနက်တိုင်း စစ်တွေကမ်းနားလမ်းအတိုင်း လမ်းလျှောာက်ထွက်ရှိတယ်။ မနက်က စာရွက်တွေကပ်ထားတာတွေ မြင်လို့ ဖတ်ကြည့်တော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ပြုလုပ်ထားတဲ့ ကမ်ပိန်းဖြစ်တယ်။ အဓိကတော့ စစ်ကျွန်သက်တမ်းမရှည်ဖို့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်စို့ ဆိုပြီး ခေါင်းစီးနဲ့ ရေးသားထားတာဖြစ်တယ်။ ကမ်းနားလမ်းကို လမ်းလျေှာက်ထွက်သူတိုင်းတော့ စိတ်ဝင်တစား ဖတ်ရှုကြတာတော့ ရှိကြတယ်။ တခြား လူစည်ကားတဲ့ လမ်းခွတွေ ကားဂိတ်တွေမှာလည်း အဲဒီလို လက်ကမ်းစာစောင်တွေ ပြုလုပ်ထားကြတယ်လို့ သိရတယ်။”
ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနဲ့ လူငယ်များအစည်းအရုံး ကမ်ပိန်းစာစောင်တွေမှာ အာဏာရှင်တွေ ပြည်သူ့သဘောထားမပါဘဲ ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ ကျင်းပတဲ့ ရွေးကောက်ပွဲကို ပြည်နယ်အခြေစိုက် ပါတီတွေအနေနဲ့ ရာနှုန်းပြည့် အနိုင်ရရှိရင်လည်း ပြည်နယ်အစိုးရ ဖြစ်လာစရာ အကြောင်းမရှိဘူးလို့ ရေးသားထားပါတယ်။
ရခိုင်လူမျိုးတွေရဲ့ လိုလားချက်မှာ အမျိုးသားတန်းတူရေးနဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ဖြစ်ပြီး ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ရခိုင်ပါတီတွေဟာ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ကြပေမဲ့ အဲဒီအနိုင်ရလဒ်တွေက “ကိုယ်ပိုင်အုပ်ချုပ်ခွင့် အဆင့်” ကိုတောင် မဖော်ဆောင်နိုင်ခဲ့သလို ရခိုင်ပြည်သူတွေရဲ့ ဂုဏ်သိက္ခာ၊ အကျိုးစီးပွားနဲ့ အသက်အိုးအိမ်ကိုပင် အကာအကွယ် မပေးနိုင်ခဲ့ဘူးလို့ ဆိုထားပါတယ်။
ဒါ့အပြင် မြန်မာစစ်အာဏာရှင် အဆက်ဆက်တွေဟာ နိုင်ငံရေးအရ အကူးအပြောင်းတွေမှာ ရခိုင်နဲ့ မွတ်စလင် လူ့အဖွဲ့အစည်း နှစ်ခုစလုံးကို နိုင်ငံရေးအရ အမြတ်ထုတ် အသုံးချပြီး လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေကို ဖန်တီးကာ သူတို့ရဲ့ အာဏာတည်တံ့ရေးအတွက် သွေးခွဲအုပ်ချုပ်ခဲ့တာကို ရခိုင်ပြည်သူနဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ အထူးသတိပြုသင့်တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒါကြောင့် စစ်ကောင်စီကပြုလုပ်မယ့် ၂၀၂၃ ရွေးကောက်ပွဲဟာ တနိုင်ငံလုံး စစ်ကျွန်ဘဝ ပြန်လည်ရောက်ရှိအောင် ပြင်ဆင်တာဖြစ်ပြီး ရခိုင်လူမျိုးတွေရဲ့ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်မှာ မဟုတ်သလို အာဏာရှင်တွေ ကြိုးဆွဲတဲ့ “နိုင်ငံရေး ရုပ်သေးပွဲ” မှာ ဝင်ရောက် အသုံးတော်မခံကြဘဲ “သစ်လွင်တောက်ပသော အနာဂတ် ရခိုင်ပြည်သစ် တည်ဆောက်ရေးကို ရှေ့ရှုကြရန် ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ရခိုင်ပြည်နယ်ကို ရောက်ရှိနေစဉ်အတွင်း ဆန့်ကျင်မှုတွေ ပြုလုပ်ခဲ့တာကြောင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ၊ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့တွေ အပါအဝင် စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းတွေက အဲဒီစာရွက်တွေကို လိုက်လံသိမ်းဆည်းနေပြီး လှုပ်ရှားမူကို ပြုလုပ်နေတဲ့ ဦးဆောင်သူတွေကိုလည်း လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ ရွေးကော်ပွဲကော်မရှင်ထံ ရခိုင်ပြည်နယ်အခြေစိုက် ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရခိုင်အမျိုးသားအင်အားစုပါတီ (RSNUP) နဲ့ မြိုတိုင်းရင်းသားပါတီတွေက မှတ်ပုံပြန်တင်ထားကြပါတယ်။